Lollipop Chapter 8 – Unicode

All chapters are in Lollipop
A+ A-

တစ်ဖက်လှည့်အိပ်နေတဲ့ ဘုန်းပြည့်အာဏာရဲ့ ကျောပြင်ကို စိုင်းမာန်သစ် ငေးနေမိသည်။ စောင်ကို ဆွဲခြုံရင်း အဲဒီကျောပြင်ကို ထိကြည့်ချင်စိတ်က တဖွားဖွား။ လက်သွယ်သွယ်ကို ရှေ့ထုတ်လိုက် ပြန်ရုတ်လိုက်နဲ့ ဘယ်နှခါတောင်ရှိနေခဲ့ပြီပင်မသိ။

“မင်း မအိပ်သေးဘူးလား?”

လှမ်းနေတဲ့ လက်တစ်ဖက်က လေထဲမှာတင်တန့်သွားသည်။ ဘုန်းပြည့်အာဏာအိပ်နေပြီထင်ခဲ့တာသူမှားသွားသည်ပင်။

“ဟို အင်း အိပ်မပျော်သေးလို့”

“ငါကတော့ အိပ်ချင်နေပြီမို့ ငြိမ်ငြိမ်နေ”

“ဟင် ကျွန်တော်ဘာလုပ်လို့လဲ”

“မသိဘူးကွာ မင်းကို ကျောပေးထားရတာနောက်ကျောမလုံဘူး”

ရုတ်တရတ် သူ့ဘက်ကို လှည့်အိပ်လာတဲ့ ဘုန်းပြည့်အာဏာကြောင့် စိုင်းမာန်သစ် မျက်လုံးတွေပင်ပြူးသွားရသည်။ မှေးစင်းနေတဲ့ မျက်လုံးပေါ်က မျက်ခုံးတွေက အရင်လို တွန့်ချိုးမနေဘဲ ပြေလျော့နေတာကြောင့် ပိုပြီးပင်ကြည့်ကောင်းနေသည်။

ငေးပြီးရင်း ငေးပြီးရင်း။

‘ငေးပြီးရင်းသာ ငေးနေချင်တော့တာပဲ ခင်ဗျားရယ်။’

ထိုစဥ် ဖွင့်ဟလာတဲ့ မျက်လုံးတစ်ဖက်ကြောင့် စိုင်းမာန်သစ် နေစရာပျောက်သွားရပြန်သည်။ မျက်လုံးတစ်ဖက်ကိုသာ လှန်ကြည့်ပြီး ဘုန်းပြည့်အာဏာက စိုင်းမာန်သစ်ကို ကြည့်နေသည်။

“မင်း မအိပ်ဘဲ ငါ့မျက်နှာကို ပေါက်ထွက်အောင်ကြည့်နေတော့မှာလား?”

“ဟို”

“မအိပ်ဘူးဆို အလုပ်သွားဆက်လုပ်နေ သွား”

“ဥက္ကဌက မီးဖွင့်ပြီးပဲအိပ်တတ်တာလား?”

“ဟင့်အင် ပုံမှန်ဆို မီးပိတ်အိပ်တယ် မင်း မီးပိတ်ပြီး အိပ်တတ်လားမသိလို့”

စိုင်းမာန်သစ်ရင်ဘတ်ထဲမှာ လိပ်ပြာတွေပျံနေပြီ ဖလပ်လပ်န‌ှင့်။ အခု ဘုန်းပြည့်အာဏာက သူ့အတွက်ကို တွေးပေးလိုက်သည်ဆိုတာက သူ့ရင်ကိုလှုပ်ခါသွားစေသည်။

“အာ ကျွန်တော်ကလည်း မီးပိတ်ထားမှ အိပ်တတ်တာ”

“ဒါဆိုလည်း ငါထပိတ်လိုက်တော့မယ်”

________________________________________________________________

စိုင်းမာန်သစ် အစောကြီးနိုးလာခဲ့ခြင်းဖြစ်သည်။ ဘေးကိုကြည့်တော့ ဘုန်းပြည့်အာဏာဟာ အိပ်နေဆဲပင်။ ဇာတ်ကားတွေထဲကလို နိုးလာရင် ဘုန်းပြည့်အာဏာရင်ခွင်ထဲကို ရောက်နေခဲ့ချင်ပေမယ့် သူတို့နှစ်ယောက်လုံးဟာ ခုတင်အစွန်းဆီကနေ တစ်ချက်မှတောင်ရွေ့မနေဘူး။

စိုင်းမာန်သစ် စောင်ကို အသာလှစ်လိုက်ကာ ထဖို့ပြင်လိုက်သည်။ မွေ့ရာက အိစက်နေတာကြောင့် သူထလိုက်တာနဲ့ တစ်ဖက်ကို နှိမ့်ဆင်းသွားသည်။ အတတ်နိုင်ဆုံးကိုယ်ကိုဖော့ပြီး ခုတင်ပေါ်ကဆင်းခဲ့လိုက်သည်။

တိတ်တိတ်ကလေးပဲ အခန်းထဲကနေထွက်ပြီး ရုံးခန်းထဲက အိတ်ကို ယူကာပြန်ဖို့ပြင်လိုက်ရပြန်သည်။ ရုံးခန်းထဲကပြန်အထွက် အပေါက်၀မှာတွေ့လိုက်ရတဲ့ လူကြောင့် စိုင်းမာန်သစ် တစ်ခါလန့်ရပြန်သည်။

“အမလေး”

“ငါ့ရုပ်က အဲ့လောက်လန့်ဖို့ကောင်းနေတာလား?”

“ဟို မဟုတ်”

“ပြန်တော့မလို့လား?”

“ဟို ဟုတ်”

“ဒီချိန်ပြန်ရင် မင်းကဘယ်ချိန်မှ ပြန်လာမှာလဲ?”

“ဥက္ကဌကြီးကလည်း ခုမှ ခြောက်နာရီခွဲရှိသေးတာကို”

“ခုနှစ်နာရီခွဲရင် နယ်ဘက်သွားစရာရှိတယ်”

“ဗျာ အဲဒါကျွန်တော်လိုက်ရမှာလား?”

“လိုက်ရမှာပေါ့ မင်းက အချိန်ပြည့်အတွင်းရေးမှူးလို့ပြောထားတယ်လေ”

“ကျွန်တော်က တမြန်မနေ့ကမှ အလုပ်စဆင်းတာလေ”

စိုင်းမာန်သစ်က ဒီကကိစ္စတွေနဲ့ ဘာမှ အကျွမ်းတ၀င်မရှိသေး။ သူ့စားပွဲပေါ်က စာရွက်ပုံကြီးကိုတောင် သူတစ်၀က်ကျိုးအောင်မဖတ်ရသေး‌ေပ။ အခုလို နယ်ဘက်ကိစ္စတွေက ရမ်ခကို ခေါ်သွားသင့်တာမဟုတ်ဘူးလား။

“မင်းက ဒါတွေပဲ။ အကျွမ်းတ၀င်ရှိနေအောင်လို့လေ သွား ပြင်တော့”

“ဗျာ”

“နယ်ဘက်ကို သွားဖို့ ပြင်ခိုင်းနေတာ”

“ကျွန်တော် အိမ်ခဏတော့ ပြန်လိုက်ဦးမယ် အချိန်မီပြန်လာခဲ့ပါ့မယ်”

“မလိုချင်ဘူး နောက်ကျတာ ငါမကြိုက်ဘူး”

‘ဂါးးး။ ကုတ်ဖြဲလိုက်ရ’

ဒီလူကြီးကို စိုင်းမာန်သစ်လုပ်ဖောက်ချင်လာပြီ။ ဘယ်လိုတွေဖြစ်နေရတာလဲ။ အိမ်ပြန်ရေမိုးချိုးတာ ဘယ်လောက်ကြာမှာမို့လို့လဲ။ စိတ်ရှိတိုင်းသာဆို အော်ပစ်ပြီး တွန်းထွက်သွားမှာဖြစ်ပေမဲ့ စိုင်းမာန်သစ်မှာ လုပ်ဖို့အင်အားမရှိ။

“ဒါဆို ကျွန်တော် အ၀တ်လေးတော့ သွားလဲပါရစေဦး နော် အဲဒါတော့ရတယ်မို့လား ဒီအောက်က အရောင်းဆိုင်ထဲကဟာပဲ နှိုက်၀တ်လိုက်ပါ့မယ် နော်”

“မင်းကိစ္စ”

ပြောကာ လှည့်ထွက်သွားသော ဘုန်းပြည့်အာဏာကို နှစ်ပတ်လောက်လည်သွားအောင် နားပန်ကျင်းပစ်လိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ စိုင်းမာန်သစ်တွေးမိလိုက်သည်။ သူနဲ့ဘယ်ဘ၀က ရန်ငြိုးတွေရှိနေလို့ ဒီနှစ်ရက်အတွင်းမှာကို သူ့ကို ဒီလောက်နှိပ်စက်နိုင်ရတာလဲ။ ဒီလူကြီးကို သူဘယ်လိုများချစ်မိခဲ့တာလဲဆိုတာ စိုင်းမာန်သစ်တွေးရင်း ကိုယ့်ကိုကိုယ်သာ နားပန်ပြန်ကျင်းချင်တော့သည်။

အ၀တ်လဲဖို့ဆိုမှ သူသတိရတာက ရေချိုးဖို့။ မနေ့ကလည်း နေမကောင်းလို့ သူတစ်နေကုန်ရေမချိုးရဘူး။ လူက ငြီးစိစိနဲ့ တော်တော်နေရခက်နေပြီ။ ထိုစဥ်စိုင်းမာန်သစ်ရဲ့ ခေါင်းထဲကို ဂျစ်ကန်ကန်အတွေးလေးတစ်ခု ၀င်ရောက်လာသည်။ လူယုတ်မာအပြုံးနဲ့အတူ အပေါ်ဆုံးထပ်ကို ရွေ့နေတဲ့ ဓာတ်လှေကားပေါ်မှာ တပျင်းတရိပါလာလေသည်။

စိုင်းမာန်သစ် အပေါ်ဆုံးထပ်ကို ရောက်တော့ တန်းတန်းမတ်မတ်သွားတာက ဘုန်းပြည့်အာဏာရဲ့ အိပ်ခန်းကိုပင်။ တံခါးကို ဖွင့်လာတဲ့ စိုင်းမာန်သစ်ကို ဘုန်းပြည့်အာဏာက ကြောင်ပြီးကြည့်နေသေးသည်။ စိုင်းမာန်သစ်ကတော့ ဘုန်းပြည့်အာဏာကို ရှိသည်လို့ပင်မထင်။ ရေချိုးခန်းရှိရာကိုသာတန်းတန်းမတ်မတ်သွားသည်။

“ဟေ့ ဟေ့ အဲဒါ ဘယ်လဲ?”

“ရေချိုးခန်း ၀င်မလို့လေဗျ”

“ဘာပြောလိုက်တယ်?”

ဘုန်းပြည့်အာဏာကြားရသည့်စကားပင်မယုံနိုင်စွာပင်။ သူ့ရေချိုးခန်းကို စိုင်းမာန်သစ်က ၀င်သုံးဖို့ကြိုးစားနေတာလား အခု?။

“ကျွန်တော် ရေချိုးရမယ်လေ မနေ့ကလည်းချိုးမထားတော့ တော်တော်ငြီးစိစိဖြစ်နေပြီ ဥက္ကဌကြီး ချိုးပြီးပြီမဟုတ်လားဗျ”

“နေဦး မင်း ဘာရူး ဟေ့ကောင် ဟေ့ စိုင်းမာန်သစ်”

ဘုန်းပြည့်အာဏာစကားမဆုံးခင်ပင် စိုင်းမာန်သစ်က ရေချိုးခန်းထဲကို လှစ်ကနဲ့၀င်သွားလိုက်ပြီဖြစ်သည်။ ရေချိုးခန်းတံခါးကို လော့ချလိုက်ရင်း စိုင်းမာန်သစ် အချီကြီးပြုံးပြစ်လိုက်သည်။ သူ့ကို ဒီလိုကြောလို့ရမလား။

“အလကားသက်သက်အနိုင်ကျင့်နေတဲ့ လူယုတ်မာကြီး”

အပြင်ဘက်မှာ ဒေါသတွေတထောင်းထောင်းထွက်ပြီး ကျန်နေခဲ့မယ့် ဘုန်းပြည့်အာဏာရဲ့ ရုပ်ကိုတွေးရင်း စိုင်းမာန်သစ် ရေချိုးရင်း သီချင်းလေးပင်ညည်းလိုက်မိသေးသည်။ အပြင်တွင် ကျန်ရစ်ခဲ့သော အနှီဘုန်းပြည့်အာဏာမှာလည်း သေချာပေါက် မကျေမနပ်တွေဖြစ်နေပါတော့သည်။

သူ့တစ်သက်နဲ့တစ်ကိုယ် ရေချိုးခန်းလည်း မျှမသုံးခဲ့ဖူးသလို အိပ်ယာပေါ်လည်း လူမတင်ခဲ့ဖူးဘူး။ အယုတ်စွဆုံး ငယ်လေးကို ဖွင့်မပြောရသေးခင် တွဲခဲ့တော့ကောင်မလေးတွေ တောင်မှ သူ့အခန်းထဲကို ၀င်ဖူးကြတာမဟုတ်ဘူး။ နောက်ဆုံး ငယ်လေးတောင်မှ သူ့အခန်းထဲကို ၀င်လေ့မရှိ။

စိုင်းမာန်သစ်ကိုတော့ အိပ်ယာပေါ်ခေါ်တင်လိုက်ရသည့်အပြင် သူစားဖို့ညစာပါလုပ်ပေးလိုက်ရသေးသည်။ အခုအဲဒီကောင်က သူ့ရေချိုးခန်းထဲကိုပါ ပိုင်စိုးပိုင်နင်းနဲ့ ၀င်သွားသေးသည်။ စိုင်းမာန်သစ်က နှိပ်စက်ခံနေရတာလား သူက နှိပ်စက်ခံနေရတာလားဆိုတာတောင် မသဲကွဲတော့ဘူး။

စိုင်းမာန်သစ်ထွက်လာတော့ ဘုန်းပြည့်အာဏာက ၀တ်စုံပြည့်နဲ့ ခုတင်ခြေရင်းမှာ ခြေကလိမ်ချိတ်ကာ လက်ပိုက်စောင့်နေသည်။ စိုင်းမာန်သစ်လည်း ဘုန်းပြည့်အာဏာကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး ခေါင်းကိုသာ သုတ်နေလိုက်သည်။

ဘုန်းပြည့်အာဏာကတော့ တဘတ်အဖြူကိုခါးပတ်ထားပြီး နောက်တစ်ထည်ကို လည်ပင်းချိတ်ထားတဲ့ စိုင်းမာန်သစ်ကို ကြည့်ရင်း မျက်မှောင်ကုတ်နေဆဲ။ ပါးစပ်ဟကာ ပြောမလို့ပြင်လိုက်စဥ် ဘုန်းပြည့်အာဏာရဲ့ အကြည့်က စိုင်းမာန်သစ်ရဲ့ ဗိုက်ဆီကိုရောက်သွားသည်။

ချက်ပေါ်က ကန့်လန့်ဖြတ်အမှတ်အသားကို စိုက်ကြည့်ရင်း မျက်ခုံးနှစ်ဖက်က မြင့်တက်သွားသည်။ ဒါကို သတိထားမိတဲ့ စိုင်းမာန်သစ်က ပုခုံးပေါ်က တဘတ်နဲ့ ချက်ကိုဖုံးလိုက်သည်။

“အမာရွတ်က?”

“ငယ်ငယ်က ကစားရင်းခိုက်မိထားတာ”

စိုင်းမာန်သစ် မျက်နှာလွှဲကာဖြေရင်း အ၀တ်ကို မြန်မြန်ကောက်၀တ်လိုက်သည်။ ကြောင်ကာကြည့်နေဆဲဖြစ်သော ဘုန်းပြည့်အာဏာကို လှည့်ကြည့်လိုက်ကာ စိုင်းမာန်သစ်နှင်ရတော့သည်။

“ဥက္ကဌကြီးခင်ဗျ အပြင်ခဏထွက်ပေးမလားဗျ ကျွန်တော်ဘောင်းဘီ၀တ်မလို့ပါ”

“သြော် အေးအေး”

ဘုန်းပြည့်အာဏာက ကြောင်တောင်တောင်နဲ့ နာခံစွာ အပြင်ကိုထွက်သွားပေးလိုက်ပြီးမှ သူ့အခန်းထဲကနေ သူ့ကိုနှင်ထုတ်လိုက်သည့်အဖြစ်ကို သိလိုက်ရသည်။ ဒါတွေကို မကြိုက်တာ။ စိုင်းမာန်သစ်က ဒီအချိန်ခဏလေးအတွင်းမှာကို သူ့ကိုခြယ်လှယ်နေသလိုမျိုး။ အဲ့ကောင်‌ေလးက ဘာကောင်မို့လို့ သူက ဒီလိုတွေဖြစ်နေရတာလဲ။

“မင်းက ပြုစားတာကို အထူးတလည်ကျွမ်းကျင်တာမျိုးလား စိုင်းမာန်သစ် ကျားမမရွေးလေ”

*Bizzz Bizzz

အိတ်ကပ်ထဲက ဖုန်းသံထွက်လာတာကြောင့် ဘုန်းပြည့်အာဏာ ထုတ်ကြည့်လိုက်တော့ ငယ်လေးဖြစ်နေသည်။ ထူးထူးခြားခြား သူ့ညီမက သူ့ကိုဖုန်းတွေဘာတွေဆက်နေတာပါလား။ သူ သူ့ညီမကို ညီမလေးထက်ပိုကြောင်း ဖွင့်ပြောပြီးကတည်းက သူ့ကို တစ်ခါမှ စကားစမပြောခဲ့ပေ။

“ဟယ်လို ငယ်လေး”

“ကိုကို ဘာတွေလုပ်နေတာလဲ?”

ကြားလိုက်ရတဲ့ ဒေါသတကြီးအသံကြောင့် သူ့ညီမ လက်ထပ်ပွဲအကြောင်းကို သိသွားပြီဆိုတာ ဘုန်းပြည့်အာဏာတွေးမိပြီး ပြုံးလိုက်သည်။ တုံ့ပြန်မှု့က ထင်ထားတဲ့အတိုင်းပင်။

“ကိုကို လုပ်သင့်တာကိုလုပ်နေတာလေ”

“ကိုကိုက လုပ်ချင်တာကို လုပ်နေတာ ကိုကိုက အတ္တသမား”

“ငယ်လေးကို ချစ်တာ အတ္တဖြစ်သွားသလား?”

“ကိုကိုက ငယ်လေးကို မချစ်ဘူး ကိုကိုက ကိုကို့ အတ္တတွေနဲ့ နစ်မွန်းနေတာ ကိုကိုတင်နစ်မွန်းနေတာမဟုတ်ဘဲ ငယ်လေးကိုပါ သတ်နေတာ”

“ဥက္ကဌကြီးခင်ဗျ သွားလို့ရပါပြီ”

နောက်ကနေ စိုင်းမာန်သစ်ရဲ့ အသံကိုကြားလိုက်ရတာကြောင့် ဘုန်းပြည့်အာဏာတစ်ချက်လှည့်ကြည့်လိုက်ကာ ဖုန်းချဖို့ပြင်လိုက်သည်။

“အိမ်ပြန်ရောက်မှဆက်ပြောမယ် ဒါပဲ”

ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်လိုက်ပြီး ခေါင်းရေစိုနဲ့ စိုင်းမာန်သစ်ကိုကြည့်လိုက်ကာ စိတ်ကအလိုမကျဖြစ်လာရပြန်သည်။ ဒေါသတွေအကုန်လုံးကို ဒီကောင်လေးအပေါ် ပုံချလိုက်ရင်ကောင်းမလား။

“မင်းမနက်စာမစားရသေးဘူးမို့လား ဆေးသောက်ရဦးမယ်လေ ထမင်းစားခန်းကိုလာခဲ့ အချိန်ကလိုသေးတယ် ပြီးတော့ မင်းရဲ့ ရေစက်လက်ကျနေတဲ့ ဆံပင်တွေနဲ့ ငါ့အိမ်ကို မညစ်ပတ်စေနဲ့”

လက်ညှိုးကို ခေါင်းပေါ်၀ဲကာပြောပြီး မဲ့ရွဲ့နေတဲ့ မျက်နှာဘေးနဲ့ ထမင်းစားခန်းထဲကို ၀င်သွားသော ဘုန်းပြည့်အာဏာအကွယ်တွင် စိုင်းမာန်သစ်သည် လျှာထုတ်ကာပြောင်လိုက်သေးသည့်အပြင် ခေါင်းကိုပါ ခါရမ်းပစ်လိုက်သေးပါသည်။

@OliviaThet-Eleanor

____________________________________________________________________

Tags: read novel Lollipop Chapter 8 – Unicode, novel Lollipop Chapter 8 – Unicode, read Lollipop Chapter 8 – Unicode online, Lollipop Chapter 8 – Unicode chapter, Lollipop Chapter 8 – Unicode high quality, Lollipop Chapter 8 – Unicode light novel, ,

Comment

Leave a Reply

Chapter 8