Lollipop Chapter 6 – Unicode

All chapters are in Lollipop
A+ A-

ဘုန်းပြည့်အာဏာ အလုပ်တွေပြီးသွားတော့ လက်ပတ်နာရီကို တစ်ချက်ငုံ့ကြည့်လိုက်သည်။ အချိန်က ညဆယ်နာရီပင် ထိုးနေလေပြီ။ သူ့နဲ့ မျက်စောင်းထိုးစားပွဲက အတွင်းရေးမှူးအသစ်လေးဆီကို လှမ်းမျက်စပစ်လိုက်တော့ မောင်မင်းကြီးသားက ခုံပေါ်မှောက်ကာ ဘယ်အချိန်ကတည်းက အိပ်ပျော်နေသည်မသိ။

ဘုန်းပြည့်အာဏာ ထိုင်ခုံကနေထလိုက်ပြီး အိပ်ပျော်နေသည့် စိုင်းမာန်သစ်ဆီ ဖြည်းဖြည်းချင်း လျှောက်သွားမိသည်။

မျက်လုံးတွေကို မှိတ်ထားတာကြောင့် ဘုန်းပြည့်အာဏာအနည်းငယ်ပြုံးမိသွားသည်။ စိုင်းမာန်သစ်ရဲ့ မျက်၀န်းတွေက ယောကျ်ားလေးတန်မဲ့ သိပ်လှလွန်းနေတယ်မဟုတ်လား။ အထူးသဖြင့် သူ့ကို ငေးကြည့်တဲ့ အချိန်မျိုးတွေမှာဆို။

နဖူးပေါ်၀ဲကျနေတဲ့ ဆံစတွေကို အသာသပ်တင်ပေးလိုက်တော့ ညီညာတဲ့ မျက်ခုံးသွယ်သွယ်က ပေါ်လာသည်။ ဆံပင်ကိုသပ်တင်ပေးလိုက်ပြီးမှ ဘုန်းပြည့်အာဏာအသိပြန်၀င်လာသည်။ သူဘာတွေလုပ်နေမိတာလဲ။

“အင်း ဟင်း ကိုကို ဟင့်”

နောက်လှည့်တော့မယ့် ခြေလှမ်းတွေက ညည်းသံကြောင့် တန့်သွားသည်။ ဘုန်းပြည့်အာဏာပြန်လှည့်ကြည့်လိုက်တော့ ထိုကောင်လေးက အိပ်မက်မက်နေတာဖြစ်မည်။ သေချာကြည့်လိုက်မှ မှိတ်ထားတဲ့ မျက်လုံးဆီက မျက်ရည်တွေစီးကျနေသည်။ ဘုန်းပြည့်အာဏာမသိလိုက်မသိဘာသာဘဲ အဲဒီမျက်ရည်တွေကို ဖယ်ပေးလိုက်မိသည်။

မျက်ရည်တွေကျနေသည့် ထိုကောင်လေးကို မည်မျှပင် စိုက်ကြည့်မိနေခဲ့သည်မသိ။ တုန်ရီစွာ ညည်းတွားနေတဲ့ သူကို သူနှိုးလိုက်ဖို့လည်း မ၀ံ့ရဲခဲ့။

ဘုန်းပြည့်အာဏာ စိုင်းမာန်သစ်ကို လျစ်လျူရှု့ကာ မှန်တံခါးကနေတစ်ဆင့် အပြင်ကိုလှမ်းကြည့်လိုက်သည်။ မိုးတွေရွာနေတာပင်။ ဘုန်းပြည့်အာဏာ ပြတင်းပေါက်နားကိုကပ်ကာ လိုက်ကာကို ဖယ်ကြည့်လိုက်မိသည်။ အသည်းအသန်ကို ရွာနေတာ။ ရုံးခန်းက အသံလုံတာမို့ ဘာဆိုဘာသံမှမကြားရ။

အပြင်မှာတော့ ဒီမိုးနဲ့ဆို နားအူအောင်အသံတွေမြည်နေလိမ့်မည်။ ဘုန်းပြည့်အာဏာ အိမ်မပြန်ဖြစ်ဖို့ကသေချာသွားသည်။ ဘုန်းပြည့်အာဏာက မိုးရွာလျှင် အပြင်မထွက်တတ်။ ဆူညံသံတွေကို သူမကြိုက်ခြင်းဖြစ်သည်။ သို့သော် တစ်ဖက်ကလည်း ပြန်ဖို့ စိတ်ကလောနေသည်။ သူ့ညီမငယ်ကို သူစိတ်မချ။ အိမ်တော့ပြန်ရောက်နေမှာပါဟု အထိတ်တလန့်တွေးမိသည်။

စားပွဲကို ပြန်သွားလိုက်ကာ ဖုန်းကိုကောက်ကိုင်ပြီး ညီမဖြစ်သူထံဖုန်းဆက်လိုက်သည်။ မကိုင်တာကြောင့် ထပြီး ပြေးတော့မလိုပင်ဖြစ်သွားရသည်။ ရမ်ခကတော့ အောက်ထပ်က သူ့အခန်းမှာ ရှိလောက်မည်။ ရမ်ခက ကုမ္ပဏီမှာပဲနေသည်။ တစ်နည်းအားဖြင့် ဘုန်းပြည့်အာဏာအနားမှာသာနေသည်။

အိမ်ဖုန်းကို ဆက်လိုက်တော့မှ ဖုန်းက ကိုင်သည်။ တစ်ဖက်က ဘုန်းပြည့်အာဏာရဲ့ ဖခင် ဦးသီဟနိုင်ရဲ့ အသံက အိပ်ချင်မူးတူးထွက်ပေါ်လာသည်။

“ဟယ်လို”

“ဟယ်လို ဖေဖေ ငယ်လေး အိမ်ပြန်ရောက်ပြီလားလို့”

“မင်း ညီမ ဒီနေ့ဘယ်မှမသွားဘူး”

ဘုန်းပြည့်အာဏာရဲ့ သက်ပြင်းက အခုမှ ချနိုင်ရသည်။

“သြော် သူ့ဖုန်းကို ဆက်တာမကိုင်လို့”

“အိပ်ပြီနေမှာပေါ့ ဘယ်ချိန်ရှိနေပြီလဲ လူအိပ်ချိန်ရောက်နေပြီ”

“ဖေဖေကရော”

“ဟေ့ကောင် ငါလည်း အိပ်နေရာကနိုးလာတာ”

“ဒါဆိုလည်း ဆက်အိပ်တော့ ကျွန်တော် ဒီနေ့ ပြန်မလာဘူး”

“လာလည်း ခြံတံခါးဖွင့်မပေးဘူး”

ပြောကာ ချက်ချင်းဖုန်းကို ချသွားသော ဖခင်ကြောင့် ဘုန်းပြည့်အာဏာသက်ပြင်းချလိုက်ရသည်။ တော်သေး ငယ်လေးက ဘယ်မှမသွားတာမို့။ စားပွဲခုံပေါ်မှောက်နေတဲ့ အတွင်းရေးမှူးသစ်ကို မနှိုးချင်တာကြောင့် သူ့အပေါ်ကုတ်ကို လွှားခြုံပေးခဲ့ပြီး တစ်ဖက်ခန်းကို သွားဖို့ ပြင်လိုက်ပြီး လပ်တော့ကို ကောက်ယူလိုက်သည်။

အလုပ်က မပြီးသေးတာကြောင့် အိပ်ယာထဲမှ ဆက်လုပ်ရဦးမည်ဖြစ်သည်။ စိုင်းမာန်သစ် ဇက်နာတာ မနာတာ သူ့အရေးမဟုတ်။ တကယ်လည်း သူအဖတ်မလုပ်။ စိုင်းမာန်သစ်နဲ့ ပတ်သက်လာရင် သူက ငါးမိနစ်တာလောက်ပဲ အသိစိတ်လွတ်လွတ်သွားတတ်တာ။ အဟက် ဒီလိုတွေပြောနေရအောင်လည်း စိုင်းမာန်သစ်နဲ့ သူနဲ့က ဥက္ကဌနဲ့အတွင်းရေးမှူးဆက်ဆံရေးသာသာ။

ဘုန်းပြည့်အာဏာယဲ့ယဲ့သာ ပြုံးလိုက်ပြီး တစ်ဖက် အိပ်ခန်းကို ကူးသွားတော့သည်။ စိုင်းမာန်သစ်ကတော့ မျက်ရည်တွေဆက်ကျနေဆဲ။

_________________________________________________________

“တိုတို တိုတို”

“ဟင် ပြောလေ အသစ်”

စိုင်းမာန်သစ် အငယ်လေးက Lollipop တစ်လုံးကို ချစ်စဖွယ်စားရင်း ခေါ်လိုက်သည်။ သေချာပေါက် အဲဒီ Lollipop က တစ်ဖက်က ပြန်ထူးလိုက်တဲ့ ကိုကိုဆိုသူ ၀ယ်ပေးထားတာဖြစ်ပါလိမ့်မည်။

“တိုတို့မေက ပါပါးကို ဘာလို့မချစ်တာလဲဟင်”

ကလေးငယ်ရဲ့ အမေးကြောင့် တစ်ဖက်လူမျက်ခုံးတွေ တွန့်ချိုးသွားရသည်။

“ဘာလို့လဲ အသစ်”

“မနေ့ကယေ တိုတို့မေက ပါပါးကို အော်တယ် ကျယ်ကြီး”

“ဘာမှမဟုတ်လောက်ပါဘူး အသစ်ကလေးရဲ့”

“ပြီးတော့ယေ”

“အင်း ဘာလဲ?”

“အသစ်ကိုလည်း ကိုကိုနဲ့ ဆော့ရ၀ူးတဲ့”

“ဟင်”

“တိုတိုက အသစ်ကို လာလာပေါ့ ၀ယ်ကျွေးတော့၀ူးလားဟင် နောက်ဆို”

“ကိုကိုက အမြဲတမ်း ၀ယ်ကျွေးမှာ ဟုတ်ပြီလား အရွယ်လေးနဲ့မလိုက်အောင် တအားတွေးမနေနဲ့တော့”

“ဟီး တိုတို့ကို ချစ်”

“ကိုကိုကလည်း အသစ်ကလေးကို တအားချစ်”

စိုင်းမာန်သစ်အငယ်လေးဟာ Strawberry Lollipop လေးကို မဆန့်မပြဲ ငုံရင်း ချစ်စရာကောင်းအောင် တစ်ခစ်ခစ် ရယ်တတ်ပြန်ပါသေးသည်။

“မေမေ အသစ်ကို ဘာတွေသွားပြောထားတာလဲ?”

“အသစ် အသစ်နဲ့ တော်တော်အဖြစ်သည်းမနေနဲ့”

“အသစ်က ငယ်ငယ်လေးရှိသေးတာ မေမေက ဘာလို့ကလေးကို စိတ်ဒဏ်ရာသွားပေးနေတာလဲ”

“မင်းလည်း ငယ်ငယ်လေးရှိသေးတာ မင်းဘာသာ ဘယ်လောက်ရင့်ကျက်တယ်ပြောပြော ငါက မင်းအမေ မင်းထက် အကုန်လုံးကို သိတယ်”

“အသစ်က သူ့အမေနဲ့ တင် စိတ်ဒဏ်ရာက ရပြီးသားကို မေမေက ဘာလို့သွားထိချင်နေရတာလဲ”

“ငါထိတာမဟုတ်ဘူး သူ့အဖေ အချိုးမပြေတာတွေချည်း မင်းလည်း ဒီလို အသစ်အသစ်နဲ့ လုပ်နေရင် အိမ်ပြောင်းဖို့ထိ မေမေ ၀န်လေးမှာမဟုတ်ဘူး နောက်တစ်ခါ ဘယ်တော့မှ အဲ့ကလေးနဲ့ မတွေ့ရအောင်ထိ မေမေလုပ်မှာ”

“ဟင့်အင် တိုတို့ကို ခေါ်သွားနဲ့ တိုတိုက အသစ်နဲ့နေမှာ အီးဟီး”

ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော စိုင်းမာန်သစ်အငယ်လေးသည် သူတို့သားမိပြောနေတာတွေအစအဆုံးကို နားမလည်သော်လည်း သူ့ဆီကနေ သူခင်တွယ်ရသည့်သူကို ဆွဲထုတ်တော့မည်ဆိုသည်ကိုတော့ သဘောပေါက်ဟန်ရှိသည်။

“အသစ် ဘယ်တုန်းထဲက ရောက်နေတာလဲ”

“အီးဟီး တိုတိုက သွားဘူး အီး တိုတို တိုတို အားး”

စိုင်းမာန်သစ် ငယ်ဘ၀အိပ်မက်ကနေ ထိတ်လန့်စွာ နိုးထလာရသည်။ နဖူးပေါ်က ချွေးစတွေကို လက်ဖမိုးနဲ့ဖယ်မိတော့ ပုခုံးပေါ်လွှားထားတဲ့ ကုတ်က လျှောကျသွားရသည်။ ဘုန်းပြည့်အာဏာခြုံပေးထားသည်ဟူသော အသိ၀င်လာသောလည်း သူ့မှာ မကြည်နူးအား။ အိပ်မက်ထဲမှာ ရှိုက်ငိုခဲ့တဲ့ အရှိန်က မသေသေးတာမို့ ခုထိမောနေမိသည်။

နာရီကို ကြည့်လိုက်တော့ ဆယ့်နှစ်နာရီထိုးနေပြီ။ ဘုန်းပြည့်အာဏာက ပြန်သွားတာလား။ သူ့ကို တစ်ချက်ကလေးမှ မနှိုးဘဲနဲ့လေ။ မှောင်မဲနေတဲ့ ရုံးခန်းထဲမှာ စိုင်းမာန်သစ် သရဲ မကြောက်တတ်သော်ငြား နည်းနည်းတော့ ချမ်းစိမ့်စိမ့်ဖြစ်မိသည်။

လပ်တော့အိတ်ကို ကောက်ဆွဲလိုက်ကာ စိုင်းမာန်သစ်ပြန်ဖို့ပြင်လိုက်သည်။ ရုံးခန်းအပေါက်၀ကနေထွက်တော့ လူရိပ်ကို မြင်လိုက်ရတာကြောင့် စိုင်းမာန်သစ်လှည့်ကြည့်လိုက်ရာ ဘုန်းပြည့်အာဏာဖြစ်နေလေသည်။

ဘုန်းပြည့်အာဏာက အလုပ်တွေလက်စသတ်ပြီး ရေဆာလာတာကြောင့် မီးဖိုခန်းကို ကူးချိန်နဲ့ စိုင်းမာန်သစ် ရုံးခန်းထဲက ထွက်တဲ့အချိန်နဲ့ ကွက်တိဖြစ်သွားခြင်းဖြစ်သည်။

ထုံးစံအတိုင်း ည၀တ်အင်္ကျီကို ရင်ဘတ်ဟ၀တ်ထားတာကြောင့် ဘုန်းပြည့်အာဏာရဲ့ ရင်အုပ်မို့မို့နဲ့ ကြွက်သားအမြောင်းမြောင်းကို အတိုင်းသားမြင်နေရသည်။ တော်သေးသည် မီးကို မှိန်ပြပြဘဲဖွင့်ထားတာကြောင့်။ လင်းထိန်နေအောင်သာဖွင့်ထားရင် စိုင်းမာန်သစ် အဲ့ဒီနားတင် သံဓာတ်အားနည်းပြီး မေ့လဲသွားလိမ့်မည်။

“မင်းက ပြန်မလို့လား”

“ဟုတ်တယ်ဗျ”

“ဘယ်အချိန်ရှိနေပြီလဲ ကြည့်ဦး”

“ဆယ့်နှစ်”

လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ရင်း စိုင်းမာန်သစ်ဖြေလိုက်သည်။

ဒီကောင်လေးကတကယ် အူကြောင်ကြောင်ပါဆို။ တကယ်နာရီမသိလို့ မေးနေတယ်များ ထင်နေတာလား။

“နောက်ကျနေပြီ ပြန်ဦးမှာလား?”

“မပြန်ရင် ကျွန်တော်က ဘယ်နားအိပ်ရမှာတုန်း”

“ခုဏလို စားပွဲပေါ်မှောက်အိပ်လေ”

“မအိပ်တတ်ဘူး”

“ခုဏကကျဘယ်လိုအိပ်နေတာလဲ?”

“အဲဒါက အဲဒါ အခုကျွန်တော် မအိပ်တတ်ဘူး”

“မင်းပြန်ရင် အထပ်ငါးဆယ် လှေကားကနေဆင်းရမှာ အောက်လည်းရောက်ရော မိုးလည်းလင်းရော မင်းလည်းအမောဆို့သေရော”

‘သည်းခံစမ်း သည်းခံစမ်း အဲဒါ မင်းနှစ်နှစ်လုံးလုံး ချစ်နေခဲ့ရတဲ့ လူဘဲ စိုင်းမာန်သစ်ဘယ်လောက် စကားပြောတာ အပေါက်အလမ်းမတည့်ဘူး ပြောပြော သူက မင်းအလုပ်ရှင် စိုင်းမာန်သစ် သည်းခံ သည်းခံ’

စိုင်းမာန်သစ် စိတ်ထဲကနေ ရေရွတ်လိုက်ပြီး ဘုန်းပြည့်အာဏာကို ပြန်မော့ကြည့်လိုက်သည်။

“ဓာတ်လှေကားတွေကရော”

“ဆယ့်နှစ်ဆိုပိတ်ပြီလေ တီတီတီနဲ့ကြားလိုက်လား အခုစပိတ်နေပြီ”

သူ့ဘာသာပြန်ရင် မီနေဦးမှာကို ဒီလူကြီးနဲ့ စကားပြောနေလို့ ပြန်မရတော့တာ။

“ဟာ ခုဏကတည်းက ပြန်ရင်မီမှာကို”

စိုင်းမာန်သစ် ဆူအောင့်အောင့်နဲ့ တောက်ခေါက်တော့မလိုပင်ဖြစ်သွားရသည်။ စိတ်ရှိတိုင်းသာဆို ဘုန်းပြည့်အာဏာကို ဆွဲဆွဲပြီးထိုးချင်တာပဲ။ နှုတ်ခမ်းနဲ့ ပြောတာပါ။ သောက်ကျင့်က တစ်စက်မှမကောင်းတဲ့ လူကြီး။

ဘုန်းပြည့်အာဏာကလည်း မချိပြုံးပြုံးလိုက်ပြီး ရေခွက်ကို ယူကာ သူ့အိပ်ခန်းထဲကို လှည့်ပြန်၀င်သွားလိုက်သည်။

“ချီးပဲ ဘာလို့ ဒေါသထွက်နေတဲ့အချိန်မှာတောင် ခင်ဗျားနောက်ကျောက အဲလောက် ကြည့်ကောင်းနေရတာလဲ?”

@OliviaThet-Eleanor
_____________________________________________________________

Tags: read novel Lollipop Chapter 6 – Unicode, novel Lollipop Chapter 6 – Unicode, read Lollipop Chapter 6 – Unicode online, Lollipop Chapter 6 – Unicode chapter, Lollipop Chapter 6 – Unicode high quality, Lollipop Chapter 6 – Unicode light novel, ,

Comment

Leave a Reply

Chapter 6