Lollipop Chapter 22- Unicode

All chapters are in Lollipop
A+ A-

ဦးစိုင်းတမာန် သူ့ဘေးမှာထိုင်ကာ ကျစ်သတ်နေသူကို ကြည့်ရင်း သက်ပြင်းချမိသည်။ သူတို့နှစ်ယောက်ဟာ မဖြစ်နိုင်တော့တာ သေချာနေခဲ့ပြီးပြီဖြစ်သည်။

“မင်းသိလား ငါတို့နှစ်ယောက်ရဲ့ အချစ်က အချိန်မှားပြီး ပေါက်ဖွားလာမိခဲ့ရုံတင်၊ အချစ်တွေစစ်ခဲ့ကြလည်း လူရွေးတွေမှန်ခဲ့ကြလည်း လူတွေလက်မခံနိုင်တဲ့အချိန် လူတွေလက်မခံနိုင်တဲ့နေရာမှာ လူတွေလက်မခံနိုင်တဲ့ အချစ်ကို ဖန်တီးခဲ့မိကြတာ”

ဦးလှမျိုးမြင့်ကတော့ တိတ်ဆိတ်စွာနားထောင်နေဆဲပင်။ မှန်နေသည့်စကားများမို့ သူလည်း မငြင်းသာ။

“ငါ့အမျိုးသမီးကလေ ငါ့ကို အခြောက်လို့သတ်မှတ်ပြီး သူကိုယ်တိုင်မွေးခဲ့တဲ့ သူ့သားကိုတောင် ပစ်ပစ်ခါခါဖြစ်နေခဲ့တာ၊ ငါနဲ့တူလို့ဆိုပြီး ငါ့ကိုမသတီလို့ဆိုပြီး အရွှဲ့တိုက်ခဲ့တာ၊ ငါ့ကြောင့် ငါ့သား မိခင်မေတ္တာဆိုတာတောင် ဘာမှမသိခဲ့ရတာ”

တစ်ဖက်လူဆွံ့အသွားအောင်ပြောနိုင်ရက်သူကြောင့် ဦးလှမျိုးမြင့်သည် စိတ်မကောင်းကြီးစွာဖြင့် ငေးနေရုံသာ တတ်နိုင်သည်။

“ငါမင်းကို ရွေးချယ်ခဲ့ပါတယ်၊ ပထမအကြိမ် တက္ကသိုလ်၀င်းထဲက ညောင်ပင်အောက်မှာ ငါကမင်းအပိုင်ဖြစ်နေဖို့ ရွေးချယ်ခဲ့တယ်”

အချိန်တွေဘယ်လောက်ပဲကြာကြာ ပြန်တွေးလိုက်တိုင်း ပြုံးရိပ်သမ်းစေမိသော အမှတ်တရများဖြစ်သည်။ ထိုအချိန်များတွင် သူရော၊ လှမျိုးမြင့်ရော ပျော်ရွှင်နေခဲ့ကြသည်သာ ဖြစ်သည်။

“ဒါပေမဲ့ လက်မခံနိုင်ကြတဲ့ ပတ်၀န်းကျင်ကြောင့် မင်းရောငါရောအရှက်ရခဲ့ရတယ် မင်းမိဘတွေကြောင့် ငါ့မိသားစုရော ငါရော သူများတံတွေးခွက်မှာပက်လက်မြောခဲ့ရတာ”

“ကိုယ်တောင်းပန်ပါတယ်”

တုန်ယင်နေတဲ့အသံနဲ့ ဦးလှမျိုးမြင့်ကပြောတော့ ဦးစိုင်းတမာန်က အရည်လဲ့နေတဲ့ မျက်၀န်းတွေကြားက ဖွဖွပြုံးသည်။ 

“ငါတို့ အိမ်ထောင်ကိုယ်စီကျပြီး ကလေးတွေရလာတဲ့အထိ အဆက်အသွယ်မပြတ်ခဲ့ကြဘူး၊ မင်းက မုဆိုးဖိုဖြစ်ကျန်ခဲ့ပြီး ငါကတစ်ခုလပ်၊ ငါမင်းကိုနောက်တစ်ကြိမ်ရွေးချယ်ခဲ့တယ် ငါတို့ငယ်ကြသေးတာပဲ မင်းမိဘတွေလည်းမရှိကြတော့ဘူး၊ မင်းအစ်မရဲ့စကားတွေက ငါ့ကိုရော ငါ့သားကိုရော”

ဦးစိုင်းတမာန်ရဲ့အသံက သိသိသာသာကို တုန်ယင်လာသည်။

“ကိုယ်တောင်းပန်ပါတယ် မာန်ရယ်”

အက်ကွဲနေသည့်အသံကြောင့် ဦးစိုင်းတမာန် သူ့ဘေးကလူကို တစ်ချက်လှည့်ကြည့်လိုက်သည်။ ထိုသူလည်း သူ့လိုပဲ မျက်၀န်းမှာ မျက်ရည်တွေနှင့်ဖြစ်သည်။

“မင်းကတော့ လက်ခံနိုင်တဲ့အသိုင်းအ၀ိုင်းကို ရောက်သွားပြီ ငါကတော့ ဒီပတ်၀န်းကျင်မှာ ငါ့သား မျက်နှာမငယ်ဖို့အတွက်ရုန်းကန်ခဲ့ရတယ် ငါ့သားက ငါ့ကြောင့် သူခင်တွယ်တဲ့ နောက်တစ်ယောက်ကို ဆုံးရှုံးလိုက်ရပြန်တယ် ဘုန်းပြည့်အာဏာဆိုတဲ့ကလေး”

“သူတို့ပြန်တွေ့ကြပြီမို့လား”

“ဘုန်းပြည့်ကလည်း မမှတ်မိသလို စိုင်းမာန်ကလည်း မမှတ်မိဘူး၊ အဟင်း ဘုန်းပြည့်က စိုင်းမာန်ကို ဘယ်တုန်းကမှမသိခဲ့သလိုပုံစံနဲ့”

“မာန် ကိုယ်တောင်းပန်ပါတယ် ကိုယ်မင်းကိုမကာကွယ်နိုင်ခဲ့ဘူး မင်းက ကိုယ့်ကို သတ္တိရှိရှိနဲ့ နောက်တစ်ကြိမ်ပြန်ရွေးချယ်ခဲ့ပေမဲ့ ကိုယ်ကတော့ မင်းကိုမကာကွယ်ပေးနိုင်ခဲ့ဘူး”

“အင်း ငါနားလည်ပါတယ်”

ဦးစိုင်းတမာန်က အ၀ေးကိုငေးရင်းနှင့်ပဲ ဆွေးဆွေးမြေ့မြေ့ပြောလိုက်သည်။

“မာန်”

“ငါတို့က မဖြစ်နိုင်တော့ဘူး မောင်”

ဦးစိုင်းတမာန်ရဲ့ မောင်လို့ခေါ်သံအဆုံးတွင် ဦးလှမျိုးမြင့်၏ ရင်ခွင်ထဲဆွဲသွင်းခြင်းကိုခံလိုက်ရသည်။ အချိန်အတော်ကြာခဲ့ပြီဖြစ်တဲ့ ပွေ့ဖက်ခြင်းက နှစ်ယောက်လုံးရဲ့ မျက်ရည်တွေကို သွန်ချဖို့လုံလောက်ခဲ့သည်။

“မောင် မင်းကို သိပ်ချစ်တာ မာန်”

အက်ရှနေသည့်အသံတွင် မြတ်နိုးမှု့များစွာပါ၀င်နေသလို၊ လွမ်းဆွတ်မှု့များလည်း ပါ၀င်နေသည်။

“ငါလည်း ချစ်ပါတယ် ဒါပေမဲ့ မဖြစ်နိုင်တာကတော့ မဖြစ်နိုင်တော့တာပဲ ငါတို့ ဒီတိုင်းလေးပဲ ဆက်နေသွားကြရအောင် မောင့်ဘ၀နဲ့ မောင် ငါ့ဘ၀နဲ့ ဘ၀”

“မောင်လို့ပဲ ဆက်ခေါ်နေပေးနိုင်မလား?”

“ဒါနောက်ဆုံးဖြစ်လိမ့်မယ်ထင်တယ် ငါမင်းကိုသိပ်ချစ်တာပါ မောင်”

__________________________________________________________________

စိုင်းမာန်သစ် ပေါင်မုန့်၀ယ်ပြန်လာတော့ ဘုန်းပြည့်အာဏာက အိပ်ခန်းထဲမှာ ပြန်အိပ်နေပြီဖြစ်သည်။ ကုတင်ပေါ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ဘုန်းပြည့်အာဏာကို မြင်မှပဲ စိုင်းမာန်သစ် သက်ပြင်းချနိုင်သည်။

ဘယ်လိုပြန်မျက်နှာချင်းဆိုင်ရမှန်းမသိတာကြောင့် မုန့်ဆိုင်ရှိတဲ့ ဆယ့်ခုနှစ်လွှာကနေ ဒီအလွှာငါးဆယ်ကို သူ ဓာတ်လှေကားစီးနေတာ ခုနှစ်ခါတိတိ။ တကယ်လေ ဘုန်းပြည့်အာဏာနဲ့ မတွေ့ခင်တိုင်းမှာ သူက အများကြီးပြင်ဆင်ခဲ့ရပေမဲ့ တကယ်တွေ့ကြပြီဆို ဘာမှမလုပ်လိုက်ရတာမျိုး။

ကော်ဖီဖျော်ပေးဖို့ ထမင်းစားခန်းထဲကို ၀င်လိုက်ပြီး ရေနွေးအိုးကို တည်လိုက်ကာ ကော်ဖီထုပ်လိုက်ရှာနေရသေးသည်။ ဘုန်းပြည့်အာဏာက နှပ်ကော်ဖီကိုသာသောက်တတ်တာမို့ ရေစစ်အသေးလေးရယ်၊ ကော်ဖီချင့်ခွက်ကလေးတွေရယ်က အသင့်ရှိသည်။

စိုင်းမာန်သစ် အသည်းယားစွာ ရေစစ်ဖြူဖြူသေးသေးလေးကို လက်ညှိုးမှာလှည့်ကာ ဆော့နေမိသည်။ ရေနွေးအိုးတက်သံကြားမှ အသာအယာချထားခဲ့ပြီး ပလပ်သွားဖြုတ်သည်။

စိုင်းမာန်သစ် ရေနွေးအိုးတည်ရင်း မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေတုန်း ဘုန်းပြည့်အာဏာ နိုးနေပြီဖြစ်သည်။ 

*And when the lights start flashing like a photo booth

And the stars exploding We’ll be fireproof

My youth..My youth is yoursTripping on skies, sipping waterfalls

အိပ်ယာဘေးက စားပွဲမှာ တင်ထားခဲ့တဲ့ စိုင်းမာန်သစ် ဖုန်းက ထမြည်လာတာမို့ ဘုန်းပြည့်အာဏာ ထထိုင်ကာ လှမ်းကြည့်လိုက်သည်။ ထိုနံပါတ်က သူမှတ်မိနေသည့်အတိုင်းအမှန်သာဆို သျှင်ရဲအာဏာရဲ့ ဖုန်းနံပါတ်ပင်။ ဘုန်းပြည့်အာဏာ ခုတင်ပေါ်ကနေ ခြေဆင်းလိုက်ပြီး ဖုန်းကိုလှမ်းယူလိုက်သည်။

“Hallo!”

“Hello”

စိုင်းမာန်သစ်ရဲ့ ချိုမြမြအသံမဟုတ်ဘဲ အေးစက်နေတဲ့အသံဖြစ်တာကြောင့် သျှင်ရဲအာဏာမျက်ခုံးတွေတန်းသွားရသည်။ ဒီအသံက သူထင်တဲ့အတိုင်းအမှန်သာဆို ဘုန်းပြည့်အာဏာရဲ့ အသံပင်။

“အသစ်ကလေးက ကုမ္ပဏီမှာပဲ ဖုန်းကျန်ခဲ့တာလား?”

အသစ်ကလေး၊ ဘယ်လောက်တောင်ရဲတင်းလိုက်သလဲ။ စိတ်ထဲက အလိုမကျသည့်အပြင် ထောင်းကနဲ့ဖြစ်သွားသည်။

“မဟုတ်ဘူး”

“ဟ! ဒါဆိုမင်းက ငါ့ကလေးလေးကို ခုထိအလုပ်မဆင်းခိုင်းသေးတာလား?”

“မခေါ်နဲ့”

“ဟင်”

“ငါ့အတွင်းရေးမှူးကို အသစ်ကလေးလို့လည်းမခေါ်နဲ့ ကလေးလေးလို့လည်းမခေါ်နဲ့”

“မင်းနဲ့ဆိုင်လို့လား?”

“သျှင်ရဲအာဏာ!”

“ငါက ဘယ်ချိန်ထိ မင်းအရိပ်အောက်မှာနေနေရဦးမှာလဲ? အသစ်ကို အသစ်လို့ ဘာလို့ခေါ်ပိုင်ခွင့်မရှိရမှာလဲ? မင်းအပိုင်လည်းမဟုတ်ဘူး ဘုန်းပြည့်အာဏာ မင်းအပိုင်ဖြစ်အောင်လည်း မင်းကြိုးစားမှာမဟုတ်ဘူး ငါကတော့ သူ့ကို ငါ့အပိုင်ဖြစ်အောင်လုပ်မှာ မင်းနဲ့ငါက အကြိုက်တူတတ်လွန်းလို့ ကြိုပြောထားတာ ငါ သူ့ကို သဘောကျတယ်”

ထိုစကားလုံးတွေက ဘုန်းပြည့်အာဏာကို အတော်လေးတိတ်ဆိတ်သွားစေပါသည်။ ငယ်ငယ်လေးကတည်းက သူ့အပိုင်လို့သတ်မှတ်ထားတာတွေက သူ့အပိုင်မဟုတ်ခဲ့သည်ကိုသတိရလိုက်သည်။ ငယ်လေးအပါအ၀င်ပင်ဖြစ်သည်။ စဥ်းစားမိလိုက်တော့ သူကလည်း အပိုင်ဖြစ်အောင် မကြိုးစားမိခဲ့ဘူးဖြစ်သည်။

အပိုင်လို့ ယုံကြည်ခဲ့တာ။ သူ့အပိုင်လို့ သတ်မှတ်ခဲ့ရုံသာ။

“နားထောင်နေလား ဘုန်းပြည့်အာဏာ”

ဘုန်းပြည့်အာဏာ အားမရစွာ ဘာမှပြန်မဖြေဘဲ ဖုန်းကို တိကနဲ့ချပစ်လိုက်သည်။ ထို့နောက် ခြေလှမ်းတွေက ပြန်မလာသေးတဲ့ စိုင်းမာန်သစ်ကိုလိုက်ရှာဖို့ပြင်လိုက်သည်။ သူအတန်ကြာအောင်ပင် မရှာလိုက်ရ။ ထမင်းစားခန်းထဲက လှုပ်လှုပ်ရှားရှားပုံရိပ်တွေကြောင့် ၀င်သွားမိသည်။ သူတောင်မသိလိုက်ပါဘဲ၊ အကြောင်းအရင်းတောင် မရှာတတ်ပါဘဲ ခြေလှမ်းတွေက လိုတာထက်ပို လျင်မြန်နေခဲ့သည်။

“အာ့ သေပါပြီ”

ရုတ်တရတ် သူ့အနားကို ရောက်လာတဲ့ ဘုန်းပြည့်အာဏာကြောင့် စိုင်းမာန်သစ်မှာ ကော်ဖီထဲထည့်နေတဲ့ ရေနွေးက လက်ပေါ်ကို ကျမိသည်။

“ဟာကွာ ဒီကို မြန်မြန်လာ”

လက်ကို အတင်းဆွဲခေါ်သွားကာ ဘေစင်ထဲကို လက်ချပြီး ရေခဲသတ္တာထဲက ရေခဲရေကို အပေါ်ကနေလောင်းချပေးသည်။ စိုင်းမာန်သစ်မှာ ထိုအရာတွေကို ဇာတ်ကားထဲကလို အနှေးကွက်နဲ့ ရင်ခုန်ဖို့လည်း မအား။ လက်က သေလောက်အောင်ပူနေတာမို့ နီရဲနေသည့်သူ့လက်ကိုကြည့်ရင်း မျက်ရည်ပင်၀ိုင်းမိသည်။ ဘုန်းပြည့်အာဏာ ရေခဲရေနဲ့လောင်းချပေးမှ ပူတာက အတော်သက်သာသွားသည်။

“လုပ်လိုက်ရင် အရာအရာနဲ့ အကြောင်းကြောင်းနဲ့ မင်းကတော့”

လက်နုနုကိုကြည့်ကာ ကျစ်သတ်ရင်း ဘုန်းပြည့်အာဏာပြောလိုက်သည်။ လက်မပေါ်ကို လောင်းမိသွားတာမို့ နဂိုအသားဖြူတဲ့ စိုင်းမာန်သစ်ရဲ့  ပန်းနုရောင်လက်သည်းထက်ပင် နီရဲနေသေးသည်။

“ကြည့်ဦး ကော်ဖီလေးဖျော်သောက်တာကို ဖြစ်နေတာ ဒါလည်း ကြောင်ရပ်နေသေးတာ အမာရွတ်ထင်ရင်ဘယ်လိုလုပ်မလဲ?”

“ခင်ဗျားအတွက် ဖျော်နေတာဗျ အပူလောင်လို့ နာရတဲ့ကြားထဲ ခင်ဗျားက တစ်မှောင့်”

စိုင်းမာန်သစ်က ကြိုက်သာကြိုက်တာ ဒါမျိုးတော့ လာမလုပ်နဲ့။ သူက ဘယ်သူသောက်ဖို့ ကော်ဖီဖျော်နေရတာမို့လဲ။ အလုပ်လာတော့ ဘယ်သူ့ကြောင့်မို့ နေကောင်းခါစကို အိမ်မပြန်ရဘဲ ပါးကိုအနမ်းခံလိုက်ရတာ ဘယ်သူကြောင့်လဲ။

အကုန် “ဘုန်းပြည့်အာဏာ” ဆိုတဲ့ လူကြောင့်လေ။

“ငါ့အတွက်ဆို မဖျော်တော့နဲ့”

“ကျွန်တော်မဖျော်တော့ ခင်ဗျားက ဘာသွားသောက်မှာလဲ?”

ပြောကာ ရေနွေးအိုးကို ပြန်ကိုင်နေသူကြောင့် ဘုန်းပြည့်အာဏာ ဟန့်တားလိုက်ပြီး ရေနွေးအိုးကို လုယူလိုက်သည်။ 

“ဘာလုပ်တာလဲ ကော်ဖီဖျော်မလို့ပါဆို”

“ငါကော်ဖီတော့ ဖျော်နိုင်တယ် သွား လက်ကို ဆေးသွားလိမ်းထား”

“ပြီးတာပဲ”

ပြောကာ ထမင်းစားခန်းထဲကနေ လှစ်ကနဲ့မြည်အောင်ထွက်သွားသူက စိုင်းမာန်သစ်ပင်ဖြစ်သည်။ ပြောရမယ်ဆိုရင် မီးဖိုချောင်အလုပ်နဲ့ စိုင်းမာန်သစ်နဲ့က မတည့်တဲ့အရာ။ ဒါကို ဘုန်းပြည့်အာဏာကြောင့် ရေနွေးအိုးက တည်လိုက်ရသေးသည်။ 

“ဟို ဘာဆေးလိမ်းရမှာတုန်းဟင်”

ထမင်းစားခန်းတံခါးမှာ ခေါင်းပြူပြီးမေးလာသူကြောင့် ဘုန်းပြည့်အာဏာပင် ကြောင်သွားရသည်။

“ရေချိုးခန်းထဲက သွားတိုက်ဆေးယူလိမ်း”

“အိုကေ”

စိုင်းမာန်သစ် ရေချိုးခန်းထဲကနေသွားတိုက်ဆေးလိမ်းပြီး ထွက်လာတော့ ဘုန်းပြည့်အာဏာက ကော်ဖီဖျော်ပြီး အခန်းထဲကိုရောက်နေပြီဖြစ်သည်။

“ဒီမှာ ပေါင်မုန့်၊ စားမကောင်းဘူးလို့တော့ မပြောနဲ့၊ ဥက္ကဌ ကုမ္ပဏီက ထုတ်ကုန်ပဲ ဟီး”

သွားအဖြဲသားနဲ့ ပြောပြနေသူက တကယ်အသည်းယားစရာအတိ။ ဘုန်းပြည့်အာဏာ နေမကောင်းလို့သာ သည်းခံနေတာဖြစ်သည်။ မဟုတ်ရင် အလုပ်ပါထုတ်ပစ်ဦးမည်။

“ရော့ စားပြီးရင် ဆေးသောက်ရမယ်၊ ဒီည ကျွန်တော်နေပေးရဦးမလား?”

စိုင်းမာန်သစ်အမေးကြောင့် ဘုန်းပြည့်အာဏာ ပါးစပ်နားတေ့နေတဲ့ ကော်ဖီခွက်ကို ရပ်တန့်သွားမိသည်။ သူအမှန်တိုင်းပြောရရင် တစ်ယောက်တည်းမနေချင်။ တကယ်မနေချင်တာဖြစ်သည်။ အခုလိုနေမကောင်းတဲ့အချိန်ဆို ပိုဆိုးသေးသည်။

သို့သော် စိုင်းမာန်သစ်ကို နေပေးပါလို့ တောင်းဆိုဖို့ကလည်း မဖြစ်နိုင်။

“ဥက္ကဌတစ်ယောက်တည်း အဆင်ပြေလား?”

ကော်ဖီခွက်ကို တေ့ထားလျက်ကနေပဲ ဘုန်းပြည့်အာဏာ တိုးလျစွာဖြေလိုက်သည်။

“မပြေဘူး”

“ဟင်”

“ကိုယ် တစ်ယောက်တည်းဆို အဆင်ပြေမှာမဟုတ်ဘူး”

တစ်စုံတစ်ယောက်ကို လိုအပ်နေပါတယ်လို့ ပထမဆုံးဖွင့်ဟပြောဆိုခြင်းမည်ပါသည်။

_______________________________________________________________________

ဘုန်းပြည့်အာဏာက အိပ်ပျော်နေပြီဖြစ်သော်လည်း စိုင်းမာန်သစ်ကတော့ မျက်စိကြောင်နေဆဲ။ မျက်စိကြောင်နေဆဲဆိုတာထက် ဘုန်းပြည့်အာဏာ မသက်သာမှာကို စိုးရိမ်သည်က ပိုပါလိမ့်မည်။

“အင်းဟင်း”

ဘေးတစ်ဖက်က ညည်းသံကြောင့် စိုင်းမာန်သစ်အလန့်တကြား ထကြည့်မိတော့ ဘုန်းပြည့်အာဏာက အဖျားတက်ကာ ညည်းနေခြင်းဖြစ်သည်။ နှဖူးကို စမ်းကြည့်တော့လည်း ပူကျစ်နေသည်။

ဆေးသောက်ရက်သားနဲ့ အဖျားတက်နေသူကြောင့် ခေါင်းနားပန်တွေပင်ကြီးလာရသည်။ 

“အသစ် အသစ် ကိုကို့ဆီလာပါဦး”

စိုင်းမာန်သစ် နားနဲ့ဆတ်ဆတ်ကြားလိုက်ရသော်လည်း မယုံနိုင်အောင်ဖြစ်သွားရသည်။ နဖူးကို စမ်းနေတဲ့လက်ဖ၀ါးတစ်ဖက်ဟာလည်း နောက်ကို ဆတ်ကနဲ့ဆုတ်မိသွားသည်။ ရင်ဘတ်က တင်းကြပ်သွားကာ သူပါ မောဟိုက်လာသလို ခံစားလိုက်ရ၏။

“ကိုကို”

@OliviaThet-Eleanor

_______________________________________________________

Tags: read novel Lollipop Chapter 22- Unicode, novel Lollipop Chapter 22- Unicode, read Lollipop Chapter 22- Unicode online, Lollipop Chapter 22- Unicode chapter, Lollipop Chapter 22- Unicode high quality, Lollipop Chapter 22- Unicode light novel, ,

Comment

Leave a Reply

Chapter 22