Lollipop Extra 3 – Unicode

All chapters are in Lollipop
A+ A-

“ကိုကို ဘယ်မှာလဲ”

Lollipop စက်ရုံရှိတဲ့ နယ်မြို့ကို သူနဲ့အတူတူသွားချင်ပါတယ်ဆိုကာမှ အလုပ်မပြီးသေးတဲ့ အကြောင်းပြချက်နဲ့ သူ့အိမ်ကို လာမခေါ်ဘဲ ရမ်ခကိုသာလွှတ်လိုက်သူကြောင့် စိုင်းမာန်သစ် ဖုန်းခေါ်လိုက်ရခြင်းဖြစ်သည်။

“သွားနှင့်နော် ကိုကိုချက်ချင်းလိုက်လာခဲ့မယ်”

စိုင်းမာန်သစ် စိတ်အလိုအတော်ပင်မကျဖြစ်သွားရသည်။ သူနှင့်အတူသွားချင်ပါသည်လို့ သူဘယ်နှခါတောင်ပြောခဲ့ပါသလဲ။ ဒါကို အလေးမထားသလိုလုပ်နေတာကြောင့် စိုင်းမာန်သစ် ဒေါသထွက်သည့်အပြင် ၀မ်းပါနည်းလာရသည်။

“အသစ် ကလေးလေး”

တစ်ဖက်က စိုးရိမ်နေတဲ့ လေသံကြောင့်ပိုလို့ပင် ၀မ်းနည်းစိတ်က တိုးလာရသည်။ သူနဲ့ပတ်သက်ရင် အသေးအမွှားလေးကစ မခံစားနိုင်တဲ့သူမှန်းသိရက်နဲ့ ဘုန်းပြည့်အာဏာက လူဆိုးလုပ်နေတာဖြစ်သည်။

“ကလေးငယ်”

“ကိုကိုက တကယ်ကိုပဲ”

မချိတင်ကဲပြောကာ ဖုန်းကိုချပြစ်လိုက်မိသည်။ သူ ဘုန်းပြည့်အာဏာကို တကယ်စိတ်ဆိုးသွားပြီဖြစ်သည်။ ဆက်တိုက်ခေါ်နေတဲ့ ဖုန်းကြောင့် စိုင်းမာန်သစ် ငိုင်နေမိရာမှ ကြည့်လိုက်မိသည်။ ထင်သည့်အတိုင်း ဘုန်းပြည့်အာဏာက ခေါ်နေတာဖြစ်သည်။ 

“ကိုင်လိုက်ပါ”

သူ့ကို လာခေါ်သည့် ရမ်ခကပါ တိုက်တွန်းလာသည်မို့ စိုင်းမာန်သစ် ကိုင်လိုက်ရသည်။ 

“ကလေးငယ် ကိုကိုက တောင်းပန်တယ်နော် သွားနှင့်လိုက် ဟုတ်ပြီလား ချက်ချင်းလိုက်လာခဲ့ပါ့မယ်နော်”

အဆုံးထိကို ဘုန်းပြည့်အာဏာက တူတူသွားဖို့ မရွေးချယ်တာဖြစ်သည်။ စိုင်းမာန်သစ် စိတ်ပေါက်ပေါက်နဲ့ အော်ပစ်လိုက်ချင်သော်လည်း ဘုန်းပြည့်အာဏာဖြစ်နေတာမို့မအော်ရက်ပြန်။

“အင်း”

“ကိုကိုက ချက်ချင်းလိုက်လာမှာနော်”

“အင်း”

“ရမ်ခနဲ့သေချာလိုက်ခဲ့နော်”

“အင်း”

“ကိုကို့ကို စိတ်ဆိုးနေပြီလား ကလေးလေးက၊ ဟုတ်လား?”

“အင်း”

“တကယ်ဆိုးနေတာပဲ ကိုကိုက တောင်းပန်တယ်နော်”

“အင်း”

“ဒါဆို ရမ်ခကို ဖုန်းပေးလိုက်ဦး ကိုကို့ကလေးလေး”

“အင်း”

စိုင်းမာန်သစ် အင်းတစ်လုံးသားပြောပြီး လက်ထဲက ဖုန်းကို ဘေးက ရမ်ခဆီလှမ်းထိုးပေးလိုက်သည်။ စိတ်အခြေအနေက တော်တော်ကို အဆင်မပြေတော့တာမို့ အ၀တ်အိတ်ကိုသာ ကားပေါ်တင်နေလိုက်သည်။ မသွားတော့ဘူးလို့ စိတ်ကူးပေမဲ့ ဒီနှစ်မသွားရင် နောက်နှစ်ထိစောင့်ရမှာဖြစ်ပြီး ဘုန်းပြည့်အာဏာ စိတ်မကောင်းဖြစ်မှာလည်း စိုးတာကြောင့် ကားပေါ်တက်ထိုင်နေလိုက်သည်။

“ဟယ်လို”

“ရမ်ခ အသစ်က ငါ့ကို တအားစိတ်ဆိုးသွားပြီလား”

အကဲပိုလွန်းသောအသံကြောင့် ရမ်ခ ဖုန်းနဲ့နားနဲ့ကို အနည်းငယ်ခွာလိုက်သည်။ တစ်နှစ်ပြည့်တော့မှာဖြစ်ပေမဲ့ စိုင်းမာန်သစ်နဲ့ ပက်သတ်ရင် အခြားလူအဖြစ်ပြောင်းလဲသွားသော သူ့ဥက္ကဌကို သူအခုထိ နေသားမကျနိုင်သေး။

“နည်းနည်းတင်စိတ်ဆိုးတာပါ”

“မဖြစ်နိုင်တာ ငါအသစ်စိတ်ဆိုးရင် တအားကြောက်တာ”

တကယ်တော့ ဘုန်းပြည့်အာဏာကိုက အကြောက်ကြီးနေတာဖြစ်သည်။ စိုင်းမာန်သစ် စိတ်ဆိုးရင် ဘာမှထွေထွေထူးထူးဖြစ်နေတာမဟုတ်ပေမဲ့ ဘုန်းပြည့်အာဏာကတော့ ကမ္ဘာပျက်မတတ်။

“ခဏနေတွေ့ရင် မဆိုးလောက်တော့ပါဘူး တော်ပါတော့ဗျာ”

“ပြီးတာပဲ ကားသေချာမောင်းနော်”

“ဥက္ကဌ ကျွန်တော်မောင်းတာ ဆယ်နှစ်လုံးစီးလာပြီး အခုမှ ဒီစကားပြောမနေပါနဲ့”

“အဲဒါက ငါလေ အခု မင်းတင်စီးရမယ့်သူက အသစ် မတူဘူး”

“ဟုတ်ကဲ့ ဒါပါပဲခင်ဗျာ”

တကယ်ပါ။ တစ်ယောက်ကလည်း အကဲပိုလိုက်တာမှလွန်လို့။ တစ်ယောက်ကလည်း စိတ်ဆိုးနေတယ်ဆိုပြီး ကားပေါ်တက်ထိုင်နေသတဲ့။ ရမ်ခခေါင်းရမ်းလိုက်ကာ ကားပေါ်တက်လိုက်ပြီး ထိုမြို့ငယ်လေးဆီသို့ ကားဘီးလေးလှိမ့်စေလိုက်သည်။

_____________________________________________

“အရင်က တည်းခိုခန်းဘဲ Book လုပ်ပေးထားတယ် အခန်းကလည်း အရင်အခန်းပဲ ကျွန်တော်ပြန်တော့မယ်နော်”

ကားကိုပါ ပြန်ယူသွားပြီး ထွက်သွားသော ရမ်ခကြောင့် စိုင်းမာန်သစ် ကားပါကင်မှာ အကြောင်ကြောင်အအအ။ အခု သူက တစ်ယောက်တည်း။ အထီးမကျန်ချင်ပါဘူးဆိုမှ အထီးကကျန်ရပြန်သည်။ စိုင်းမာန်သစ် စိတ်ညစ်ညစ်နဲ့ အ၀တ်အိတ်ကို ဆွဲကာ တည်းခိုခန်းထဲကို ၀င်ခဲ့လိုက်သည်။ အချိန်က ညနေခြောက်နာရီလောက်ရှိနေပြီဖြစ်သည်။

“အစ်ကို ရောက်လာပြီလား?”

ကောင်တာကကောင်ကလေးက သူ့ကို မှတ်မိသည်ထင်။ နှုတ်ဆက်ပြီး အခန်းသော့ကိုတော့မပေးတာကြောင့် စိုင်းမာန်သစ် အခန်းသော့တောင်းဖို့ လုပ်လိုက်ရပြန်သည်။

“ညီလေး အခန်းသော့”

“ဗျာ”

“အခန်းသော့လေ Booking လုပ်ထားတယ်မို့လား?”

“အခန်းသော့က အစ်ကို့အမျိုးသား ယူသွားပြီလေ”

“ဟင်”

ဘယ်က အမျိုးသားလဲ?

ဘယ်က အမျိုးသားလဲ?

ဘယ်က အမျိုးသားလဲ?

“အစ်ကိုနဲ့ အရင်တစ်ခါက ပါလာတဲ့ သူလေ သူကအခန်းယူပြီးသွားပြီ”

စိုင်းမာန်သစ် နားမလည်နိုင်စွာနဲ့ဘဲ အင်တင်တင်လုပ်ရင်း အရင်ကသူတို့ တည်းတဲ့အခန်းဆီကိုသွာဖို့ ခြေဦးလှည့်လိုက်သည်။ အခန်းရှေ့ရောက်တော့ သော့ကို နှင်းဆီပန်းတစ်ပွင့်နဲ့ တွဲချည်ထားတာတွေ့လိုက်ရတာကြောင့် ခေါင်းရှုပ်စွာ အခန်းထဲကို ၀င်ခဲ့လိုက်သည်။

အိပ်ယာပေါ်မှာ ချထားတဲ့ ၀တ်စုံနဲ့ ဖုန်းဆီကို ကျလာတဲ့ မက်ဆေ့ကြောင့် စိုင်းမာန်သစ် အခြေအနေမှန်ကို နားလည်သွားရသည်။ ဘုန်းပြည့်အာဏာက သူ့နောက်မှ လိုက်လာမှာမဟုတ်ဘဲ သူ့ထက်အရင်ရောက်နေခဲ့တာသာဖြစ်ကြောင်း။

“ကိုကို့ဆီကို လှမ်းလာခဲ့မလား? ဆီမီးတွေစလွှတ်ကြတော့မယ်ထင်တယ် အသစ်”

အနက်ရောင် ကော်လန်ရှပ်အင်္ကျီနဲ့ ပေါင်လယ်ကျော်ရုံလောက်သာရှိမည့် ဘောင်းဘီကို စိုင်းမာန်သစ်တစ်ချက်ကြည့်လိုက်ကာ သူ၀တ်လာတဲ့ တီရှပ်ပွပွကို ချွတ်လိုက်သည်။  ရှပ်အင်္ကျီက ခပ်ပွပွမို့ စိုင်းမာန်သစ်ရဲ့ ကိုယ်လုံးကလေးက မြှုပ်နေသယောင်ရှိသော်လည်း အချိုးကျနေတာမို့ တစ်မျိုးလှနေပြန်သည်။ ဘောင်းဘီထဲကို တ၀က်ထိုးသွင်းပြီး တစ်၀က်ချထားသည့် စတိုင်က မိမိုက်နေတာမျိုး။ အဖြူရောင် ဘောင်းဘီတိုက မဖုံးမဖိနိုင်သော ပေါင်တံနဲ့ ခြေတံသွယ်သွယ်တို့ကအထင်းသား။

Branded Shoe မိုးပြာရောင်က ခြေထောက်မှာနေရာလာယူတော့ စိုင်းမာန်သစ်က လုံး၀ ရေစွတ်ထားတဲ့ ပန်းကလေးတစ်ပွင့်နှယ်ဖြစ်သွားသည်။ လူငယ်ပုံစံပေါက်နေအောင်ပြင်ပေးထားသော်လည်း ကလေးဆန်မနေတာမျိုး၊ လူကြီးတစ်ယောက်လို ဖြစ်နေသလားဆိုတော့လည်း ချစ်စရာကောင်းနေတာမျိုး။ အဲ့ဒီလို ခံစားချက်တွေကို စိုင်းမာန်သစ်ကို ကြည့်မှသာလျှင်ဖြစ်ပေါ်နိုင်လိမ့်မည်ထင်သည်။

ထုံးစံအတိုင်း ညစျေးကတော့ စည်ကားသည်သာဖြစ်သည်။ စိုင်းမာန်သစ် မီးဆိုင်းကလေးတွေနဲ့ တွန်းလှည်းဆိုင်လေးတွေကို ဖြတ်ကျော်ပြီး ရေကန်ဆီရောက်ဖို့ကို အာရုံထားနေလိုက်သည်။ လက်ထဲမှာ ဖုန်းကလေးတစ်လုံးသာပါသော်လည်း လမ်းလျှောက်နေသည့် ပုံစံက တစ်ချက်ကလေးမှ အထင်သေးခံရနိုင်ဖွယ်မရှိ။

*ကိုယ်မြင်နေကျ မင်းမျက်နှာ အရင်ကလို

ရေကန်ဆီကို ရောက်ရောက်ချင်းမှာပဲ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် စိုင်းမာန်သစ် နှုတ်ခမ်းတွေတွန့်ချိုးသွားရပြန်သည်။ ထင်ထားတဲ့အတိုင်း သူ့ကို Surprise လုပ်တာဖြစ်ပေမဲ့ သူထင်မထားတဲ့အနေအထားကြောင့် အံ့သြရပြန်သည်။

ရေကန်နားက ကုန်းမြင့်လေးတစ်နေရာရှိ သစ်ငုတ်တိုပေါ်မှာ ဘုန်းပြည့်အာဏာက ဂစ်တာတလက်နဲ့ ထိုင်ကာ သီချင်းဆိုနေခြင်းဖြစ်သည်။ သူလာမှစဆိုတာမဟုတ်ဘဲ အရင်ကတည်းက ဆိုနေခဲ့ဟန်ရှိသည်။ နားထောင်ကောင်းသည့် အသံခပ်သြသြကြောင့် ပတ်၀န်းကျင်မှာလည်း လူငါးယောက်စ ခြောက်ယောက်စ နားထောင်နေကြပြီဖြစ်သည်။

စိုင်းမာန်သစ်နဲ့ ဆန့်ကျင်စွာ တီရှပ်အနက်ရောင်နှင့် အနက်ရောင် ဘောင်းဘီရှည်ကို ၀တ်ထားပြီး ဖိနပ်ကတော့ တထပ်တည်းတူသည့် Shoe ကိုစီးထားသည်။ လှန်သိမ်းထားတာမဟုတ်ဘဲ ကပိုကရိုကျနေသည့် ဆံပင်ပုံစံက ဘုန်းပြည့်အာဏာကို ပိုလို့ပင် လူငယ်ဆန်စေသွားသည်။

ဂစ်တာပေါ်မှာ ပြေးလွှားနေတဲ့ လက်ကအကြောအပြိုင်းပြိုင်းသည် ဘယ်သူ့ကိုမဆို ငေးကနဲ့ဖြစ်သွားစေမှာ အသေအချာသာ ဖြစ်သည်။ စိုင်းမာန်သစ်ကို မြင်တော့ မျက်၀န်းတွေက အရောင်လက်လာသော်လည်း သီချင်းကို တည်တည်ငြိမ်ငြိမ်ဆက်ဆိုနေဆဲဖြစ်သည်။ မတူတော့တာက ဘုန်းပြည့်အာဏာ စိုင်းမာန်သစ်ရဲ့ မျက်၀န်းတွေကိုပဲ ကြည့်ဆိုနေတော့တာဖြစ်သည်။

*မျက်လုံးချင်း မင်းနဲ့တွေ့ဆုံခိုက် အချစ်များနဲ့ အားလုံးကို သိမ်းပိုက်….

ဒီဘ၀ကို ပုံအပ်လိုက်မယ် ယုံထားလိုက်ကွယ် ဒီတစ်ယောက်သာ ကြင်နာမှာ…..

ကိုယ့်ဘေးနား မင်းလေးလှမ်းလာလိုက် လက်ကလေးအား ဆွဲလို့ ကိုယ်ထွေးပိုက်…

ဘယ်တော့မှ ထွက်မသွားဘူးကွယ် ဒါနောက်ဆုံးရင်ခွင်ပါ….

နောက်ဆုံးအပိုဒ်ကို ဆိုတော့ ဘုန်းပြည့်အာဏာအနားမှာ လူတော်တော်များများ၀ိုင်းနေကြပြီဖြစ်သည်။ ကျန်တဲ့ နောက်ဆုံးသုံးကြောင်းလောက်မှာ ဘုန်းပြည့်အာဏာက ဂစ်တာကို ဆက်မတီးတော့ဘဲ ချလိုက်ကာ စိုင်းမာန်သစ်ရှိရာဆီကို လှမ်းလာသည်။

သူ့ကို လက်ပိုက်ကာကြည့်နေသည့် စိုင်းမာန်သစ်အနားကို ရောက်တော့ သီချင်းကလည်း ပြီးသွားပြီဖြစ်သည်။ ပထမဦးစွာ စိုင်းမာန်သစ် နှဖူးပေါ်၀ဲကျနေတဲ့ ဆံစလေးတွေကို မနေနိုင်စွာ သပ်တင်ပေးပြီးတော့မှ မျက်လုံးတွေကို တည့်တည့်ကြည့်သည်။

“အသစ်”

“ဗျာ”

“ကိုကို့အမျိုးသားလေး လုပ်မလား?”

ပုံမှန်သံနှင့်ပြောလိုက်သော လေသံသည် စိုင်းမာန်သစ်ကို ပူထူသွားစေပါသည်။ အခု ဘုန်းပြည့်အာဏာက သူ့ကို လက်ထပ်ခွင့်တောင်းနေတာဖြစ်သည်။

“အကျိုးခံစားခွင့်ကို ပြောကြည့်”

“ကိုကို့အချစ်တွေအကုန်လုံးကို အသစ်တစ်ယောက်တည်း အပိုင်ရမှာပေါ့”

“အခုက ဘယ်သူနဲ့ ခွဲ၀ေနေရလို့လဲ?”

ကြံဖန်ကပ်သပ်ပြောနေသောသူကြောင့် ဘုန်းပြည့်အာဏာ ခပ်ဟဟရယ်မိရပြန်သည်။ 

“ကလေးလေးရာ”

“ဒါဆို ကျွန်တော့်ဘက်က ဘာလုပ်ပေးဖို့လိုလဲ?”

“ကိုကို့ဘေးမှာ ပြုံးနေပေးဖို့ပဲလိုတယ်”

ခါးပေါ်ကို လက်တွေဖက်တွယ်လာကာ ပြောနေတာကြောင့် စိုင်းမာန်သစ် အရှက်သည်းစွာ ခေါင်းကို ငုံ့လိုက်မိရပြန်သည်။

“မေးခွန်းပြောင်းမယ်”

“ဟင်”

“ကိုကို့ကို အသစ်ပြုံးတာလေးအမြဲမြင်ခွင့်ပေးနိုင်မလား တစ်သက်လုံးအတွက်?”

“ကျွန်တော့်အပြုံးတွေက ကိုကို့ကြောင့်ပဲ ဖြစ်မှာအသေအချာပဲဟာ”

စိုင်းမာန်သစ်ရဲ့ အဖြေစကားကြောင့် ဘုန်းပြည့်အာဏာ ပါးတစ်ဖက်ကို ငုံ့နမ်းလိုက်ကာ တင်းတင်းကြပ်ကြပ်ဖက်ထားမိသည်။ သူတို့နှစ်ယောက်ကို ကြည့်နေကြတဲ့ လူတွေဟာလည်း စိတ်၀င်တစားနှင့် ယောက်ျားလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို နူးညံ့ကြင်နာစွာ ခွင့်တောင်းနေပုံကို ငေးမောကြလျက်။

________________________________________________________

ထောင်ကျော်တဲ့ ဆီမီးခွက်တွေက ရေကန်ထဲမှာ ကူးလူးသွားလာနေကြသည်။ ညအမှောင်မှာ လင်းထိန်နေသည့် ရေကန်က တကယ်ကို လှပတဲ့ ပန်းချီကားတစ်ချပ်ဖြစ်သည်။ စိုင်းမာန်သစ် ဘုန်းပြည့်အာဏာနဲ့အတူ ရေကန်ထဲကို ဆီမီးခွက်တစ်ခွက်စီလွှတ်ဖို့ စီစဥ်ခဲ့သော်လည်း အကယ်၍ထိုဆီမီးခွက်နှစ်ခွက်က ရေကန်ထဲမှာ တစ်နေရာဆီမြောသွားရင် ခက်ရချည်ရဲ့ဟူသော ဘုန်းပြည့်အာဏာစကားကြောင့် နှစ်ယောက်ပေါင်းမှ တစ်ခွက်သာလွှတ်ခဲ့ရသည်။

ဆီမီးခွက်အချို့ကလည်း ငြိမ်းသွားသလို လူလည်း ကြဲသွားပြီဖြစ်သည်။ စိုင်းမာန်သစ်ရဲ့ ပုခုံးပေါ်မှာတော့ ဘုန်းပြည့်အာဏာခြုံပေးထားတဲ့ ကုတ်အင်္ကျီတစ်ထည်ရယ် ဘုန်းပြည့်အာဏာရဲ့ လက်တစ်ဖက်ရယ်ရှိသည်။

ထင်သည့်အတိုင်း စိုင်းမာန်သစ်က ဘုန်းပြည့်အာဏာ ရင်ခွင်ထဲမှာ မှီလျက်။

“ကိုကို”

“ဗျာ”

“ကျေးဇူးတင်တယ်”

“ဘာအတွက်လဲ?”

“ကျွန်တော့်ကို ချစ်ပေးလို့”

“ဒါဆို ကိုယ်က ကျေးဇူးပြန်တင်ရမယ်ထင်တယ်”

ဘုန်းပြည့်အာဏာရဲ့စကားကြောင့် စိုင်းမာန်သစ်ရဲ့ ခေါင်းကလေးက မော့လာရသည်။

“အသစ်ကို ချစ်ခွင့်ရခဲ့လို့”

စိုင်းမာန်သစ်က သဘောကျစွာသွားဖြူဖြူတွေပေါ်သည်အထိ ရယ်သည်။ ဘုန်းပြည့်အာဏာကလည်း ထိုသို့အပြုအမူတိုင်းကို မြတ်နိုးရသည်သာ။

“အာ ကိုကိုမေ့နေတာ လက်ပေး အသစ်”

ဘုန်းပြည့်အာဏာ စိုင်းမာန်သစ်ကို ခြုံပေးထားတဲ့ သူ့ကုတ်အင်္ကျီထဲက တစ်ခုခုကို ထုတ်လိုက်ပြီး စိုင်းမာန်သစ် လက်ပေါ်ကို တင်သည်။ အေးစက်သွားသည့် အထိအတွေ့ကြောင့် ငုံ့ကာ ကြည့်လိုက်မိတော့ ငွေရောင် Hand Chain တစ်ခု။

Lollipop အသေးစားလေးတွေကို တွဲလောင်းချထားတဲ့ ပုံစံဖြစ်ပြီး ရွှေရောင်အနည်းငယ်နှောသော ကြိုးမျှင်သေးသေးလေးသည် အရွယ်နှင့်မလိုက်အောင် ခိုင်ခံ့မည့်ပုံရှိသည်။ Lollipop လေးတွေက စုစုပေါင်း သုံးခု။ တစ်ခုက ကျောက်စိမ်းနဲ့လုပ်ထားတာဖြစ်ပြီး တစ်ခုက နီလာနဲ့ အလှဖော်ထားတာဖြစ်သည်။ အလယ်က ယောင်ယောင်ကလေးကြီးသည့် တစ်ခုကတော့ ပတ္တမြားမြှုပ်သွင်းထားခြင်း။

အသေးစိတ်ကျပြီး လှပလွန်းသော Hand Chain ကိုစိုင်းမာန်သစ်ငေးနေတုန်းမှာ သူ့ကို ၀တ်ပေးနေတဲ့ ဘုန်းပြည့်အာဏာလက်မှာလည်း သူနဲ့ ဆင်တူ Hand Chain ကိုတွေ့လိုက်ရသည်။ ကြိုးမျှင်က သူ့လောက်မသေးဘဲ ခပ်တုတ်တုတ်အရွယ်အစားဖြစ်ပြီး Lollipop ကနုတ်ကို ထွင်းထားကာ ကျောက်သွင်းထားတာဖြစ်သည်။ စိုင်းမာန်သစ်ဟာလို တွဲလောင်းလေးတွေမဟုတ်။

“ကြိုက်လား?”

“အင်း လှတယ်”

“ကိုကို ဒါကို ရရချင်းတုန်းက တော်တော်လှတယ်ထင်ခဲ့တာ”

“အခုလည်း လှပါတယ် ဘာဖြစ်လို့လဲ?”

“အသစ်နဲ့ ယှဉ်လိုက်ရင် ကိုကို့အတွက် အကုန်လုံးက မှေးမှိန်သွားတာဖြစ်မယ်”

“ဟွန်း”

“အသစ်”

“ဗျာ”

“ကိုကိုက အများကြီး ချစ်တယ် ကိုကို့အနားမှာပဲနေပေး”

“ကျွန်တော်ကလည်း အများကြီးချစ်တယ် ကိုကို့အနားမှာပဲနေမှာ”

နှုတ်ခမ်းနှစ်ခုထိစပ်သွားတာနဲ့ တစ်ပြိုင်နက် ကောင်းကင်က လမင်းကလည်း တိမ်တွေကြားထဲကို ပုန်းလျိုးသွားသည်။ နူးညံ့လွန်းတဲ့ အနမ်းတွေက လှပလွန်းတဲ့ ကန်ရေပြင်အထက်မှာ ညင်သာစွာ ငြိမ့်ညောလို့။နှုတ်ခမ်းနှစ်ခု ထိကပ်မှု့ရပ်တန့်သွားသည့်အချိန်တွင် ကန်ရေပြင်ပေါ်က ဆီမီးခွက်တွေအကုန် မီးငြိမ်းသွားပြီဖြစ်သည်။ ညအမှောင်နဲ့ ဘေးနားက မီးဆိုင်းတွေက အလင်းရောင်ကသာ သူတို့နှစ်ယောက်မျက်နှာကို ထင်ဟပ်နေသည်။

စိုင်းမာန်သစ်ရဲ့ နှဖူးကို ညင်သာစွာနမ်းလိုက်ရင်း ပါးပြင်ကို တဖွဖွပွတ်သပ်နေမိသူ။

“ကိုကို့ကလေးငယ်ကို မြတ်နိုးရခြင်းမည်သည် တင်းတိမ်ရောင့်ရဲခြင်းမရှိ”

ပြီးပါပြီ။

(OliviaThet-Eleanor_Extra မရေးဘူးထိ ဆုံးဖြတ်ခဲ့ပေမယ့် မခွဲနိုင်တာကြောင့် သုံးပိုင်းထိရေးဖို့ဖြစ်လာရပါတယ် ဒီသုံးပိုင်းကြောင့် ဇာတ်လမ်းကို ပေါ့သွားမှာလည်း စိုးရိမ်မိပါတယ် Special Extra ကျန်ပါသေးတယ် ဖတ်ပေးကြပါဦးနော်ဗျ)

@OliviaThet-Eleanor

_________________________________________________________

Tags: read novel Lollipop Extra 3 – Unicode, novel Lollipop Extra 3 – Unicode, read Lollipop Extra 3 – Unicode online, Lollipop Extra 3 – Unicode chapter, Lollipop Extra 3 – Unicode high quality, Lollipop Extra 3 – Unicode light novel, ,

Comment

Leave a Reply

Chapter 36