Lollipop Special Extra – Unicode

All chapters are in Lollipop
A+ A-

တက္ကသိုလ်ကျောင်း၀င်းဆိုသည့်အသိကြောင့် စိုင်းတမာန်အနည်းငယ်တော့ ရှိန်တိန်းတိန်းဖြစ်ရသည်။ အပေါင်းအသင်းမရှိ၊ ဒီနယ်ကလည်း မဟုတ်ရပြန်တာကြောင့် စိုင်းတမာန်မှာ တကယ့်ကို တစ်ယောက်တည်းဖြစ်သည်။

ကတီပါဖိနပ်က ဒီနေ့မှပဲ ပိုလေးနေသယောင်ခံစားရသည်။ မနေ့က သူနေရမယ့်အဆောင်မှာ ပစ္စည်းတွေချပေးပြီးတော့ မိဘတွေက တန်းပြန်သွားသည်။ အများကြီး ဂရုမစိုက်တတ်သော တောသူတောင်သားတွေမို့ ဒီမြို့တက္ကသိုလ်မှာ စိုင်းတမာန်ကိုသာ ယောင်ချာချာထားခဲ့သည်။

စိုင်းတမာန်က အလယ်တန်းကတည်းက အဒေါ်ဖြစ်သူရှိရာမြို့မှာ ကျောင်းတက်ခဲ့ရသူ။ အခု တက္ကသိုလ်ရောက်တော့ အဒေါ်ကလည်း အဆောင်တွေဘာတွေ အပြီးအစီး ငှားပေးပြီး ထားသော်လည်း မနေ့က မိဘတွေနဲ့ အတူသူ့ကို လိုက်ပို့ပြီး ပြန်သွားလေပြီ။

“ဟေး ဘာတွေ ငေးနေတာလဲ?”

ရုတ်တရတ် ပုခုံးကို ပုတ်ခံလိုက်ရတာကြောင့် စိုင်းတမာန်လှည့်ကြည့်လိုက်မိသည်။ သူ့ထက်အနည်းငယ်ထွားပေမယ့် မတိမ်းမယိမ်းအရပ်က မော့ကြည့်စရာတော့မလိုပေ။ မျက်ခုံးထူထူနဲ့ အနည်းငယ်သပ်ရပ်နေတဲ့ ၀တ်ပုံစားပုံကြောင့် စိုင်းတမာန်စိုက်ကြည့်မိနေသေးသည်။

“ဟိတ် ငေးနေပြန်ပြီ”

“သြော် အင်း ဘာမှမဟုတ်ဘူး ငါဘာဆက်လုပ်ရမှန်းမသိတော့လို့”

အရှိကို အရှိအတိုင်း ပြောချလိုက်သော စိုင်းတမာန်ပါလေ။ တကယ်လည်း သူဘယ်သွားလို့ ဘာလုပ်ရမှန်းမသိဖြစ်နေရတာ။

“မင်းကလည်း ပထမနှစ်ထင်တယ် ဘယ်မေဂျာလဲ?”

“ရူပ”

“တူတူပဲ အဖော်ရပြီ အဆောင်နေတာလား?”

“ဟုတ်တယ်”

“ငါ့နာမည် လှမျိုးမြင့်”

“အင်း စိုင်းတမာန်”

“လှတယ်”

“ဟင်”

“နာမည်က လှတယ်လို့”

“အင်း”

ပထမဆုံးတွေ့ဆုံခြင်းက ထိုသို့ ဂယောက်ဂယက်နိုင်ခဲ့ပါသည်။ အပေါင်းအသင်းမရှိသည့် လှမျိုးမြင့်နှင့် တစ်ယောက်တည်း ယောင်တောင်တောင်ဖြစ်နေသော စိုင်းတမာန်တို့သည် တက္ကသိုလ်ကျောင်းကို ခြေချလိုက်ကတည်းက စတင်ရင်းနှီးခဲ့ကြပါသည်။

ပထမဆုံးနေ့ဖြစ်တာမို့ စာမသင်တာကတော့ ထုံးစံအတိုင်းပင်။ ဆရာမပွားတာကို ထိုင်နားထောင်နေကြရပြီးနောက် စိုင်းတမာန်ပြန်ဖို့ပြင်ရတော့သည်။ အဆောင်နဲ့ ကျောင်းနဲ့က သိပ်မ၀ေးတာမို့ လမ်းလျှောက်ပြန်ဖို့သာတွေးရသည်။

အခန်းက မရှင်းရသေးသည့်အပြင် သူနှင့်မျှသုံးရမည့်သူကလည်း ရှိသေးသည်။ ထို့ကြောင့် စိုင်းတမာန်ထမည်ပြင်လိုက်ပြီး လွယ်အိတ်ကို ကောက်လွယ်လိုက်သည်။ ထလိုက်ပြီးမှ သူ့ဘေးမှာထိုင်နေတဲ့ လှမျိုးမြင့်ကို ၀ေ့၀ိုက်ကြည့်မိတော့ ဘယ်အချိန်ကတည်းက အိပ်ပျော်နေသည်မသိ အကျအနကို အိပ်နေတာဖြစ်သည်။

စိုင်းတမာန်လည်း သူနဲ့မဆိုင်တာကြောင့် ဆက်မတွေးနေတော့ဘဲ ကျောင်း၀င်းထဲကထွက်လာခဲ့လိုက်သည်။ အခန်းအပြင်ထွက်ပြီး လျှောက်လမ်းကနေလှမ်းနေတုန်း ညောင်ရွက်တစ်ရွက်က လွယ်အိတ်ထဲကို ကျလာတာကြောင့် စိုင်းတမာန် ညောင်ပင်ကို လိုက်ရှာလိုက်မိသည်။ သူတို့တက်ရတဲ့အခန်းရဲ့ အနောက်ထောင့်နားမှာ လူနှစ်ဖက်စာညောင်ပင်ရှိနေတာဖြစ်သည်။ ပင်စည်က ကွယ်နေတာမို့ တက္ကသိုလ်ကျောင်းသူတွေ ချိန်းတွေ့ဖို့နေရာကောင်းဟု စိုင်းတမာန်မှတ်ချက်ချလိုက်သည်။

အဆောင်ကိုရောက်ရောက်ချင်း ပထမဆုံးလုပ်မိတာက ရေချိုးသည့်အလုပ်။ ယောက်ျားလေးဆောင်ဆိုသော်လည်း သပ်သပ်ရပ်ရပ်ရှိသည့်အပြင် လူသိပ်မများတာကြောင့် စိုင်းတမာန်သဘောတကျဖြစ်နေရသည်။

တောသူဌေးဟုဆိုရလောက်သော သူ့မိဘတွေက အနည်းငယ်တတ်နိုင်တာကြောင့် စိုင်းတမာန်က သက်သောင့်သက်သာနေရခြင်းဖြစ်သည်။ ရေချိုးပြီးပြီးချင်း အိပ်ယာပေါ်ကို လှဲလိုက်တော့ ဘာမှလည်း မပင်ပန်းပါဘဲနဲ့ ချက်ချင်းအိပ်ပျော်သွားရသည်။

“ဟေး မာန်”

မြင်နေရသော ပုံရိပ်သည် ၀ေ၀ါးသည်လည်းမဟုတ် ပြတ်သားသည်လည်းမဟုတ်။ ညောင်ရွက်တွေ တဖွဲဖွဲကျနေသည့်အထဲမှ သူ့ကို လှမ်းခေါ်နေသော ပုံရိပ်သည် သူခန့်မှန်းတာမမှားလျှင် မနက်က ကျောင်းမှာတွေ့ခဲ့တဲ့ လှမျိုးမြင့်သာ ဖြစ်မည်။

ကြည့်ကောင်းတဲ့သူများ ဘယ်လိုနေနေ ကြည့်ကောင်းနေတော့တာဘဲ။ ယောပုဆိုးနဲ့ တိုက်ပုံအဖြူကို အကျအန၀တ်ထားသူသည် အတော်ပင် သပ်သပ်ရပ်ရပ်ရှိပါသည်။

“မာန် မာန်! စိုင်းတမာန်”

စိုင်းတမာန် မျက်လုံးတွေပွင့်ဟလာရသည်။ အိပ်မက်က နိုးလာပြီဖြစ်ပေမယ့် လှမျိုးမြင့်က သူ့ဘေးမှာတကယ်ရှိနေတာဖြစ်သည်။ အိပ်မက်ထဲကလို သပ်သပ်ရပ်ရပ်မဟုတ်ပေမယ့် အိမ်နေရင်းစွပ်ကျယ်နဲ့ ပုဆိုးကို ခပ်တိုတို၀တ်ထားသူဖြစ်သည်။

နေစမ်းပါဦး။ သူက ဘာလို့ ငါ့အခန်းထဲကို ရောက်နေရတာလဲ?

“ဟင် အင်း”

“ထ ထ ညနေစောင်းနေပြီ ဆက်အိပ်ရင် နေမကောင်းဖြစ်တော့မယ် ညနေစာလွတ်လိမ့်မယ်”

“အင် အင်း”

အိပ်ချင်နေတာကြောင့် မေးခွန်းတွေကပင် ပါးစပ်ကထွက်မလာ။ အင်းသာပြောနေမိသည်။

“အိပ်ချင်မပြေသေးဘူးထင်တယ် ရော့ရေသောက်လိုက် ပြီးရင် မျက်နှာသွားသစ်ချင်သစ်ချည်လေ”

“အင် အင်း ပေး”

စိုင်းတမာန် လှမျိုးမြင့် ကမ်းပေးသောရေခွက်ကို ယူလိုက်ကာ တစ်ကျိုက်တည်းမော့ချလိုက်မှ စိတ်ကြည်လာရတော့သည်။ ထို့နောက် လှမျိုးမြင့်ဘက်ကို လှည့်ကြည့်လိုက်တော့ ရေချိုးပစ္စည်းတွေယူရင်း အလုပ်ရှုပ်နေသည်။

“နေဦး မင်းက ငါ့အခန်းထဲကို ဘယ်လိုရောက်နေတာလဲ?”

အိပ်ချင်ပြေမှ ထမေးသော စိုင်းတမာန်ကြောင့် လှမျိုးမြင့် ကြောင်အသွားရသည်။ ဘယ်လိုတောင် မေးလိုက်တာပါလဲ။ သူက ဒီအခန်းထဲကို ဒီလိုပုံစံနဲ့ရောက်နေတာက ဒီအခန်းမှာ နေဖို့ပဲဖြစ်မှာပေါ့။ ဘာလဲ စိုင်းတမာန်က သူ့ကို သူခိုးလို့ထင်နေတာတော့မဟုတ်လောက်ပါဘူးနော်။ ဘယ်သူခိုးမှ အိပ်နေတဲ့လူကို နှိုးပြီးသောက်ရေအိုးကနေ ရေခပ်မသောက်ခိုင်းဘူး။

“ဟင်”

“မင်းက ငါ့အခန်းထဲ ဘယ်လိုရောက်နေတာလဲလို့”

“ဘာလို့ဆို မင်းအခန်းက ကိုယ့်အခန်းမို့လေ”

“ဟင်”

“ဟောဗျာ”

“ဘာတွေလာပြောနေတာလဲ?”

“ဒီအခန်းကို နောက်တစ်ယောက်လာနေဦးမယ်လို့ ပြောထားတယ်မို့လား?”

“အင်း”

“အဲဒါ အခြားသူမဟုတ်ဘူး လှမျိုးမြင့်ဆိုတဲ့ ကိုယ်”

“သြော်”

ပြောကာ စောင်ပုံကိုပြန်ငေးကြည့်နေသူကြောင့် လှမျိုးမြင့် သက်ပြင်းသာချလိုက်ပြီး ရေချိုးဖို့ထွက်လာခဲ့လိုက်သည်။ ဒီအူကြောင်ကြောင်ကလေးနဲ့ သူဘယ်လိုနှပါးသွားရမလဲဆိုတာလည်း တွေးနေမိသည်။

ကျောင်းမှာလည်း သူအိပ်ပျော်ရာက နိုးလာလို့သာ တော်သေးသည်ပေါ့။ မဟုတ်ရင် တစ်ယောက်တည်း တံခါးပိတ်ခံထားရမလားတောင်မသိ။ သူ့အကြောင်းတွေးရင်းနဲ့ပင် အဆောင်ရှိရာကို ပြန်လာခဲ့တော့ အခန်းထဲမှာ အိပ်နေသူက အေးချမ်းစွာ။

လှမျိုးမြင့် လူများမှားသလားလို့ ပြန်ကြည့်သော်လည်း မမှားနိုင်။ မျက်၀န်းတွေကို မမြင်ရသော်လည်း ထိုကောင်လေးက စိုင်းတမာန်ဆိုတာ သေချာပါရဲ့။

ပစ္စည်းတွေနေရာချပြီး ရေချိုးဖို့ပြင်တော့ ညနေတောင်စောင်းနေပြီဖြစ်သည်။ ညနေခင်းကြီးအိပ်နေရင် နေမကောင်းဖြစ်မှာမို့ လှမျိုးမြင့် ခေါ်နှိုးတော့ ထိုကောင်လေးက တော်တော်နဲ့နိုးမလာ။ နောက်မှ နိုးလာပြီး အူကြောင်ကြောင်နဲ့မို့ ရေတစ်ခွက်ခပ်တိုက်လိုက်ရသေးသည်။

စိုင်းတမာန်အကြောင်းတွေးရင်း လှမျိုးမြင့် ခေါင်းကို ခါရမ်းကာ ပြုံးလိုက်မိပြန်သည်။

လှမျိုးမြင့် ရေချိုးပြီးပြန်လာတော့ စိုင်းတမာန်က တစ်ဖန်အိပ်မောကျနေပြန်သည်။ ဘာပြောလို့ပြောရမှန်းမသိအောင်ပင် ဆွံ့အသွားရပါသည်။ သူလည်း အင်္ကျီအပြည့်အစုံလဲပြီးမှ တစ်ခေါက်နှိုးရန်ဆုံးဖြတ်လိုက်ရတော့သည်။ ဒီလောက် အိပ်ချင်နေတာ အိပ်ပါစေတော့။

“မာန် စိုင်းတမာန် ထတော့ ထတော့”

ဒီတစ်ခါလည်း အတော်ပင် နှိုးလိုက်ရပါသည်။ ပြန်အိပ်နေသူက တစ်ဖက်စောင်းကာပင် လှည့်အိပ်လိုက်သေးတာကြောင့် လှမျိုးမြင့်သွေးတက်မလိုပင်ဖြစ်သွားရသည်။

“ထတော့”

“အင်း နည်းနည်းလေး အိပ်ပါရစေဦးကွာ”

“မအိပ်တော့နဲ့ ညနေစာငတ်မယ်နော်”

“ဟာကွာ”

အိပ်ချင်မူးတူးနဲ့ ဆူပုတ်စွာစောင်ခြုံထဲက ထွက်လာသူကြောင့် လှမျိုးမြင့် ရယ်ချင်စိတ်ကို မနည်းကာရော ထိန်းထားရသည်။

“လမ်းထိပ်ကထမင်းဆိုင်က နာမည်ကြီးတယ်တဲ့ ဒီနေ့တော့ သွားစားကြည့်ရအောင် စျေးအဆင်ပြေရင် ချိုင့်ပါထုပ်ရအောင် မင်းဘာမှမလုပ်ရသေးဘူးမို့လား?”

“အင်း အင်း မင်းကြိုက်သလိုသာ စီစဥ်တော့”

စိုင်းတမာန် စိတ်ပေါက်ပေါက်နဲ့ စီစဥ်နေသူကြီးကို ပြောထားခဲ့ကာ မျက်နှာသစ်ဖို့ ထွက်လာခဲ့လိုက်သည်။

______________________________________________________

“မောင်လေးတို့ ဘာစားကြမလဲ?”

ဆိုင်ရှင်ဖြစ်ဟန်တူသော အသားညိုညိုနှင့် ကုလားမတစ်ယောက်က သူတို့နှစ်ယောက်ထိုင်ရာ ခုံစီလာလို့ မေးသည်။

“ဖြူခေါက်တစ်ပွဲသာ ချပေး အစ်မ”

လှမျိုးမြင့်ကသာ မှာနေတာဖြစ်ပြီး စိုင်းတမာန်ကတော့ ရေနွေးခွက်ကို ငှဲ့ကာ ဇိမ်နဲ့သောက်နေလေသည်။

“ထမင်းဖြူက နှစ်ပွဲနော်”

“ဟုတ်တယ် အစ်မ”

“ဟုတ်ပြီ ကိုမျိုးညွှန့်တို့ ခါတိုင်းလိုဘဲလားတော့”

သူကို ဖြေပြီး တစ်ဖက်၀ိုင်းကို၀င်လာသည့် ကျောင်းသားကြီးတွေကို လှမ်းအော်ကာ မေးလိုက်သည့်အသံကို တစ်ပြိုက်နက်ကြားလိုက်ရသည်။

“မာန်ရယ် မင်း စကားလေးဘာလေးပြောပါဦး”

“မင်းအကုန်ပြောနေတာပဲ ငါဘာပြောစရာလိုတာကျ ရော့သောက် ရေနွေး ပူသေးတယ်နည်းနည်း ငါမှုတ်တော့ထားတယ်”

ပြောကာ သူ့ရှေ့ကို ချပေးလာသော ရေနွေးခွက်ကို ကြည့်ရင်း လှမျိုးမြင့် နှုတ်ခမ်းတွေ ဆက်တိုက်ဆိုသလို တွန့်ချိုးသွားသည်။ ခုဏက စိုင်းတမာန်​ေရနေွးပူကုိမှုတ်နေတာက သူ့ဖို့ဖြစ်နေပါသည်ပေါ့။

“မာန်လို့ခေါ်မယ်နော် ရတယ်မို့လား?”

“မင်းသဘော”

လာချပေးတဲ့ ထမင်းဖြူဆီအာရုံပြန်ရောက်သွားသူကြောင့် လှမျိုးမြင့်လည်း ဘာမှဆက်စောဒကမတတ်တော့ဘဲ ထမင်းဖြူဆီ ထိုလူ့နည်းတူ အာရုံစိုက်လိုက်သည်။

တက္ကသိုလ်နေ့ရက်တွေဟာ လှပခဲ့ပါသည်။

“မာန် မင်းခြေထောက်သွေးခြေဥနေပြီ ရော့ ကိုယ့်ဖိနပ်ကို စီးလိုက်”

သုံးလအကြာမှာ သား​ေရဖိနပ်က ပြတ်သွားတာကြောင့် စိုင်းတမာန် ဖိနပ်အသစ်၀ယ်ရာမှ ပြဿနာဖြစ်ခြင်းဖြစ်သည်။ သားရေဖိနပ်ဖြစ်နေတာကြောင့်ရော စိုင်းတမာန်က ဖိနပ်အသစ်စီးရင် ခြေထောက်နာတတ်တာရောပါပေါင်းပြီး အဆောင်ကနေ ထွက်လာပြီး ကျောင်းပေါက်လောက်မှာ သွေးခြေဥနေပြီမှန်းသိလိုက်ရသည်။

“ရတယ်”

“ဘယ်ကရရမှာလဲ ရော့ စီးလိုက်”

ပြောရင်းဆိုရင်း သူ့ကတ္တီပါဖိနပ်ကို ချွတ်ပေးလာသူကြောင့် စိုင်းတမာန်အတင်းတားယူရသည်။ ခြေထောက်ဆိုဒ်က မတူတာကြောင့် သူ လှမျိုးမြင့် ဖိနပ်ကို စီးလိုက်ရင် လှမျိုးမြင့်ကတော့ သူ့ဖိနပ်ကို စီးလို့မရနိုင်။

နေကလည်းပူနေတာဆိုတော့ လှမျိုးမြင့်ကို သူ့အတွက်နဲ့တော့ ခြေဗလာနဲ့ ကျောင်း၀င်းထိမသွားစေချင်တာကြောင့် ငြင်းနေရခြင်းဖြစ်သည်။ ဒီအတောအတွင်းမှာ လှမျိုးမြင့်က သူ့ကို တအားအရိပ်ကြည့်လွန်းသည်။ အနစ်နာခံလွန်းသည်ဟု စိုင်းတမာန်မြင်လာရသည်။

“မာန် ဒီမှာ မင်းအ၀တ်တွေ ကိုယ်လျှော်ခဲ့တာ တစ်ခါတည်း”

“မာန် မင်းဆက်အိပ်ချင်အိပ် ကိုယ်သန့်ရှင်းရေးလုပ်မလို့”

“မာန် မင်းစာအုပ်တွေ ကိုယ်သယ်ခဲ့မယ် သွားနှင့်”

“မာန် နေကောင်းလား မျက်နှာမကောင်းဘူး”

“မာန် စာမသင်ချင် အတန်းလစ်ကြမလား?”

“မာန် ဘာစားချင်လဲ?”

“မာန် မင်းမရှင်းနဲ့ ကိုယ်ရှင်းလိုက်မယ်”

စသည်ဖြင့် မာန်ဆိုသည့် စကားလုံးကို ပါးစပ်မှမချဘဲ စိုင်းတမာန်ရဲ့ ဖခင်ကြီးသဖွယ်။

“တော်ပြီ မင်းဘဲစီး”

ပြောကာ ခြေထောက်နာနေပါရဲ့နှင့် လမ်းဆက်လျှောက်နေသော စိုင်းတမာန်ကြောင့် လှမျိုးမြင့်မနေနိုင်စွာ လှမ်းတားမိသည်။

“လာ ကျောပိုးသွားမယ်”

သူ့စကားကို ကြားတော့ စိုင်းတမာန်ရဲ့ မျက်လုံးတွေက အံ့သြသည့်ဟန်နှင့်။ ထို့နောက် မျက်နှာကလေးက အနည်းငယ်ဆူပုပ်သွားပြန်သည်။ သူမျက်နှာညှိုးရင် မနေတတ်တာသိရက်နဲ့ စိုင်းတမာန်တို့က ဆိုးချင်တိုင်းဆိုးနေတော့တာပင်။

“မာန်”

“မင်းကျောပိုးတာ ငါကခံစရာလား ငါ့ဘာငါ ဘယ်လောက်ပျော့တယ်ပြောပြော ယောက်ျားလေးကွ မင်းကျောပိုးတာခံလိုက်ရင် ပတ်၀န်းကျင်က ဘယ်လိုမြင်ကြတော့မလဲ ဒီအနာလေးလောက်နဲ့ မင်းကျောပေါ်တက်ရအောင်ထိလည်း ငါက ပျော့ခွေမနေဘူး”

စိုင်းတမာန်ရဲ့ ကရားရေလွတ်စကားတွေကြောင့် လှမျိုးမြင့် ထိတ်လန့်သွားရသည်။ သူ့စကားကို သန်မာချင်ယောင်ဆောင်တတ်သူလေးက အထင်လွဲသွားခဲ့ချေလေပြီ။ ဘုရားစူး စိုင်းတမာန်ကို မထိခိုက် မနာကျင်စေချင်သော စိတ်မှလွဲလို့ လှမျိုးမြင့် ဘယ်အကြောင်းမှထပ်မရှိ။

“မဟုတ်ဘူး ကိုယ်ပြောတာက”

“ဖယ်”

ထို့နောက်သူ့ကို တွန်းထုတ်ကာ စာသင်ခန်းထဲကို ၀င်သွားသူကြောင့် လှမျိုးမြင့်မှာ ၀မ်းနည်းသလိုလိုဖြစ်သွားရသည်။ အတန်းထဲကို ရောက်တော့လည်း စကားမပြောတာကြောင့် ပထမချိန်ပြီးတာနဲ့ လှမျိုးမြင့် အခန်းထဲက ထွက်ခဲ့လိုက်သည်။

စိုင်းတမာန်လည်း လှမျိုးမြင့်ထွက်သွားတာကြောင့် ရှေ့က ဆရာမဘာပြောနေမှန်းကိုမသိတော့။ အဲဒါနဲ့ဘဲ ဆရာမ ရှေ့လှည့်နေတုန်း လွယ်အိတ်ကို ကောက်လွယ်ကာ ထွက်လာခဲ့သည်။ သူအများကြီးများ လွန်သွားသလားက တွေးရသေးသည်။

ထို့နောက်ရောက်သွားသည်က ကျောင်းအနောက်ထောင့်နားက ညောင်ပင်ကြီးဆီသို့။

“မာန်”

ညောင်ပင်ခြေရင်းမှာ သူ့ထက်အရင် ထိုင်နေသူက ရှိနေလေသည်။ ထိုလူက အခြားလူမဟုတ် လှမျိုးမြင့်ပင်။

“အင်း”

“ကိုယ်တောင်းပန်”

“ငါတောင်းပန်”

နှစ်ယောက်လုံးရဲ့ပြိုင်တူထွက်လာသော စကားကြောင့် နှစ်ယောက်လုံးပြုံးမိသွားရသည်။

“မာန်”

“အင်းပြော”

“ကိုယ်ပြောစရာရှိတယ်”

“အင်း”

“မာန့်ကို ကိုယ်ချစ်တယ် သူငယ်ချင်းလိုမဟုတ်ဘဲ ချစ်သူရည်းစားလို”

စိုင်းတမာန် တူနဲ့အထုခံလိုက်ရသလို မူး၀ေသွားရသည်။ ထုတ်ဖော်ပြလာဖို့ သူမမျှော်လင့်ခဲ့။ ဒီရင်ခုန်သံတွေဟာ ထပ်တူကျနေမယ်ဆိုတာ ရိပ်စားမိပေမယ့် သူဒီလူ့ကို ရွေးချယ်ဖို့ တွေးမထားခဲ့မိပါချေ။

“ငါ”

“ဘာမှမပြောဘဲ မောင်ပြောတာကိုပဲ နားထောင်ပေးမလား?”

“ဟင်”

“ရင်ခုန်တယ်မို့လား မာန်လည်း မောင့်လို ခံစားနေရတယ်မို့လား?”

“ငါတို့က ငါတို့က ယောက်ျားလေးတွေချည်းလေ”

“မောင်အဲဒါတွေ တစ်ခုမှ ဂရုမစိုက်ဘူး မောင့်ကို ရွေးချယ်ပေး ဘာမှဂရုမစိုက်ဘဲ မောင့်ကို ရွေးချယ်ပေးပါ့လားဟင်”

“ငါ ငါ”

“မာန် မောင့်ကို ကြည့်”

မျက်ရည်စအနည်းငယ်ရောနေတဲ့ မျက်၀န်းတွေက လှမျိုးမြင့်ကို စိုက်ကြည့်လာသည်။ ဘယ်ခြေလှမ်းကို လှမ်းရမည်မှန်းမသိရသောသူသည် အမှန်တကယ်ပင် လမ်းပျောက်လျက်။

“ချစ်တယ် သိတယ်မို့လား မောင့်ကို ရွေးချယ်ပေး”

“မောင်”

တိုးတိုးဖျဖျအသံသည် မေးခွန်းတွေအကုန်လုံး၏ အဖြေကို ပေးနိုင်စွမ်းရှိပါသည်။ ကြောက်ရွံ့နေသူကို ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး ခေါင်းကို တဖွဖွပွတ်သပ်ပေးနေမိသည်။

“ရပြီ မောင်သိပ်ကြောက်နေခဲ့တာ မင်း မောင့်ကို မုန်းသွားမှာကို မောင့်ကိုယုံကြည်ပြီးလိုက်ခဲ့ပေး”

_________________________________________________

“မောင်”

ထိုအသံသည် ညုတုတုအသံလည်းမဟုတ်။ ခပ်ပြတ်ပြတ်အသံလည်းမဟုတ် ပုံမှန်လေသံလေးနှင့်ခေါ်လိုက်သည်သာ။

“အင်း မာန် ဘာလို့လဲ?”

“ညကျ ကိုမျိုးညွှန့်တို့က မိန်းကလေးဆောင်ဘက် သီချင်းသွားဆိုတာ လိုက်မလားတဲ့”

ကျောင်းကနေအဆောင်သို့အပြန် တစ်ယောက်လက်တစ်ယောက်ဆွဲထားရာမှ စိုင်းတမာန်မေးလိုက်ခြင်းဖြစ်သည်။

“မာန်လိုက်ချင်လို့လား?”

“အင်း”

“ဒါဆို လိုက်မယ်လေ”

“အင်း ငါပြောခဲ့ပြီ ညကျ သူတို့က လမ်းထိပ်ကစောင့်မယ်တဲ့”

“အဆိုးလေး သူအကုန်စီစဥ်ခဲ့ပြီးသားကို”

“ဟီး”

ညနေမှောင်ရိပ်ပျိုးတော့ စိုင်းတမာန်တို့ ခိုးထွက်ဖို့ပြင်ရသည်။ အချိန်က ညရှစ်နာရီလောက်ဖြစ်တာကြောင့် အတော်မှောင်ရိပ်သန်းနေပြီ။ အဆောင်က အုတ်တံတိုင်းက သိပ်မမြင့်တာကြောင့် လှမျိုးမြင့်က အရင်တက်ပြီး ခုန်ချသည်။ ထို့နောက်မှ အပေါ်က စိုင်းတမာန်ကို လှမ်းဖမ်းပေးသည်။

“အောင်မလေး”

“ဟူး အဆောင်မှူးမသိလောက်ပါဘူး”

“မသိလောက်ဘူးရယ် သွားစို့ ကိုမျိုးညွှန့်တို့ စောင့်နေလိမ့်မယ်”

သူတို့နှစ်ယောက်ဘာမှမပါခဲ့သော်လည်း ကိုမျိုးညွှန့်တို့ကတော့ ဂစ်တာတစ်လက်ရယ်၊ မယ်ဒလင်အဟောင်းတစ်လက်ရယ်နဲ့ မုန့်လေပွေထုတ်ကြီးကို ကိုင်ပြီး လမ်းထိပ်မှာသူတို့ကို စောင့်နေကြသည်။ကျောင်းသားကြီးတွေဖြစ်တာကြောင့် ဒီလို အဆောင်ရှေ့သီချင်းသွားဆိုတာက သာမန်ကိစ္စရပ်ကလေးတစ်ခုလိုသာ စိုင်းတမာန်ကသာ စိတ်လှုပ်ရှားနေရသည်။

“ငါ့ညီတို့ရောက်ပြီလား? လာ သွားကြစို့ အိုးး မပြေလည်နိုင်အောင် သူက ကြံရွယ်တယ် ရင်မှာ ချစ်အားလေး ညှိုးငယ်ရပါတယ်”

သူတို့ရောက်လာတာနဲ့ ကိုမျိုးညွှန့်တို့ အဖွဲ့က ရှေ့က သွားကာ ဂစ်တာနဲ့ မယ်ဒလင်ကို တစ်ချက်တစ်ချက်တီးကာ မိန်းကလေးတွေရှိတဲ့ အဆောင်ရှေ့ကို သွားကြတော့သည်။

သူတို့ သွားဆိုမယ့် မိန်းကလေးအဆောင်ရှေ့မှာက သစ်ပုပ်ပင်ကြီး တစ်ပင်ရှိသည်။ ထိုအပင်အောက်မှာ အကျအနထိုင်ရင်း နေရာချကြသည်။ ဓာတ်မီးတိုင်ကြီးရှိသော်လည်း မီးအလင်းအားက မှိန်ပြပြရယ်သာ။

စိုင်းတမာန်ကတော့ လှမျိုးမြင့်ဘေးမှာ ကုပ်ကုပ်ကလေးထိုင်လိုက်ပြီး ကိုမျိုးညွှန့်တို့ ယူလာသည့် မုန့်လေပွေတစ်ချပ်ကို ကောက်၀ါးနေလိုက်သည်။

“မျိုးညွှန့် တက်မှာလား?”

“အေး တက်မယ်ကွာ”

စိုင်းတမာန် ဘယ်ကို တက်မှာလဲဆိုပြီး စိတ်၀င်တစားကြည့်တော့ သူတို့အဖွဲ့က ဓာတ်တိုင်ကြီးပေါ်တက်ဖို့ ကြံစည်နေကြတာဖြစ်သည်။ ကိုမျိုးညွှန့် ကြိုက်နေတဲ့ ကောင်မလေးက အပေါ်ထပ်အဆောင်မှာနေတာမို့ သူမြင်စေရင် အပေါ်တက်ကာ သီချင်းဟစ်မှာဖြစ်သည်။

အောက်က ကျန်တဲ့သူတွေကတော့ မယ်ဒလင်တီး ဂစ်တာတီးပြီး ဟာမိုနီလိုက်ပေးရမှာပေါ့။

အပြောမှမဆုံးသေးဘူး။ ကိုမျိုးညွှန့်က ခါးတောင်းကျိုက်ပြီး ဓာတ်တိုင်ကြီးပေါ်တက်သည်။ စိုင်းတမာန်မှာ ရယ်လည်း ရယ်ချင် မရယ်လည်း မရယ်ရက်တာကြောင့် မုန့်လေပွေကိုသာထိုးသွတ်နေသည်။

“ခွီ”

ဘေးက လှမျိုးမြင့်ရဲ့ ရယ်သံကြောင့် စိုင်းတမာန် တံတောင်ဆစ်နဲ့ လှမ်းတို့လိုက်ပြီး ပါးစပ်ပိတ်ခိုင်းလိုက်ရသည်။

တစ်ခဏကြာတော့ ကိုမျိုးညွှန့်က ဓာတ်တိုင်ကြီး ဖက်ပြီး သီချင်းဆိုတော့သည်။ အောက်ကလည်း သူတို့သူငယ်ချင်းအတွက် အားရပါးရတီးပြီး သံယောင်လိုက်ပေးကြသည်။

*နှလုံးသားထဲက တေးသံ နာခံစေရော ဘ၀တစ်ခုလုံးနဲ့ ရင်းကာ ရင်ထဲက တေးသံတွေ

ကမ္ဘာကုန်ကျယ်သရွေ့ တည်စေသော် တည်ပါစေသော်….

မှန်ရာကို သစ္စာဆိုပါမည် ဘုရားသခင်ထံ တိုင်တည်ဖူးပါသည်…. ရင်မှာတစ်ယောက်တည်း ချစ်ခဲ့ဖူးပါသည်..

လွှမ်းမိုးရဲ့ ရင်တွင်းမေသီချင်းကို ဓာတ်တိုင်ကြီး ဖက်ကာ အသံကုန်အော်နေသော ကိုမျိုးညွှန့်အချစ်တွေကို တစ်ဖက်က အဆောင်သူမြန်မြန်မြင်နိုင်ပါစေဟုသာ ဆုတောင်းမိတော့သည်။ အဘယ်ကြောင့်ဆိုသော် ကိုမျိုးညွှန့် ဓာတ်တိုင်ပေါ်ကနေ ဘယ်အချိန် လျှောကျမလဲဆိုတာ လှမျိုးမြင့် ရင်ထင့်နေရသောကြောင့်ပင်။

နောက်သီချင်းတွေကျတော့ ကိုမျိုးညွှန့်က သူများတွေလို အောက်မှာပဲ ထိုင်ဆိုပါသည်။ လှမျိုးမြင့်နဲ့ စိုင်းတမာန်တို့ကတော့ မုန့်လေပွေကို ကိုက်လိုက် သံယောင်လိုက်လိုက်နဲ့သာ သူတို့ဆိုတာ ထိုင်နားထောင်နေလိုက်သည်။

သီချင်းခုနစ်ပုဒ်လောက်ပြီးသည့်အချိန်မှာတော့ မုန့်လေပွေက ကုန်ပြီဖြစ်သည်။ ရေလည်း ဆာနေပြီဖြစ်သည်။

“ဗျို့ ရေလေးတစ်ခွက်လောက် မေတ္တာထားပါဦးဗျို့”

ကိုမျိုးညွှန့်တို့အဖွဲ့ထဲက အစ်ကိုကြီးတစ်ယောက်က အဆောင်ဘက်ကိုလှည့်ကာ အော်လိုက်ခြင်းဖြစ်သည်။ သို့သော် အဆောင်ထဲက ဘာဆို ဘာသံမှပြန်မကြားရ။

“ခင်တို့က စိမ်းလိုက်ကြတာကွာ ဒီလောက် ပိုးနေတာကို ရေလည်း တစ်ခွက်တောင် မသဒ္ဒါကြပါလားဗျို့”

“ကဲကွာ ဒီနေ့လည်း ပြတင်းပေါက်တောင် ဖွင့်မယ့်ပုံမပေါ်ဘူး နောက်ဆုံးတစ်ပုဒ်ဆိုပြီး ပြန်မယ် ကဲဘယ်သူဆိုမလဲ?”

“ဟို အငယ်နှစ်ကောင်ဆိုကြလေ မင်းတို့ မုန့်ပဲထိုင်စားနေတာ”

“ကျွန်တော်က မဆိုတတ်ဘူး”

သူတို့နှစ်ယောက်ဘက်မြားဦးလှည့်လာတော့ စိုင်းတမာန်က ခေါင်းခါကာ ငြင်းသည်။ စိုင်းတမာန်က ငြင်းတော့ အကုန်လုံးရဲ့အကြည့်က လှမျိုးမြင့်ဆီရောက်လာသည်။

“မျိုးမြင့် ငါ့ကောင် ဆိုလိုက်စမ်းပါကွာ”

သူ့ဆီ ဂစ်တာကြီးထိုးပေးကာ အတင်းပြောနေသူကြောင့် လှမျိုးမြင့် ဂစ်တာကို ပိုက်ကာ ဘေးနားက သစ်ငုတ်တိုပေါ် တက်ထိုင်လိုက်သည်။ သူလှည့်ထားတာက အဆောင်ဘက်ကို လှည့်ထားတာမဟုတ်ဘဲ စိုင်းတမာန် ထိုင်နေသည့်ဘက်ကို မျက်နှာမူထားတာကိုတော့ မည်သူမှသတိမပြုမိချင်နေ စိုင်းတမာန်တော့ သတိပြုမိပါသည်။

*မလွန်ဆန်နိုင် နှလုံးသားထဲ ရစ်နှောင်တွယ် ပတ်လို့ဖြင့်ထားသော်လည်း အတွေးခက်တယ် သံယောဇဥ်

ငယ်ရွယ်သူဖြစ်တော့လည်း ချစ်တာပဲ ဦးစားပေးသိနေတယ် အတွေးခက်တယ် ဇာတ်လမ်းမှာ…

ကြားလူတွေ ဖျက်လို့တော့ နောက်မဆုတ်ဘူး စမိတဲ့ အချစ်တွေကို ရုတ်သိမ်းဖို့မတောင်းဆိုနဲ့…

ကိုယ့်အသိထဲ မင်းတစ်ယောက်တည်းငဲ့ညှာမယ် တို့နှစ်ယောက်ရဲ့ နိဗ္ဗာန်လေး ဖျက်သိမ်းဖို့မတောင်းဆိုနဲ့…

ငါဘယ်သူ့မှ ဂရုမစိုက်နိုင်…

သံစဥ်နဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းထွက်ပေါ်လာသည့် လှမျိုးမြင့်အသံကြောင့် မိန်းကလေးဆောင်အတွင်းက ပြတင်းတံခါးတွေ တစ်ချပ်စနှစ်ချပ်စပွင့်လာသည်။ ကိုမျိုးညွှန့်တို့ အဖွဲ့ကလည်း ၀မ်းသာအားရ မယ်ဒလင်ကိုပါတီးပြီး အားကြိုးမာန်တက် ဟာမိုနီလိုက်ပေးကြတော့သည်။

စိုင်းတမာန်ကတော့ ဒူးခေါင်းပေါ်မေးတင်ကာ လှမျိုးမြင့်ကိုပဲ စိုက်ကြည့်နေမိတော့သည်။ ခင်တွယ်မိတာတွေက ဘယ်အချိန်ကတည်းက စခဲ့ပါသလဲ။ အို ထိုလူ သူ့အပေါ်စတင်မေတ္တာရှိသည့်အချိန်နှင့် ထပ်တူ။

*ရင်ခွင်မှာ ပစ်ပြီးလို့ စိုက်နေမှ ဆွဲထုတ်ဖို့ မလုပ်နိုင်ဘူး ကိုယ့်အသက်ကိုယ်ကိုယ်သနားတယ်

အကြင်နာတွေ ပေးပြီးလို့ လက်လွန်ပြီ မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး မေ့ရတာမလွယ်လှပါ

ကြားလူတွေ ဖျက်လို့တော့ နောက်မဆုတ်ဘူး စမိတဲ့ အချစ်တွေကို ရုတ်သိမ်းဖို့မတောင်းဆိုနဲ့…

ကိုယ့်အသိထဲ မင်းတစ်ယောက်တည်းငဲ့ညှာမယ် တို့နှစ်ယောက်ရဲ့ နိဗ္ဗာန်လေး ဖျက်သိမ်းဖို့မတောင်းဆိုနဲ့…

ငါဘယ်သူ့မှ ဂရုမစိုက်နိုင်…

လှမျိုးမြင့် သီချင်းဆုံးသွားသည်နှင့် တစ်ပြိုင်နက် မိန်းကလေးဆောင်ရဲ့ တံခါးချပ်သေးသေးလေးက ပွင့်ဟလာသည်။ ထို့နောက် အဆောင်စောင့်မိန်းမကြီးက ထွက်လာပြီး လက်ယက်ခေါ်တာကြောင့် ကိုမျိုးညွှန့်က မောကြီးပန်းကြီးသွားသည်။

မုန့်တွေနဲ့ရေဘူးတစ်ဘူး အဆောင်ထဲက ကောင်မလေးတွေက ပေးခိုင်းလိုက်ခြင်းပင်။

“မျိုးမြင့်တို့ပဲ မိုက်တယ် ငါတို့ အာပေါက်မတတ် ဓာတ်တိုင်ဖက်တုန်းကကျ ကာလနဂါးတွေအလား သေနေကြပြီးတော့”

“ဟာဗျာ မာန် အိပ်ချင်နေပြီလား?”

“အင်း နည်းနည်း”

“ဒါဆို ကိုမျိုးညွှန့်တို့ ကျွန်တော်တို့ နှစ်ယောက်အရင်ပြန်ဦးမယ် သူအိပ်ချင်နေပြီ”

“အေးအေး ပြန်နှင့်ကြလေ လိုက်မပို့တော့ဘူးနော် ငါတို့လည်း နောက်ထပ်နှစ်ပုဒ်လောက်ဆိုပြန်တော့မှာ”

အပြန်လမ်းက နှစ်ယောက်တည်းဖြစ်တာမို့ စိုင်းတမာန် လှမျိုးမြင့်ရဲ့ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။ လမ်းမှောင်မှောင်မှာ သူတို့နှစ်ယောက်သာလျှင်ရှိသည်။

“မောင် မင်းသီချင်းဆိုတာ တအားနားထောင်ကောင်းတာပဲ”

“ဟုတ်လား နောက်ကျ မာန့်ကို ဆိုပြမယ်လေ”

“အင်း ငါ မင်းသီချင်းဆိုတာကိုပဲ ထိုင်နားထောင်နေချင်တော့တယ်”

“မောင့်အချစ်အတွက်ဆို တစ်နေကုန်သီချင်းထိုင်ဆိုနေရလည်းဖြစ်တယ်”

“အပိုတွေကတော့ ပြောပြီ”

“မာန့်ကို မောင်ဘယ်တုန်းကတည်းက စချစ်မိသွားတာဖြစ်မလဲ မောင်ထင်တာကတော့ ကျောင်းပေါက်၀မှာ အူကြောင်ကြားနဲ့ ရပ်နေတဲ့ ကောင်ကလေးကို မြင်ကတည်းကဖြစ်မယ်”

“ငါတော့ သေချာမသိဘူး မင်းက ငါမသိလိုက်အောင် ငါ့စိတ်ထဲမှာ အမြစ်တွယ်နေတာဖြစ်မယ်”

“မာန် မောင်တို့ အဆုံးထိသွားကြမယ်နော်”

“အင်း မောင်နဲ့ငါ အတူတူရူးမိုက်ကြည့်ကြရအောင်”

“မောင်က မာန့်ကို သိပ်ချစ်တာ အဲဒါကိုပဲ သိထားပေး”

“ငါကလည်း မောင့်ကို သိပ်ချစ်ရပါတယ်”

ဒီကတိစကားတွေ၊ ဒီအတူလျှောက်ခဲ့တဲ့ လမ်းတွေဟာ ပုံပြင်မဟုတ်ခဲ့သလို။ သူတို့နှစ်ယောက်ရဲ့ အချစ်တွေကလည်း လွယ်လွယ်မဟုတ်ခဲ့။ အို အတိတ်ဟောင်း ဇာတ်လမ်းတစ်ပုဒ်ဟာ အဘယ့်ကြောင့်များ ဒီလောက်ထိ လှပနေခဲ့ပါသလဲ။ အို လှပနေခဲ့ရပါသလဲ။ ဇာတ်သိမ်းကို မျှော်မတွေးကြည့်ရဲ။

(OliviaThet-Eleanor’s note _ Special Extra ပါပြီးသွားပြီဆိုတော့ Lollipop က တကယ်ကို ပြီးဆုံးသွားပါပြီ MC မဟုတ်တဲ့ နှစ်ယောက်ကို Special Extra ရေးလိုက်တဲ့ အာဂစာရေးသူပါပဲ Lollipop ကနောက်ထပ် Extra လုံး၀ရှိတော့မှာမဟုတ်ပါဘူးဗျ)

@OliviaThet-Eleanor

________________________________________________________

Tags: read novel Lollipop Special Extra – Unicode, novel Lollipop Special Extra – Unicode, read Lollipop Special Extra – Unicode online, Lollipop Special Extra – Unicode chapter, Lollipop Special Extra – Unicode high quality, Lollipop Special Extra – Unicode light novel, ,

Comment

Leave a Reply

Chapter 37