Lollipop Chapter 26 – Unicode

All chapters are in Lollipop
A+ A-

စိုင်းမာန်သစ် ဓာတ်လှေကားကိုပင် နှေးနေသည် ထင်နေမိသည်။ အရေးပေါ်လှေကားကနေပြေးတက်လိုကဖို့ပင်တွေးမိသည်။ ဓာတ်လှေကားကတော့ အပေါ်ဆုံးထပ်ကို တဖြည်းဖြည်းတက်သွားနေပြီဖြစ်သော်လည်း သူအားမရ။ သူဘုန်းပြည့်အာဏာကို တွေ့ရင်ဘာပြောရမယ်ဆိုတာ အခုထိသေချာမသိသေးပေ။

ရုံးခန်းဆီကိုသွားတဲ့ ခြေလှမ်းတွေက အတော်လေးသွက်နေခဲ့သည်။ စိုင်းမာန်သစ် တွေ့ချင်လွန်းလို့ ရူးတော့မတတ်ဖြစ်နေရသည်။ မှောင်မဲနေတဲ့ ရုံးခန်းက သူ့ရင်ကို ဆောင့်ကန်လိုက်သလိုပင်။ ထိုလူဟာ သူအပြေးလာတဲ့အချိန်မှာ ရှိမနေခဲ့။

စိုင်းမာန်သစ် ငိုချတော့မလိုပင်ဖြစ်သွားရသည်။ မနက်ဖြန် အိမ့်မှူးသော် မင်္ဂလာဆောင်ရှိတာကို အခုမှသတိရသွားသည်။ ထိုလူ ဒီမှာမရှိတာက အဆန်းမဟုတ်။ စိုင်းမာန်သစ်ကသာ ဇွတ်တရွတ်တွေလုပ်မိနေတော့တာဖြစ်သည်။

အပြေးကြီးပြေးလာခဲ့ပြီးမှ တွေ့ချင်တဲ့သူကိုမတွေ့ရတော့ ခံစားချက်က ရူးသွားတော့မလို။ ၀မ်းနည်းလာတဲ့အပြင် ဘာလို့ပြေးလာခဲ့မိပါလိမ့်ဆိုတဲ့ အတွေးက ခေါင်းထဲရောက်လာသည်။ စိုင်းမာန်သစ် တကယ်စိတ်တွေညစ်လာရသည်။ ပုံမှန်ဆို စိုင်းမာန်သစ်က တော်ရုံနဲ့ ငိုတတ်သူမဟုတ်။ ဘုန်းပြည့်အာဏာနှင့်တွေ့မှာပဲ သူလည်း မျက်ရည်လွယ်တဲ့ ကလေးလေးဖြစ်နေရတော့သည်။

“ဒီအချိန်ကြီးမှ ဘာလာလုပ်တာလဲ?”

နောက်ကနေကြားလိုက်ရတဲ့ အသံခပ်သြသြကြောင့် စိုင်းမာန်သစ်တကယ် မျက်ရည်တွေကျရပါတော့သည်။ လှည့်ကြည့်လိုက်တော့ ဘုန်းပြည့်အာဏာက ခုမှရေချိုးပြီးခါစထင်။ ရေစိုနေတဲ့ ဆံပင်တွေကို တဘတ်နဲ့ သုတ်ရင်းသူ့ကို အံ့သြတကြီးကြည့်နေသည်။

Bathrobe အဖြူနဲ့မို့ လစ်လစ်နေသည့် ရင်ခွင်ကျယ်ကိုလည်း သူမငေးအား။ စိုင်းမာန်သစ်တစ်ယောက် ဘုန်းပြည့်အာဏာဆီကို ပြေးသွားပြီး လွတ်ထွက်သွားတော့မတတ်ဖက်ထားမိသည်။ ရင်ခွင်ထဲကို မျက်နှာအပ်ကာ တရှုံ့ရှုံ့ငိုမိသည်ကိုတော့ ထည့်မပြောတော့။

ဘုန်းပြည့်အာဏာ သူ့ဆီကို ပြေးလာပြီး အတင်းဖက်နေတဲ့ ကောင်လေးကြောင့် လက်ထဲက ခေါင်းသုတ်နေတဲ့ တဘတ်ပင် ပြုတ်ကျသွားရသည်။ သူ မနက်ဖြန် ငယ်လေး မင်္ဂလာဆောင်ရှိတာတောင်မှ စိုင်းမာန်သစ်အလုပ်တွေကို သိမ်းကြုံးလုပ်ပေးနေရတာကြောင့် အိမ်မပြန်ဖြစ်ခြင်းဖြစ်သည်။

ဒီအတောအတွင်း ဒီကောင်လေးကို နားတော့ နားတော့ဆိုပြီး အိမ်ပြန်ပြန်လွှတ်နေရသော်လည်း စိုင်းမာန်သစ်လုပ်ရမည့် အလုပ်တွေက သူ့ဆီပဲ ပုံရောက်လာတာဖြစ်သည်။ ရမ်ခကို ခိုင်းဖို့ဆိုတာကလည်း မမျှတရာကျမည်ဆိုးတာကြောင့် မခိုင်းရဲ။

ရင်ဘတ်ဆီက စိုစွတ်မှု့ကို ခံစားလိုက်ရတာကြောင့် ဘုန်းပြည့်အာဏာ ပျာပျာသလဲ ငုံ့ကြည့်မိသည်။ တအင့်အင့်ရှိုက်သံကို ကြားလိုက်ရတာကြောင့် ပိုပြီးပင် စိတ်တွေ ဗလောင်ဆူရပြန်သည်။ စိုင်းမာန်သစ်ငိုရင် ဘုန်းပြည့်အာဏာ တကယ် နေစရာပျောက်ရသည်။

ဒီကလေးက သူနဲ့တွေ့တိုင်းငိုနေတာဖြစ်သည်။ သူထွက်သွားပေးရင် မငိုတော့ပါဘူးဆိုလို့ ရှောင်ပေးနေပြန်တော့လည်း သူရှိရာကို ညကြီးမင်းကြီးရောက်ချလာပြီး သူ့ကို ထွက်ပြေးသွားတော့မတတ်ဖက်ကာ ငိုနေပြန်သည်။

စိုင်းမာန်သစ်က တကယ့် အဆိုးလေးဖြစ်သည်။

“မင်း ငိုနေပြန်တာလား?”

“ချစ်တယ်”

သူ့ရင်ခွင်ထဲကို ပိုတိုးလို့၀င်ကာ ရှိုက်သံတွေကြားက ပြောလိုက်တဲ့ စကားကြောင့် ဘုန်းပြည့်အာဏာမှာ စိုင်းမာန်သစ်ကို ခွာထုတ်ဖို့လုပ်နေတဲ့ လက်တွေပင် ရပ်တန့်သွားရသည်။ ထိုစကားသည် စိုင်းမာန်သစ်ရင်ကို အတော်ပင် လှုပ်ခါစေနိုင်သည်။

“ကိုကို ကျွန်တော့်ကို မမှတ်မိလည်းရတယ် တစ်သက်လုံးမမှတ်မိတော့လည်း ဖြစ်တယ်၊ ကျွန်တော်ကတော့ ကိုကို့ကို ချစ်တာမို့ ဟင့် ဒီတိုင်းလေး ချစ်နေချင်တာမို့ ကျွန်တော့်ကိုမမုန်းရင်ကို ရပြီ”

တရစပ်ပြောလာသောစကားတွေကြောင့် ဘုန်းပြည့်အာဏာ နားမလည်နိုင်အောင်ဖြစ်ရပါသည်။ အိမ့်မှူးသော်ကလွဲလို့ သူ့ကို ဘယ်သူမှ ကိုကိုမခေါ်ဖူးကြချေ။ သူကလည်း အခေါ်မခံခဲ့ပါ။ ခွင့်ပြုချက်မတောင်းဘဲ ခေါ်လိုက်သော နာမ်စားသည် ဘာလို့မှန်းမသိ ဘုန်းပြည့်အာဏာကို မျက်ရည်တွေ ရစ်၀ိုင်းလာစေသည်။

တင်းကြပ်လာတဲ့ ခံစားချက်ကြောင့် ဘုန်းပြည့်အာဏာအသက်ရှူတွေပင် ကြပ်လာရသည်။ ရင်ဘတ်ထဲက အစိုင်အခဲက အပြင်းအထန် ခုန်ပေါက်နေသလို ပေါက်ကွဲတော့မတတ်ဖြစ်နေသည်။ ထို့ပြင် ဆို့နင်လာရတဲ့ ခံစားချက်ကြီးက မျက်ရည်တွေကို ကျလုမတတ်ဖြစ်စေရသည်။

သူ့ရင်ခွင်ထဲက ကောင်လေးက သူ့နှလုံးသားထဲ ၀င်မတတ်ကို တိုးတိုးပြီးငိုနေတာဖြစ်သည်။ ထိုကောင်လေးက သူ့နှလုံးသားထဲမှာ အစကတည်းက ရှိနေတာဖြစ်သည်။ စိုင်းမာန်သစ်ကို ဘုန်းပြည့်အာဏာက နှလုံးသားထဲ ထည့်ခဲ့မိပြီဖြစ်သည်။

အိမ့်မှူးသော်အပြင်မချစ်နိုင်တော့ဘူးလို့ တယူသန်စိတ်တွေသာမရှိခဲ့ဘူးဆိုရင် ဘုန်းပြည့်အာဏာ စိုင်းမာန်သစ်ကို စောစောဖွင့်ပြောမိလေမလား။ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက သိမ်းထားခဲ့မိတဲ့ Lollipop တစ်ချောင်းက ရည်ရွယ်သူထံရောက်လိမ့်လေမလား။

________________________________________________________________

Cafe မှာ အလုပ်ကိစ္စရှိတာကြောင့် သွားရင်း ပြတင်းပေါက်ဘေးက ခုန်မှာ ခါးလျှောထိုင်နေတဲ့ ကောင်ကလေးကို ဘုန်းပြည့်အာဏာတစ်ချက်တစ်ချက် ငေးကြည့်မိနေသည်။ ကျောင်းသားဖြစ်ပုံရမည်။ ရှေ့ထိုင်ခံုမှာ လွယ်အိတ်ကို ချပြီး Coffee ကိုမသောက်ဘဲ မျက်လုံးမှိတ်နေသည့် ကောင်လေးကြောင့် သူမျက်၀န်းတွေကို မမြင်ရ။

လက်သွယ်သွယ်တို့က ခုံကို ခေါက်နေပြီး ခြေထောက်ကလည်း စည်းချက်ညီစွာလှုပ်နေသေးသည်။ ပေါ့ပေါ့ပါးပါးပုံစံလေးက ဘုန်းပြည့်အာဏာရဲ့ အမြင်ကို အတော်လေးဖမ်းစားနေခဲ့သည်။ အလုပ်ကိစ္စပြောပြီးသည့်နောက်မှာတော့ ဘုန်းပြည့်အာဏာ တမင်တကာ ထိုကောင်လေးကို အနီးကပ်ကြည့်ချင်တာကြောင့် သူ့ရှိရာ စားပွဲနားကို သိသိသာသာကပ်သွားလိုက်သည်။

*ဂျွတ်

ဘုန်းပြည့်အာဏာ တက်နင်းလိုက်မိသည့်အရာကို ငုံ့ကြည့်လိုက်စဥ် ထိုကောင်လေးက မျက်လုံးကိုဖွင့်ကာ သူနဲ့အတူငုံ့ကြည့်သည်။ Lollipop လေးတစ်လုံး။ ဘုန်းပြည့်အာဏာရဲ့ Leather Shoes ဒဏ်ကို ခံလိုက်ရသော Lollipop လေးသည် နှစ်ခြမ်းကွဲသွားပြီဖြစ်သည်။

“ဟာ သွားပါပြီ”

အသံကြည်ကြည်ကြောင့် ဘုန်းပြည့်အာဏာတစ်ယောက် ဂျွမ်းထထိုးတော့မလိုပင် ဖြစ်သွားခဲ့ရပါသည်။ ဘာပြောလို့ပြောရမှန်းမသိ။ တောင်းပန်တာကလည်း ဘုန်းပြည့်အာဏာရဲ့ စတိုင်မဟုတ်တာကြောင့် သူ့ထုံးစံအတိုင်း မျက်ခုံးတို့သာ တွန့်ချိုးနေခဲ့မိသည်။ ခုဏကထိ သူငေးကြည့်နေခဲ့မိသည့် ကောင်လေးရဲ့ မျက်ခွံတွေအောက်က မျက်၀န်းတွေမှာလည်း ခြေချုပ်ကမိနေရပြန်သည်။

“ဆောရီး”

ခေါင်းထဲမှာ စကားတွေအစီစီအရီရီစီနေခဲ့ပြီးမှ ထွက်သွားသည့်စကားက ဆောရီးတစ်လုံးတည်းသာ။ ရိုက်ပေါက်သာပြောလိုက်ပြီး ဘုန်းပြည့်အာဏာ မနေတတ်စွာ ခြေထောက်တွေကို အလုပ်ပေးလိုက်ကာ ထိုကောင်လေးအနားက ထွက်လာခဲ့လိုက်သည်။

“အစ်ကို အဆင်ပြေခဲ့လား?”

“အင်း ဒီနား စတိုးဆိုင်ရှိလား Lollipop ရောင်းတဲ့ဆိုင်ဖြစ်ဖြစ်”

“ဗျာ”

အလုပ်ကိစ္စအဆင်ပြေလားမေးတာကို Lollipop ရောင်းတဲ့ စတိုးဆိုင်ပြန်မေးနေသူကြောင့် ရမ်ခ ဗျာတလိုက်ရသည်။ ထို့နောက် ဟိုသည်မျက်လုံး၀ေ့၀ိုက်ကြည့်ကာ လမ်းထောင့်က စတိုးဆိုင်ဆီပြေးသွားသူကြောင့် ရမ်ခမှာ ပို့ပြီးပင် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

ခဏနေတော့ Cafe အတွင်းကနေ ခပ်ငယ်ငယ် ချစ်စရာကောင်လေးတစ်ယောက် ထွက်လာသည်။ သူ့ပုံစံကလည်း အကြီးကြီးရှော့ရလာတဲ့ ပုံစံနှင့်ပင်။ ကောင်လေးက လွယ်အိတ်ကို တစ်ဖက်တင်လွယ်ကာ Lollipop တစ်ချောင်းကို စုပ်ရင်း ဆန့်ကျင်ဘက်လမ်းကိုလျှောက်သွားသည်။

ထိုကောင်လေးမြင်ကွင်းထဲက ပျောက်သွားပြီးမကြာမီပင် ဘုန်းပြည့်အာဏာပြန်ရောက်လာသည်။ အမောတကောနဲ့ ဘုန်းပြည့်အာဏာရဲ့ ဒီလိုပုံစံကို ရမ်ခတကယ် မမြင်ဖူးပေ။ ထို့နောက် မှန်ပြတင်းပေါက်ကို မော့ကြည့်ကာ Cafe ဆိုင်ထဲအပြေး၀င်သွားသူကြောင့် ရမ်ခမှာ ကားနားကိုရပ်ရင်း အကြောင်ကြောင်အအအပင်။

ခဏနေတော့ Cafe ထဲကနေ ဘုန်းပြည့်အာဏာ ပြန်ထွက်လာပြန်သည်။ အလောတကြီး ဘေးဘီကို ကြည့်ပြန်သည်။ သူ့ရဲ့ တည်ငြိမ်လွန်းလှတဲ့ ဥက္ကဌပေါက်စ ဘုန်းပြည့်အာဏာက ဘာလို့ ဒီလောက်ပျာယာခတ်နေတာလဲဆိုတာ ရမ်ခနားမလည်နိုင်ဖြစ်ရသည်။

“အစ်ကို”

“အင်း ရမ်ခ ခုဏက Cafe ထဲကနေ ကောင်လေးတစ်ယောက်ထွက်လာတာ မြင်လိုက်လား သေးသေးလုံးလုံးချစ်စရာလေးလေကွာ”

“ဟုတ်တယ် ဥက္ကဌ စတိုးဆိုင်ပြေးသွားတော့ သူဆိုင်ထဲကထွက်လာတာပဲ”

ရမ်ခစကားအဆုံးတွင် ဘုန်းပြည့်အာဏာလက်ထဲက Lollipop ပါသည့်အထုပ်ကလေးပြုတ်ကျတော့မလိုတောင်ဖြစ်သွားရသည်။ ထိုနေ့က ထိုကလေး သူ့နှလုံးသားကို ပထမဆုံးလှုပ်ခတ်သွားသည့်အကြိမ်ဖြစ်သည်။

ထို့နောက် ပြန်တွေ့တော့ ဘုန်းပြည့်အာဏာမှာ ထခုန်မလိုပင်ဖြစ်ရသေးသည်။ သို့သော် တွေ့လိုက်ရသည်က သူ့ညီမနဲ့တွဲနေတာ တစ်နှစ်ရှိပြီဖြစ်တဲ့ကောင်လေးအဖြစ်ဖြစ်နေခဲ့သည်။

_________________________________________________________

ဘုန်းပြည့်အာဏာရင်ခွင်ထဲက ကောင်လေးသည် တရှုံ့ရှုံ့ငိုနေဆဲပင်။ သူကိုယ်တိုင်တောင်မသိလိုက်မိဘဲ ထိုကောင်လေးရဲ့ ခေါင်းလုံးလုံးကို ပွတ်သပ်ပေးနေမိသည်။ သူ့ခါးကိုဖက်ထားတဲ့လက်တွေက သူ့ကိုလွတ်ထွက်သွားမှာ တော်တော်ဆိုးနေပုံ။

“ကိုကို”

“အင်း ပြော”

မမျှော်လင့်ထားတဲ့ တုံ့ပြန်မှု့ကြောင့် ဘုန်းပြည့်အာဏာရဲ့ ရင်ခွင်ထဲက ခေါင်းလုံးလုံးလေးသည် မျက်ရည်စများနှင့်မော့လာသည်။ စိုင်းမာန်သစ်က သူ့မျက်၀န်းတွေ အရည်လဲ့နေသည်ကို မြင်တော့ ပိုပြီးအံ့သြသွားဟန်နှင့်။

ဒီလိုချစ်ဖို့ကောင်းနေပုံနဲ့တော့ ဘုန်းပြည့်အာဏာဘယ်လိုစိတ်ထိန်းနိုင်တော့မှာလဲ။ နီရဲနေတဲ့ နှုတ်ခမ်းလေးက ဟစိဟစိနှင့်။ နီရဲနေသည့် နှာခေါင်းလုံးလုံးက သူနေမကောင်းတုန်းက ငိုသည်ထက်ပင် ပိုရဲနေသေးသည်။ ဘုန်းပြည့်အာဏာ စိုင်းမာန်သစ် ငိုတာကိုသာ သဘောမကျတာ။ မျက်ရည်စက်ကလေးတွေ ခိုသီးနေတဲ့ စိုင်းမာန်သစ်ရဲ့ မျက်၀န်း၀ိုင်း၀ိုင်းက သိပ်လှကြောင်းကိုတော့ ၀န်ခံသည်။

“ဟင့် ကျွန်တော့်ကို ပြန်ချစ်လိုက်စမ်းပါဗျာ”

တကယ်ပင် စိုင်းမာန်သစ်က တကယ့်ဇွတ်တရွတ်ကောင်လေးဖြစ်သည်။ ခုဏက ငိုချင်နေတဲ့စိတ်ပင် ပျောက်သွားသလိုဖြစ်ကာ ဘုန်းပြည့်အာဏာရယ်ချင်လာသည်။ ပွင့်လင်းလွန်းတာကြောင့်သူ့မှာ ငိုရမလို ရယ်ရမလို။

သူလည်း ဒီကလေးအပေါ် ခံစားချက်တွေထုတ်ပြဖို့ ကြိုးစားပါတော့မည်။

“အင်း”

“ဗျာ”

“ချစ်တယ် ကိုယ်က မင်းကိုချစ်တယ်လို့ ဘေဘီရဲ့”

စိုင်းမာန်သစ် တစ်ကိုယ်လုံးကျဥ်တက်သွားရသည်။ ဒီလူ့စကားက ဒီစကားကို ကြားရလိမ့်မည်လို့ လုံး၀ထင်မထားခဲ့။ သူက ဇွတ်လိုက်ကပ်ပြီးနေဖို့ အစွမ်းကုန်ပြင်ဆင်ခဲ့တာ။ အခုတော့ ဒီလူက သူဘာမှမပြောရသေးခင်မှာတင် အဖြေပေးလိုက်တာဖြစ်သည်။

“ဟင်”

“အရူးလေးရဲ့ ကိုယ်က မင်းကိုချစ်တယ်လို့ပြောနေတာ မငိုနဲ့တော့ ကိုယ်က ချစ်တာမို့ မင်းက ငိုလို့မဖြစ်ဘူး”

(OliviaThet-Eleanor’s note – Surprise!!!! လုံး၀ထင်မထားဘူးမို့လား? ထင်ထားလည်း မထားဘူးလို့ပဲ ဖြေလိုက်🤣 Chapter 1 မှာ စိုင်းမာန်သစ်က ဘုန်းပြည့်အာဏာကို မြင်မြင်ချင်းချစ်သွားခဲ့တဲ့ အခန်းမှာဘဲ ဘုန်းပြည့်အာဏာက စိုင်းမာန်သစ်ကို အရင်ရင်ခုန်နေခဲ့တာပါ စိုင်းမာန်သစ်က သူကပဲစချစ်နေရတယ်လို့ထင်နေခဲ့ပေမယ့် တကယ်တော့ ဘုန်းပြည့်အာဏာက သူ့ထက်အရင်မသိအောင် အမြဲတမ်းချစ်မိနေသူကြီးပေါ့ ဟဲဟဲ❤)

@OliviaThet-Eleanor

__________________________________________________________

Tags: read novel Lollipop Chapter 26 – Unicode, novel Lollipop Chapter 26 – Unicode, read Lollipop Chapter 26 – Unicode online, Lollipop Chapter 26 – Unicode chapter, Lollipop Chapter 26 – Unicode high quality, Lollipop Chapter 26 – Unicode light novel, ,

Comment

Leave a Reply

Chapter 26