Lollipop Chapter 28 – Unicode

All chapters are in Lollipop
A+ A-

နိုးထလာရတဲ့ မနက်ခင်းက ခါတိုင်းထက်ပင် ဘုန်းပြည့်အာဏာကို တက်ကြွစေနေသသည်။ မျက်လုံးအစုံကိုဖွင့်လိုက်တော့ သူ့ရင်ခွင်ထဲမှာ မျက်လွှာချနေသူရဲ့ မျက်တောင်တွေကို အပေါ်စီးကမြင်နေရသည်။ ထို့နောက်နှာခေါင်း။ နောက်ပြီး နှုတ်ခမ်းတွေ။

ဘုန်းပြည့်အာဏာငေးကြည့်ပြီးရင်းသာ ငေးကြည့်နေချင်တော့တာဖြစ်သည်။ ထုတ်ဖော်ပြဖို့ဆုံးဖြတ်လိုက်ပြီးနောက်မှာမှ သူ စိုင်းမာန်သစ်အပေါ် ဘယ်လောက်ရူးသွပ်ရသလဲဆိုတာကို ပိုသိလာရသည်။ ဘုန်းပြည့်အာဏာ စိုင်းမာန်သစ်ကို ရင်ခွင်ထဲပိုသွင်းပြီး တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်မိသည်။

ကိုယ်လုံးသေးသေးလို့ပြောလို့မရတဲ့ စိုင်းမာန်သစ်ရဲ့ သွယ်လျလျအချိုးကျတဲ့ ခန္ဓာကိုယ်ဟာ ဘုန်းပြည့်အာဏာ့ ရင်ခွင်ထဲမှာတော့ အံ၀င်ခွင်ကျ ချစ်စဖွယ်ဖြစ်နေပြန်သည်။ သူက တိုးဖက်တော့ ထိုကောင်လေးကလည်း မျက်လုံးတွေကို မဖွင့်သေးဘဲ သူ့ခါးပေါ်ကို လက်တွေတင်လာကာ တိုး၀င်လာပြန်သည်။

ဆံပင်တွေကို နဖူးပေါ်ကနေ သပ်တင်ပေးလိုက်ရင်း ရင်ခွင်ထဲဆွဲသွင်းတော့ ထိုကောင်လေးက လှုပ်လာသည်။

“အင်း”

အသံသဲ့သဲ့ထွက်လာတာကြောင့် ဘုန်းပြည့်အာဏာထိုကလေးကို ငုံ့ကြည့်လိုက်တော့ ပါးစပ်က ဘာတွေပွစိပြောနေသည်မသိ။ လှုပ်နေသေးသည်။ ထို့နောက် မျက်မှောင်ကလည်း ကျုံ့သွားလိုက် ဖြေသွားလိုက်နှင့်။ အိပ်မက်များမက်နေသလား ထိုကလေး။

ဘုန်းပြည့်အာဏာ စိုင်းမာန်သစ်ကိုကို လှုပ်နှိုးဖို့ကြံစည်နေတုန်းမှာပင် မျက်လုံးတွေက လှုပ်ရှားလာသည်ကို မြင်လိုက်ရတာကြောင့် ဆက်ကြည့်နေလိုက်သည်။

“အသစ်”

ဒါပါပဲ။ ပြန်မှတ်မိဖို့ဆိုတာထက် ဘယ်တုန်းကမှ သူမမေ့ခဲ့တာဖြစ်သည်။ အသိစိတ်ကသာ သူ့အချစ်ကို ရှာရင်းလမ်းပျောက်ရင်ပျောက်မည်။ သူ့နှလုံးသားကတော့ မှန်ကန်စွာ ထိုကောင်လေးစီလျှောက်လှမ်းမှာပင်ဖြစ်သည်။

“အင်း”

အသံရှည်ဆွဲထူးရင်း မော့မယ်လုပ်လာတဲ့ ခေါင်းလုံးလုံးကို ဘုန်းပြည့်အာဏာ မြတ်နိုးတသနမ်းရသေးသည်။ ဘုန်းပြည့်အာဏာဟာ စိုင်းမာန်သစ်အပေါ် အကုန်လုံးထင်ထားတာထက်ကို မြတ်နိုးပါသည်။ သူကိုယ်တိုင်ထင်ထားတဲ့ အတိုင်းအတာထက်ပင် ကျော်လွန်၍ ထိုကောင်လေးကို သူချစ်မိပါ၏။

“နိုးပြီလား? ပြန်အိပ်ချင်အိပ်လေ”

“အင်း အိမ့်မင်္ဂလာဆောင်”

“အင်း သုံးနာရီမှလေ အခုမှ ဆယ့်နှစ်နာရီပဲရှိသေးတယ်”

“အင်း အဲဒါဆို ငါးမိနစ်လောက် ထပ်အိပ်ဦးမယ်”

ပြောကာ ပြန်အိပ်သွားသူသည် ဘုန်းပြည့်အာဏာ ဆုံဖူးသမျှထဲမှာ အအေးချမ်းဆုံးလူသားပင်ဖြစ်လိမ့်မည်။

___________________________________________________

“အာ့”

စိုင်းမာန်သစ်တစ်ဖက်ကို စောင်းလိုက်ရင်း ခါးက နာကျင်မှု့ကို ခံစားလိုက်ရတာဖြစ်သည်။

“ဘာလဲ? နာနေတုန်းလား? ကိုယ်ဆေးလည်းလိမ်းပေးထားပါတယ်”

ရုတ်တရတ်ငုတ်တုတ်ထထိုင်ကာ သူ့ကိုကြည့်နေတဲ့သူကြောင့် စိုင်းမာန်သစ်ပြောစရာစကားပင်ပျောက်ရှရပါသည်။ ဘာအကူအညီမှမပါဘဲနှင့် နွားသိုးကြိုးပြတ်သည့်သူထံမှ နာနေလားဆိုသည့်စကားကို ကြားလိုက်ရတာကြောင့် အံ့သြနေခြင်းဖြစ်သည်။

“အင်း သိပ်တော့ မနာတော့ဘူးရယ်”

အလိုတူအလိုပါက ကိုယ်ဖြစ်နေတာမို့ ထိုစကားပြောလိုက်ရခြင်းဖြစ်သည်။ ထို့ပြင် အနည်းငယ်ဟနေတဲ့ ဘုန်းပြည့်အာဏာရဲ့ ည၀တ်အင်္ကျီကနေတစ်ဆင့် သူကုတ်ထား ကိုက်ထားတဲ့ အရာပရပွကို တွေ့လိုက်ရတာကြောင့် ပိုစောဒကမတက်ရဲ။

“ကိုကို့ကို မေးမလို့”

စိုင်းမာန်သစ်က ထိုင်နေတဲ့ ဘုန်းပြည့်အာဏာကို မော့ကြည့်ကာ တဖျက်ဖျက်လက်နေတဲ့ မျက်လုံးတွေနဲ့ မေးသည်။ လက်တစ်ဖက်က မွေ့ယာပေါ်ထောက်ထားပြီး တစ်ဖက်က စိုင်းမာန်သစ်ဗိုက်ပေါ်တင်ထားတာဖြစ်တာကြောင့် ဘုန်းပြည့်အာဏာကို သူတော်တော်လေး ကြွေဆင်းနေရပြန်ပြီဖြစ်သည်။

“မနေ့က ကျွန်တော်နိုင်တယ်ထင်နေတာလားဆိုတာက?”

ဘုန်းပြည့်အာဏာက ဟွန်းကနဲ့ တစ်ချက်ရယ်ကာ ခေါင်းကိုငုံ့လိုက်သည်။ ထို့နောက် အိပ်ယာပေါ်ကနေဆင်းသွားပြီး မီးအိမ်ထင်ထားတဲ့ စားပွဲအောက်က အံဆွဲကို ဖွင့်လိုက်ကာ တစ်စုံတစ်ခုကို ယူလာသည်။ ထို့နောက် အိပ်ယာပေါ်ပြန်တက်လာပြီး ထိုအရာလေးကို စိုင်းမာန်သစ်အားပြသည်။

Lollipop ကကျန်တဲ့ပိုက်ချောင်းလေးတစ်ချောင်းပင်ဖြစ်သည်။

“အဲ့ဒီနေ့က ကိုယ်နိုင်တာ”

စိုင်းမာန်သစ်မျက်လုံးတွေ ပြုးသွားရပြန်ပါသည်။ ဘုန်းပြည့်အာဏာ နိုင်သည်ဆိုတာကို သူနားမလည်။

“ကိုယ်လမ်းတစ်၀က်တောင်မရောက်သေးဘူး ၀ါးစားလိုက်တာ”

စိုင်းမာန်သစ်တွေးသလို ဘုန်းပြည့်အာဏာက အချိုမကြိုက်သူပါ။ ဘယ်အချိုမကြိုက်တဲ့သူက Lollipop ကို စိမ်ပြေနပြေစားဖို့တွေးမည်လဲ။ တစ်ခါတည်းပြီးအောင် ၀ါးစားပြီး မြိုချလိုက်တာပေါ့။ ကလေးကို အနိုင်ကျင့်တယ်မဖြစ်ချင်လို့ မပြောဘဲနေတာကို စိုင်းမာန်သစ်က သူကုန်သွားတော့ ၀မ်းသာအားရသူ့ကို လှည့်ကြည့်ပြီး သူနိုင်ကြောင်းပြောခဲ့လေသည်။

အပျော်တွေကို မဖျက်ဆီးချင်တာကြောင့် ဘုန်းပြည့်အာဏာပြုံးသာပြလိုက်ပြီး ဘာဆုလိုချင်လဲမေးခဲ့ခြင်းဖြစ်သည်။

“ဟာ ညစ်တာ အဲဒါ”

မျက်နှာက ရဲတက်လာပြီး အလိုမကျကြောင်းပြနေတာမို့ ဘုန်းပြည့်အာဏာ အားရပါးရရယ်မိသည်။ စိုင်းမာန်သစ်က စိတ်ဆိုးတာလိုလို ရှက်တာလိုလို ပုံစံလေးဆို တအားချစ်ဖို့ကောင်းတာဖြစ်သည်။ သူ့ကောင်လေးမို့ ပြောတာမဟုတ်။ စိုင်းမာန်သစ်က တကယ် ချစ်စရာကောင်းတာဖြစ်၏။

“ကဲ မနက်စာစားဖို့ သွားရအောင် ထနိုင်လား?”

“ထနိုင်ပါတယ် အဲ့အကြောင်းမပြောလို့ရမလား ကျွန်တော်ရှက်လို့သေတော့မယ် ကိုကိုရ”

“ဟား အင်းမပြောတော့ဘူး မနေ့က ကျွန်တော် စောင့်ခဲ့ရတာကြာပြီဆိုပြီး ကိုယ့်ကိုလာနမ်းတဲ့ ကောင်လေးအကြောင်းကို မပြောတော့ဘူး”

“ဦးဘုန်းပြည့်အာဏာ!”

“ဘယ့်နှယ့် ဦးဘုန်းပြည့်အာဏာလဲ ကိုယ်မင်းထက် ငါးနှစ်ပဲကြီးတာပါ အခုမှ ကိုယ့်အသက်သုံးဆယ်”

“ဘယ်လိုပဲဖြစ်ဖြစ် အဘိုးကြီးပဲ”

“ကိုယ် အဘိုးကြီးမဟုတ်တာ သိရဲ့သားနဲ့”

စိုင်းမာန်သစ် ရှက်တာကြောင့် ခြုံထားတဲ့ စောင်ကို လက်နဲ့ဆုပ်လိုက်မိသည်။ ဘုန်းပြည့်အာဏာက လူစားအထိုးခံလိုက်ရတာလားဆိုတာ သူစုံစမ်းဖို့လိုနေပြီဖြစ်သည်။

“သွားဗျာ ကျွန်တော်ရေချိုးလိုက်ဦးမယ်”

“ဆောင်း၀င်နေပြီ ကလေး ရေချိုးလို့ဖြစ်ပါ့မလား ညကလည်း ချွေးထွက်ထားတာ တော်ကြာ”

“တော်တော့ ထပ်ပြောရဲပြောကြည့် ကိုကို့ကို မချစ်တော့ဘူး”

ကြည့်။ စိုင်းမာန်သစ်က တစ်ခါတရံ ကလေးဆန်တတ်သေးသည်။ တစ်ချို့အရာတွေက ကြည့်လေမြင်လေမဟုတ်လား။ စိုင်းမာန်သစ်ကတော့ ဘုန်းပြည့်အာဏာအတွက် ချစ်လေမြတ်နိုးမိလေပင်ဖြစ်၏။

“ဘာလို့ စိုက်ကြည့်နေတာလဲ မကြည့်နဲ့”

“ဒီတိုင်း ဘာလို့ မင်းကို မျက်ကွယ်ပြုဖို့ဆုံးဖြတ်ခဲ့တာလဲဆိုတဲ့ အကြောင်းအရင်းကို စဥ်းစားမရလို့ စိုင်းမာန်သစ်ဆိုတဲ့ ကောင်လေးကို ချစ်ဖို့တွန့်ဆုတ်မိနေခဲ့တဲ့ အကြောင်းအရင်းကို သိချင်လာလို့”

“ဟာဗျာ”

စိုင်းမာန်သစ်က မချစ်တော့လည်း မျက်နှာသေကြီးနဲ့ ချစ်ပြီဆိုတော့လည်း တားမရစီးမရတွေဖြစ်လာတဲ့ ဘုန်းပြည့်အာဏာကြောင့် မျက်နှာအရောင်က အနီရောင်ထက်ကို ပိုနေပြီဖြစ်သည်။ ဘုန်းပြည့်အာဏာက စိုင်းမာန်သစ် နှာခေါင်းလုံးလုံးကို လက်ညိုးနဲ့ လက်ခလယ်ကြားညှပ်ကာ ညှစ်လိုက်ပြီး စလိုက်တော့ စိုင်းမာန်သစ်က ဆူပုတ်သွားပြန်သည်။

“ကိုကို ဘာလုပ်တာလဲ? အား နာတယ်လို့”

“ဟွန်း ကောင်စုတ်လေး ရေချိုးမှာဖြင့် မြန်မြန်ချိုး ကိုယ်မင်းစားဖို့ တစ်ခုခုလုပ်ထားလိုက်မယ်”

ပြောကာ အိပ်ယာပေါ်က ထသွားတဲ့ ဘုန်းပြည့်အာဏာရဲ့ ကျောပြင်ကို ငေးရင်း စိုင်းမာန်သစ် နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိပါသည်။ ဘုန်းပြည့်အာဏာရဲ့ ကျောပြင်က သူ့အတွက် ၀မ်းနည်းဖို့မကောင်းတော့။ ဒီလူ သူ့ကို ချစ်တယ်ဆိုကတည်းက ဒီလူနဲ့ ပတ်သက်သမျှအကုန်လုံးဟာ သူကြည်နူးဖို့ဖြစ်လာတော့တာဖြစ်သည်။

“ကိုကို !”

စိုင်းမာန်သစ်ရဲ့ အော်ခေါ်သံကြောင့် တံခါးနားမရောက်ခင် ဘုန်းပြည့်အာဏာပြန်လှည့်ကြည့်လိုက်သည်။

“ရေတူတူချိုးမလား?”

“ဟား အဆိုးလေးပဲ”

ဘုန်းပြည့်အာဏာက ရယ်တော့ စိုင်းမာန်သစ်ကပါ လိုက်ရယ်မိသည်။ စိုင်းမာန်သစ်ရှိရာ အိပ်ယာဆီ ပြန်လျှောက်လာတဲ့သူကြောင့် အထိတ်တလန့်ဖြစ်သွားကာ

“ကျွန်တော်က နောက်တာနော် ကျွန်တော် ၀တ်ဖို့ အင်္ကျီမရှိဘူး ပြောမလို့”

ဘုန်းပြည့်အာဏာက အခုထိ အိပ်ယာထဲမှာ လှဲနေဆဲဖြစ်တဲ့ စိုင်းမာန်သစ်ကို အုပ်မိုးလိုက်ပြီး မျက်နှာနားကို ကပ်သွားလိုက်တော့ လေသံလေးက အဖျားခတ်တိုးသွားသည်။မျက်နှာနားကို တဖြည်းဖြည်းကပ်လာသည့် ဘုန်းပြည့်အာဏာကြောင့် စိုင်းမာန်သစ်မှာ အသက်ရှူပင်အောင့်ထားရသည်။

“ကိုယ့် ရှပ်အင်္ကျီတစ်ထည်ကို ယူ၀တ်ထားလိုက် ရမ်ခကို ဒီနေ့ငယ်လေး မင်္ဂလာဆောင်၀တ်ဖို့အတွက် ယူခဲ့ခိုင်းထားတယ် ပြီးမှ အဲဒါကို လဲ”

စိုင်းမာန်သစ်ရဲ့ နားနားကို ပါးစပ်ကပ်ကာ တိုးတိုးဖျဖျနဲ့ ပြောလိုက်တဲ့ အသံဖြစ်ပေမယ့် စိုင်းမာန်သစ် ကြက်သီးမွေးညှင်းတွေပင် ထသွားရသည်။ မျက်နှာအနီးကပ်ကြီးကြောင့် ရင်ခုန်လွန်ပြီးသေမလား။ ဘုန်းပြည့်အာဏာရဲ့ အပြုအမူတွေကြောင့်ဘဲ နှလုံးရောဂါရသေမလား စဥ်းစားနေရသည်

သေချာတာကတော့ ဘုန်းပြည့်အာဏာဆိုတာ စိုင်းမာန်သစ်ရဲ့ နှလုံးရောဂါအရင်းအမြစ်ပင်ဖြစ်သည်။ ဒီနှလုံးသားဟာ ဒီလူသားကြောင့် အမျိုးမျိုး ဗလောင်ဆူရပါသည်။

ထို့နောက် နားနားကခွာပြီး စိုင်းမာန်သစ်မျက်နှာကို ကြည့်နေသူကြောင့် မျက်နှာကို တစ်ဖက်လွှဲရပြန်သည်။ ဘုန်းပြည့်အာဏာ ပါးမို့မို့ကို တစ်ချက်ဖိကပ်လိုက်ပြီး ကိုယ်သင်းနံ့မွှေးမွှေးကို အလွတ်ကျက်နေမိသည်။ ဒီပါးဖောင်းဖောင်းတွေကို သူဘယ်သူ့လက်တွင်းမှ မအပ်နိုင်။

______________________________________________________

စိုင်းမာန်သစ်အတွက် ၀တ်စုံကိုရော၊ ဘုန်းပြည့်အာဏာအတွက် ၀တ်စုံကိုရော SL ကုမ္ပဏီရဲ့ Brand ကပဲ ရမ်ခက စီစဥ်ပေးသွားသည်။ စိုင်းမာန်သစ်အရင်က ၀တ်ဖို့ရာထားတဲ့ အင်္ကျီကို စိုင်းမာန်သစ်မ၀တ်ရသလို ဘုန်းပြည့်အာဏာ၀တ်ဖို့ စီစဥ်ထားတဲ့ အင်္ကျီကိုလည်း ဘုန်းပြည့်အာဏာ မ၀တ်ရပေ။

အနောက်တိုင်း၀တ်စုံဆိုလျှင် ဘုန်းပြည့်အာဏာကို ပြေးမြင်ရလောက်အောင်ထိ စမတ်ကျနေသောသူသည် Necktie မတပ်ထားတာတောင် ချောမောနေသည့်အသွင်ကိုဆောင်သည်။ တစ်ဆက်တည်းမှာ Limited ဖြစ်တဲ့ Leather Shoe ကလည်း ဘုန်းပြည့်အာဏာကို အရောင်မှိန်မသွားစေ။

ဆန့်တန်းနေတဲ့ မျက်ခုံးတွေက စိုင်းမာန်သစ်နဲ့တွေ့မှပဲ ပြေလျော့တော့မည်ထင်။ လှန်သိမ်းထားတဲ့ ဆံပင်တွေထဲက တစ်ချောင်းစနှစ်ချောင်းစဟာလည်း နဖူးပေါ်၀ေ့၀ဲကျနေသေးသည်။ ဘုန်းပြည့်အာဏာဟာ လည်ပြန်ငေးရုံသာမက မြင်သူတိုင်း ခြေလှမ်းတွေကို ရပ်သွားစေနိုင်သော ယောက်ျားတစ်ယောက်ဖြစ်သည်။

သို့သော် ထိုလူက သူ့ရှေ့မှာရှိတဲ့ ကောင်ကလေးရဲ့ ရှေ့မှာ ခြေလှမ်းတွေကို ရပ်တန့်လို့ ငေးကြည့်နေမိပါသတဲ့။

(OliviaThet-Eleanor’s Note – စိုင်းမာန်သစ်က ဘယ်လိုပုံစံလေးလဲဆိုတာ နောက်နေ့မှ ပြောပြပါ့မယ် တန်းလန်းထားရတာကို ကြိုက်တာမဟုတ်ပါဘူးဗျာ မတန်းလန်းရင် နောက်အပိုင်းရေးစရာမရှိတော့မှာမို့🤣❤)

@OliviaThet-Eleanor

__________________________________________________________________

Tags: read novel Lollipop Chapter 28 – Unicode, novel Lollipop Chapter 28 – Unicode, read Lollipop Chapter 28 – Unicode online, Lollipop Chapter 28 – Unicode chapter, Lollipop Chapter 28 – Unicode high quality, Lollipop Chapter 28 – Unicode light novel, ,

Comment

Leave a Reply

Chapter 28