Lollipop Chapter 23 – Unicode

All chapters are in Lollipop
A+ A-

“ကိုကို”

မဖြစ်နိုင်သည့် ကိစ္စတစ်ခုကြောင့် စိုင်းမာန်သစ် အတော်ပင် အံ့သြနေရသည်။ အပြုံးတွေနဲ့ သူ့ကို Lollipop ပေးခဲ့ဖူးသည့် အိမ်ဘေးက ကိုကိုသည် ဘုန်းပြည့်အာဏာဟူသည့်အချက်ကို လက်ခံနိုင်ဖို့ အတော်ကြိုးစားနေရသည်။

ပြောင်းလဲသွားတာတွေအများကြီးရှိလျက်နှင့်ဘုန်းပြည့်အာဏာကို မြင်ရင် စိုင်းမာန်သစ် သူ့ကိုကို့ကို သတိရမိတာတော့အမှန်ပင်ဖြစ်သည်။ အကြောင်းအရင်းက ဘုန်းပြည့်အာဏာကလည်း ကိုကိုဖြစ်နေတာကြောင့်မို့လား။

သူ့ကို Lollipop ပုံမှန်၀ယ်ကျွေးတတ်တဲ့၊ သူ့ခေါင်းကို ဖွဖွပုတ်ပေးတတ်တဲ့၊ သူ့အပြုံးတွေကို မြတ်နိုးတဲ့ ကိုကိုက ဘုန်းပြည့်အာဏာတဲ့လား။

“ကိုကို့နာမည် ဘုန်းပြည့်အာဏာ”

၀ေ၀ါးနေတဲ့ မှတ်ဉာဏ်ထဲက အသံက ရုတ်တရတ် နားထဲကိုထိုး၀င်လာသည်။ စိုင်းမာန်သစ်ရဲ့ နှလုံးခုန်နှုန်းက ညနှင့်အတူ တဖြည်းဖြည်းချင်း မြန်လာသည်။ သူဟာ လူနှစ်ယောက်ကိုချစ်မိခဲ့တာမဟုတ်ပါဘဲ လူမှန်းမသိခင်အရွယ်ကပင် တစ်ယောက်တည်းကို နှစ်နှစ်ကာကာ သံယောဇဥ်တကြီး ချစ်ခဲ့မိတာဖြစ်သည်။

________________________________________________________________

ဘုန်းပြည့်အာဏာနိုးလာတော့ အခန်းထဲမှာ စိုင်းမာန်သစ်ရှိမနေ။ စားပွဲပေါ်က ဆေးနဲ့မုန့်ကြောင့် မနက်မှထပြန်သွားသည်ဆိုတာကို သိလိုက်ရသည်။ ဘုန်းပြည့်အာဏာ ဖုန်းထဲကို တန်း၀င်လာတဲ့ မက်ဆေ့ချ်အသံကြောင့် ဖွင့်ကြည့်လိုက်မိရာ စိုင်းမာန်သစ်ဆီက ဖြစ်နေသည်။

*ပေါင်မုန့်က မနေ့ညနေကဟာပဲ၊ စားပြီးဆေးသောက်ဖို့မမေ့နဲ့ ကျွန်တော် ရုံးချိန်ပြန်လာမယ် အဖျားကတော့ ကျနေပြီရယ်

မက်ဆေ့ကဖတ်ရင်းနဲ့ပင် ဘုန်းပြည့်အာဏာ စိုင်းမာန်သစ်ရဲ့ ပူညံပူညံအသံတွေကို ကြားရသလို ခံစားလိုက်ရသည်။ 

“အဟွန်း ကောင်စုတ်လေး”

ဘုန်းပြည့်အာဏာမပီသစွာ ရွတ်ဆိုလိုက်မိတဲ့ စကားလုံးက အခြားသူကြားရင် အံ့သြလို့ဆုံးမည်မဟုတ်။ ဘုန်းပြည့်အာဏာ ဖုန်းကိုချလိုက်ကာ ရေချိုးခန်းထဲကို၀င်သွားလိုက်သည်။ သေချာသည်ကတော့ မုန့်စားပြီးရင် ဆေးသောက်ဖို့ ဘုန်းပြည့်အာဏာမေ့မည်မဟုတ်။

ဘုန်းပြည့်အာဏာ ရေချိုးပြီးထွက်လာတော့ စိုင်းမာန်သစ်က သူ့စားပွဲမှာ အလုပ်ရှုပ်နေပြီဖြစ်သည်။ 

အလုပ်ထဲမှာ အာရုံစိုက်နေရင် စိုင်းမာန်သစ်က ချစ်စရာကောင်လေးမဟုတ်ဘဲ အားကိုးချင်စရာကောင်ကလေးအဖြစ်ပြောင်းလဲသွားပြန်သည်။ စိုင်းမာန်သစ်က ဘယ်ရှု့ထောင့်ကနေ ကြည့်ကြည့် သဘောကျချင်စရာကောင်းနေတာမျိုး။

သူ၀င်လာတာကို တစ်ချက်မော့ကြည့်ပြီး ပြန်ငုံ့သွားတဲ့ စိုင်းမာန်သစ်ကြောင့် ဘုန်းပြည့်အာဏာအလိုမကျဖြစ်သွားရသည်။ မနေ့ကအကြည့်တွေနဲ့ လားလားမှမတူတဲ့ မျက်၀န်းသေတွေကြောင့် ရင်ဘတ်က ဆစ်ကနဲ့ အောင့်မိသလိုလို။

စိုင်းမာန်သစ် ပုံစံအမျိုးမျိုးပြောင်းပြီး ဆွဲဆောင်မှု့ရှိနေတာမျိုးကို သူသဘောကျသော်လည်း သူ့အပေါ်ပြောင်းလဲတာကိုတော့ သဘောမကျနိုင်။ ဘာကြောင့်လဲလာမေးခဲ့လျှင်လည်း သူ့မှာအဖြေရှိမှာမဟုတ်။ ဒါပေမဲ့ သဘောမကျတာတော့အမှန်မို့ စိုင်းမာန်သစ်က သူ့အပေါ်ပြောင်းလဲလို့ မဖြစ်တာကိုတော့ ဘုန်းပြည့်အာဏာသိသည်။

ထုတ်ဖော်မပြောဖြစ်တာက ကျင့်သားရနေပြီဖြစ်တာကြောင့် စိုင်းမာန်သစ်ကို လျစ်လျူရှု့ဟန်ဆောင်ကာ ဘုန်းပြည့်အာဏာ သူ့စားပွဲမှာထိုင်လိုက်သည်။ အလုပ်က တစ်ရက်ပျက်ရင် တစ်ရက်ဗျာများရဦးမည်။ ဘုန်းပြည့်အာဏာအနေနဲ့ မနေ့က ထိတွေ့လိုက်ရဲ့တဲ့ ပါးပြင်နုနုအကြောင်းကိုပင် ပြန်လည်တွေးကြည့်ဖို့ အချိန်မရှိနိုင်။

စိုင်းမာန်သစ်ကလည်း သူ့အလုပ်သူလုပ်နေသည်။ ဒီအချိန်တိုအတွင်းမှာပင် စိုင်းမာန်သစ်က ဘုန်းပြည့်အာဏာရဲ့ အချိန်ဇယားတွေကို ကိုင်တွယ်နိုင်နေပြီဖြစ်သည်။ စိုင်းမာန်သစ်ဟာ တကယ်တော်သည့်ကောင်လေးပင်ဖြစ်သည်။

“Hello”

ဖုန်းသံမကြားလိုက်ရပါဘဲ Hello ပြောလိုက်သော စိုင်းမာန်သစ်ကြောင့် ဘုန်းပြည့်အာဏာမျက်လုံးပင့်ကာကြည့်မိသည်။ စိုင်းမာန်သစ်၏ Phone Ringtone ကိုမကြားရတာကပင်ဘုန်းပြည့်အာဏာအတွက် ဖြစ်ရပ်ဆန်းတစ်ခုလိုဖြစ်နေပြီဖြစ်သည်။

“အင်း ခဏ”

ဖုန်းကိုကိုင်ရင်း အပြင်ဘက်ကို ထွက်သွားတဲ့ စိုင်းမာန်သစ်ကြောင့် ဘုန်းပြည့်အာဏာမှာ မရိုးမရွဖြစ်ရပြန်သည်။ ဘယ်သူ့ဖုန်းမို့ အပြင်ထွက်ပြီးတောင် ပြောရတာလဲဆိုတာကို သူသိပ်သိချင်နေသည်။ သျှင်ရဲအာဏာများလား။ သျှင်ရဲအာဏာရဲ့ ထိကပါးရိကပါးစကားတွေကို စိုင်းမာန်သစ်နားထောင်ကာ ပြုံးနေမည့်အကြောင်းကိုတွေးမိတော့ ဒေါသကထွက်ရပြန်သည်။

“ကျစ် ကောင်စုတ်လေး”

___________________________________________________________

“အင်း မင်းက အလုပ်မှာလား?”

တစ်ဖက်က စောမင်းသိုက်ရဲ့  အမေးကြောင့် စိုင်းမာန်သစ် အသိပြန်၀င်လာရသည်။ သူဘုန်းပြည့်အာဏာကို ရှောင်ဖို့ထွက်လာရင်း အမိုးပွင့် ခေါင်မိုးထပ်နေရာကို ရောက်လာခြင်းဖြစ်သည်။ အပေါ်ဆုံးအထပ်က ဘုန်းပြည့်အာဏာအခန်းတွေနဲ့ ပြည့်နေသည်မို့ အခုလို နေရာရှိမည်မထင်ခဲ့။

တန်းလျားတစ်ခုနဲ့ အိုးစိတ်ပန်းပင်အချိန့်က စိုင်းမာန်သစ်ကို လေပြည်နှင့်အတူ စီးကြိုနေသည်။ တအားကျယ်လွန်းတဲ့ ခေါင်းမိုးထပ်ပုံစံမဟုတ်ပေမယ့် စိုင်းမာန်သစ် ငေးကနဲ့ဖြစ်သွားသည်အထိ အေးချမ်းနေသော နေရာလေးဖြစ်သည်။

အပေါ်ဆုံးအထပ်ကနေ မြင်နေရသည့် မြင်ကွင်းကလည်း အတော်ပင်လှသည်။ တစ်ခါတလေကျ အရာရာတိုင်းကို အထက်စီးကနေကြည့်ရတာ သိပ်သဘောကျဖို့ကောင်းတာဖြစ်သည်။ ဒါကြောင့်လည်း လူတွေက အမြင့်ကို တက်ချင်ကြတာဖြစ်မည်။

“အင်း ဟုတ်တယ် မင်းတို့ရော အဆင်ပြေလား?”

“ပြေတာထက်ကို လွန်နေတာ ဒီလောက်အဆင်ပြေမယ်မှန်းကို ထင်မထားတာ ဟိုဘဲကြီးက အသာတကြည်ဖြစ်နေလွန်းလို့ ငါလန့်တောင်လန့်တယ်”

စောမင်းသိုက်စကားကြောင့် စိုင်းမာန်သစ်ပြုံးလိုက်မိသေးသည်။ ထိုဘဲကြီးက အရက်နာကျပြီး ဖျားသွားခဲ့တာတောင် သူမသိဘဲကိုး။ စောမင်းသိုက်ဖုန်းမို့လို့လည်း စိုင်းမာန်သစ် အပြင်ကိုထွက်လာခဲ့ရခြင်းဖြစ်သည်။ ဒီအချိန်မှာ စောမင်းသိုက်နာမည်ကိုတောင်မှ ဘုန်းပြည့်အာဏာကြားချင်မှာမဟုတ်။

ချစ်ရသူမို့ ပိုနားလည်သည်။ ကိုယ်နှလုံးသားထဲထည့်ထားမိတဲ့သူကို ဘယ်လိုစိတ်နဲ့ သူများလက်ထဲ အသာတကြည်ထည့်ပေးနိုင်မှာလဲဆိုသည့် မေးခွန်းသည် မေးစရာပင်မလိုသည့် နာကျင်စရာကောင်းသော မေးခွန်းတစ်ခု။ စွန့်လွှတ်ခြင်းနဲ့ ချစ်ပါ့မယ်ဆိုတာတွေက တကယ်တော့ အလကား။ ရင်ကွဲအောင်ခံစားရတာ ဘယ်သူသိမှာလဲ။

“အင်း”

“မင်း အသံမကောင်းပါလား ဖျားသေးတယ်ဆို”

“အင်း အခုတော့ ပျောက်သွားပါပြီ”

“ဂရုစိုက်ဦး”

“အေးပါ”

“မင်းကို ငါမေးမလို့ သတို့သားအရံလုပ်ပေးနိုင်မလား ငါတို့ မင်္ဂလာဆောင်ကျ”

“မင်းကလည်း ကပ်မှပြော မင်္ဂလာဆောင်က လကုန်မို့လား ရောက်ရောက်တော့မယ်”

“ဟ သတို့သားအရံက ဘာလုပ်ရမှာကျလို့ အကုန် ပြင်ဆင်ပေးပါ့မယ် သတို့သမီးအရံကစ ရှာပေးထားတယ် မင်းသာ ခေါင်းငြိမ့်လိုက် လုပ်ပါကွာ သူငယ်ချင်းဆိုလို့ မင်းတစ်ယောက်တည်းရှိတာ”

“ငြင်းပေါက်ကို ပိတ်ပြောနေပြီး တောင်းဆိုမနေနဲ့ အစကတည်းက ငါ့ကို ရအောင်လုပ်ခိုင်းဖို့တွေးထားတာမို့လား?”

“ဟီး ဟုတ်တယ် ငါ့ကောင် လုပ်နော် အာဘွား ငါအိမ့်ကို ၀တ်စုံလိုက်ရွေးပေးနေတာ”

“ချီးကို အာဘွား”

စိုင်းမာန်သစ် ဖုန်းချလိုက်ပြီးနောက် ပြုံးကာရုံးခန်းထဲကို ပြန်၀င်လာခဲ့သည်။ တံခါးအ၀မှာ ရပ်ကာကြည့်နေသည့် သူကြောင့် သူ့မှာ ဖုန်းကလေး ရင်ဘတ်ဖိကာ လန့်သွားရသေးသည်။

“ဟို ဥက္ကဌ”

“ဘယ်သူနဲ့ဖုန်းသွားပြောတာလဲ?”

“ဘယ်သူမှမဟုတ်ပါဘူး”

“ဘယ်သူလဲလို့”

“ကျွန်တော့်ဘာသာဘယ်သူနဲ့ပြောပြော ကျွန်တော့်အရေးလေ”

ဘုန်းပြည့်အာဏာ ကိုယ်ရှိန်သတ်လိုက်ကာ စိုင်းမာန်သစ်ကို စေ့စေ့ကြည့်နေလိုက်မိသည်။ စိုင်းမာန်သစ် မနေ့ကနဲ့မတူအောင် အေးစက်သွားရသည့် အကြောင်းအရင်းကို အပြေးအလွှားရှာနေမိသည်။

“ဆောရီး”

ဘုန်းပြည့်အာဏာတစ်ချက်သာပြောပြီး ရုံးခန်းအပြင်ကို ထွက်လာခဲ့လိုက်သည်။ ခြေလှမ်းတွေက ခုနက စိုင်းမာန်သစ်ရှိနေခဲ့တဲ့ ၀ရန်တာဆီ။

စိုင်းမာန်သစ်တစ်ယောက် ဘုန်းပြည့်အာဏာထွက်သွားမှ ရင်ထဲလစ်ဟာသွားသလိုဖြစ်ရပြန်သည်။ စိုင်းမာန်သစ်တွေးရင်း မွန်းကြပ်နေတဲ့ စိတ်ကိုလျစ်လျူရှု့လိုက်ကာ သူ့စားပွဲကိုသွားလိုက်သည်။

ဘုန်းပြည့်အာဏာကို သူလုံး၀မကျေနပ်။

စိုင်းမာန်သစ် အသင့်၀ယ်လာတဲ့ စီးကရက်ကိုယူကာ ၀ရန်တာကိုပြန်ထွက်လာခဲ့လိုက်သည်။ Lollipop မဟုတ်သည့် စီးကရက်တွေက စိုင်းမာန်သစ်နှင့် မလိုက်ဖက်သလိုရှိသော်လည်း စိုင်းမာန်သစ်ကတော့ ဒီကနေ့ ဘုန်းပြည့်အာဏာအကျင့်လုပ်ပေးခဲ့ဖူးသည့် Lollipop ကိုမမြင်ချင်။

စီးကရက်ကို လမ်းမှာတင်မီးညှိလိုက်ပြီး စိုင်းမာန်သစ် တစ်ရှိုက်ဖွာလိုက်သည်။ ထို့နောက် သူ့ပါးစပ်က စီးကရက်ကို လှမ်းလုသွားတဲ့လက်တစ်ဖက်ကြောင့် စိုင်းမာန်သစ်မော့ကြည့်လိုက်မိရာ ဘုန်းပြည့်အာဏာပင်ဖြစ်နေပြန်သည်။

“ကျစ် ခင်ဗျား”

“မင်းက ဆေးလိပ်သောက်တတ်တာလား?”

“ကျွန်တော်လည်း လူငယ်ပဲ သောက်တတ်တာပေါ့ ပြန်ပေး ကျွန်တော့်ကို”

“မသောက်နဲ့ မင်းကို ငါက ချိုချဥ်ပဲ တတ်တယ်ထင်တာ”

“အဲဒါသောက်သုံးမကျတဲ့လူတစ်ယောက်ကြောင့် အကျင့်ဖြစ်သွားရုံတင်”

“ဟမ်”

စိုင်းမာန်သစ်တစ်ယောက် မဲ့ပြုံးလေးပြုံးလိုက်ကာ တစ်ဖက်ကို စောင်းလှည့်လိုက်သည်။ ၀ရန်တာပေါ်လက်တင်ရင်း စီးကရက်နောက်တစ်လိပ်ကိုထုတ်ရန်ပြင်လိုက်သည်။ ခံတွင်းဘယ်လောက်ချဥ်နေပြီလဲဆိုတာ သူသာအသိ။

မီးညှိဖို့ပြင်တုန်းမှာ ဆွဲဖြတ်လုခံလိုက်ရတဲ့ ဆေးလိပ်ကြောင့် စိုင်းမာန်သစ်တစ်ဖက်ကို လှည့်ကာ မျက်မှောင်ကုတ်ကြည့်သည်။ သူ့ကို ထိုအကြည့်များနှင့်ကြည့်နေသည့် စိုင်းမာန်သစ်ကြောင့် ဘုန်းပြည့်အာဏာပါ မျက်မှောင်တွေကျုတ်မိသွားသည်။

“မသောက်နဲ့ ကောင်းတာလည်း မဟုတ်ဘဲနဲ့ ချိုချဥ်ပဲ စုပ်”

“ချိုချဥ်မဟုတ်ဘူး Lollipop သူပဲပြောခဲ့ပြီး”

စိုင်းမာန်သစ်က အော်ပြောတော့ ဘုန်းပြည့်အာဏာမှာ မီးမညှိရသေးတဲ့ စီးကရက်ကို ကိုင်ရင်း ကြောင်ကြည့်မိပြန်သည်။ 

“ငါက ဘယ်တုန်းကပြောလို့လဲ?”

“ကျစ်”

(OliviaThet-Eleanor’s note : စိုင်းမာန်သစ်က ဘုန်းပြည့်အာဏာကို ဘာလို့ မကျေနပ်နေတာလဲ?)

@OliviaThet-Eleanor

________________________________________________________________

Tags: read novel Lollipop Chapter 23 – Unicode, novel Lollipop Chapter 23 – Unicode, read Lollipop Chapter 23 – Unicode online, Lollipop Chapter 23 – Unicode chapter, Lollipop Chapter 23 – Unicode high quality, Lollipop Chapter 23 – Unicode light novel, ,

Comment

Leave a Reply

Chapter 23