Wrong Time Right Person(Completed) part( 25)unicode

A+ A-

wrong time right person

အပိုင်း (၂၅)

“ဒယ်ဒီ”
ဒယ်ဒီဟူသော နာမ်စားဟာ
သူလိုလူအတွက်ထိုက်တန်ပါရဲ့လား။

“ဒယ်ဒီ”
“……”
“တောင်းပန်ပါတယ်”
“သားက ဘာလို့ တောင်းပန်ရတာလဲ
မှားခဲ့တာက ဒီအဖေမဖြစ်ထိုက်တဲ့ကောင်ပါ ဒီလို လုပ်နေမယ့်အစား
သားက ဒယ်ဒီ့ ကို နာနာကျည်းကျည်းနဲ့
ပစ်ပစ်ခါခါ ပြောလိုက်ရမှာ “

စိတ်ဝေဒ နာခံစားရပေမယ့် သိမှုနယ်ပယ်၏ တစ်ဖက်ခြမ်းတွင် ကောင်းကောင်း ကြီးပြင်းလာခဲ့ပုံရသား
သည် ခွင့်လွှတ်တတ်ခြင်းကိုလည်း
ကျေညက်နေပြန်၏။

“ကျတော့ကြောင့် သာ မဟုတ်ရင် ဒယ်ဒီတို့ ဒီအထိ ရောက်မလာခဲ့ဘူးမှလား
ဒယ်ဒီ့ရင်ထဲမှာ ဦးမောင်က တစ်ချိန်လုံးရှိနေခဲ့ပေမယ့် စည်းအပြင်ဘက်ကို ဒယ်ဒီဘယ်တုန်းကမှ မရောက်ခဲ့တာ
ကျတော်သိနေခဲ့တာပဲ ကျတော့ရဲ့ မမြင်နိုင်တဲ့အခြမ်းမှာ ဒယ်ဒီ့ကိုမုန်းခဲ့သလားမသိပေမယ့်
ကျတော့သိမှုမှာ ဒယ်ဒီက အမြဲလေးစားစရာကောင်းခဲ့ပါတယ်
အကယ်၍ ကျတော်သာ
ဒယ်ဒီ ဖြစ်ခဲ့ပြီး
ဝေ သာ ဦးမောင်ဖြစ်ခဲ့ရင်
ဒယ်ဒီ့လိုထပ်တူ လုပ်မိမလားပဲ”

ကြည်သူစကားအဆုံး ဦးမင်းမောင်က
တစ်ဘက်သို့လှည့်ကာကြိတ်ရှိုက်၏။
ကြည်သာဘုန်းက မျက်နှာနီလျက် အံကြိတ်ကာ ထထွက်သွားလေသည်။
သူ့တူက ဘာလို့ အာသဝေါတရားတွေ ဒီလောက်ထိ ကုန်ခမ်းသွားရတာလဲ။
လက်ညှိုးငေါက်ငေါက်ထိုးပြီး ဒီလူအိုနှစ်ယောက်ကို ပြောဆိုလိုက်ရမှာ မဟုတ်ဘူးလား။
ကြည်သူမှာ ဦးလေးဖြစ်သူ၏ သဘောကို သိပေမယ့် ကျန်ရှိတဲ့ ဘဝကို ပူလောင်မှုတွေနဲ့ မဖြတ်သန်းချင်တော့ပါ။
မာမီလည်း သူ့ဟာနဲ့သူ ငြိမ်းချမ်းနေပြီမို့ ဒယ်ဒီနဲ့ ဦးမောင်လည်း ငြိမ်းချမ်းပါစေတော့။
လူ့ဘဝက တိုတိုလေး။
ပူလောင်စရာတွေနဲ့ လက်ကျန်ဘဝကို
မဖြုန်းတီးချင်။
သူရှင်သန်ရမယ့် အကြောင်းအရင်းသည် ရဝေနန်းဦး ဆိုသည့် အသက်သွေးကြောတစ်ခုတည်းသာ။
ဖြစ်ပြီး ခဲ့တာတွေကို နောက်ကြောင်းပြန် ကိုယ့် စိတ်ကိုယ် ညှင်းဆဲတာ က
သူ့ဘဝတွင် လုံလောက်သည်ထက်ပိုခဲ့ပြီး ဖြစ်သည်။
နန်းဦး ဒီကို ရောက်လာရတယ် ဆိုတာကလည်း ဒယ်ဒီတို့ရဲ့ အပြစ်ကို တစ်နည်းတစ်ဖုံ ဆေးကြောဖို့ မဖြစ်နိုင်ဘူးလား။
ဒီတစ်ချက်တည်း နဲ့တင်
သူအရာရာကို ခဝါချနိုင်ပါသည်။

“သားကို ခုလိုမျိုးကြီးပြင်း စေခဲ့မိလို့ ဒယ်ဒီတောင်းပန်ပါတယ်
တာဝန်မကျေတဲ့ ဖခင်မို့လည်း ရှက်မိပါတယ် ဘုန်း ပြောသလိုပဲ
ဒယ်ဒီတို့က အဲဒီကတည်းကသေလူတွေပါ
ဒီနေရာမှာပဲ သားအပေါ် အပြစ်ရှိစိတ်နဲ့
နေသွားပါ့မယ်
သား က ခွင့်လွှတ်တတ်ပေမယ့်
ဒယ်ဒီက မထိုက်တန်ပါဘူး “

“ဒယ်ဒီ့သဘောပါ ဝေ့ကြောင့်သာ မဟုတ်ရင် ဒယ်ဒီတို့သက်ရှိထင်ရှား ရှိမှန်းတောင် သိရမှာ မဟုတ်တာ
ဒယ်ဒီတို့နေမြဲအတိုင်းနေပါ
ကျတော့ မသိစိတ်က ကျူးလွန်မိတဲ့ကိစ္စအတွက်နောက်ဆန်မတင်း ရအောင် အသက်ရှင်နေပေးလို့ ဒယ်ဒီနဲ့ဦးမောင်ကိုကျေးဇူးတင်ပါတယ်
ကျတော်တို့ ပြန်တော့မယ်
ဒယ်ဒီတို့ ဒီမှာ အဆင်မပြေလို့
ရွှေဆောင်ပြန်လာချင်ရင်လည်း
အမြဲကြိုဆိုပါတယ်
ပြီးတော့ ဝေ့ကိုစောင့်ရှောက်ပေးထားတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်
ဝေ့ကြောင့်သာ ဒယ်ဒီတို့အပေါ်
စာနာပြီး ခွင့်လွှတ်
နိုင်ခဲ့တာ ထင်ပါတယ်”

တခါတလေ
ခွင့်လွှတ်ခံရခြင်းဟာ မထိုက်တန်သူအဖို့ ပစ်ပစ်ခါခါ နာကျည်း မုန်းတီးခံရခြင်းထက် ပို၍ မခံယူနိုင်စရာ ကောင်းလေသည်။
မိသားစုအရေးမို့ အိမ်ပေါ်တွင် ဦးကြည်သာမောင် ဦးမင်းမောင်မောင်
ကြည်သာဘုန်း
ကြည်သူနှင့် နန်းဦး သာ ရှိကာ ကျန်လူများမှာ အလိုက်တသိဝင်မပါကြ။
ကြည်သာဘုန်းမှာ ကြည်သူ့နှုတ်ထွက်စကားအား ကြားပြီးသည့်နောက် သူဝင်ပါရန် မလိုအပ်တော့ ဘူးထင်ကာ
ထထွက်လာခဲ့လျှင် ကျန်သူများမှာလည်းမတားကြပါ။
နန်းဦး မှာ ကိုကို့၏ သဘောအတိုင်း လိုက်ရန်စဥ်းစားထားပေမယ့်
ဦးလေးကြည်သာမောင်နှင့်
ဦးလေးမင်းမောင်မောင်တို့ကိုလည်း
ထပ်ပြီး
နာကျင်မခံစားစေလိုတော့ပါ။
အရင်းစစ်ကြည့်လိုက်ရင် ကိုကိုနဲ့ ကိုကို့ မာမီအတွက်သိပ်မတရား ရာကျပေမယ့် နန်းဦး မှတ်ဥာဏ်တွင် ထိုလူနှစ်ယောက်သည် သွေးမတော် သားမစပ်သူ နန်းဦး ပေါ်တွင်သာမက
သားတစ်ယောက်လိုဖြစ်နေသော ထိန်သာ ပန်းမတစ်ရွာလုံးအပေါ်တွင်
မကောင်းတာ တစ်ကွက်မှမရှိပေ။
နေရာမှန် အချိန်ကောင်းနဲ့သာ တွေ့ခဲ့ရင် ထိုလူသားနှစ်ယောက်၏ စိတ်သဘောထား ပြည့်ဝမှုဟာ သံသယ ဝင်စရာရှိမည်မဟုတ်။
ဦးလေးကြည်သာမောင်ဟာ
သူ့တွေဝေမိုက်မဲမှုတစ်ခုကြောင့်
ကိုကို့မာမီအပေါ် မချစ်ခဲ့ပေမယ့်
ကိုကို ပြောသလို အိမ်ထောင်ရေးဆိုတဲ့စည်းကို 
ဘယ်တုန်းကမှမကျော်ခဲ့သူ။
ကိုကို့မာမီ လိုချင်တဲ့ အချစ်ဆိုတဲ့ အရာကို
မပေးနိုင်သဖြင့် အိမ်ထောင်ရေးတွင်မအောင်မြင်ခဲ့သူ။ ထိုအထဲမှာမှ ကိုကိုဟာ သူတို့အိမ်ထောင်ရေး အက်ကွဲကြောင်းကြား နှလုံးသားနုနုဟာ အက်ရာထင်ခဲ့ရတဲ့ နစ်နာသူ။
အရာရာဟာ အချိန်ကောင်းကို လက်လွှတ်ဆုံးရှုံးခဲ့လို့ လွှဲချော်ခဲ့ရတာ သာ ဖြစ်သည်။

***********

“အစ်ကို ကျတော့ကို ဒုတိယအသက်ထပ်ပေးခဲ့တာရော ဒီအတောအတွင်း
စောင့်ရှောက်ပေးခဲ့တာရောအတွက်ကျေးဇူးတင်ပါတယ်”

နန်းဦး က မြေကြီးတွင်ပုံ့ပုံ့လေးထိုင်ကာ ကန်တော့ဖို့ လုပ်တော့ ဘေးမှရပ်ကြည့်နေသော ကြည်သူမှာ အပေါ်ထပ်အင်္ကျီအားချွတ်ကာ နန်းဦး ဖင်အောက်တွင်ခင်းလိုက်လေသည်။
ခင်းလိုက်တာနဲ့ထိုင်ချလိုက်တာ ကွက်တိမို့တားချိန်ပင်မရလိုက်။
ထိန်သာမှာ ဒီလိုခွဲခွာရမယ့် အခြေအနေကို မျှော်လင့်ထားသော်လည်း
ရုတ်တရက်ကြီး လစ်လပ်သွားမယ့် အခြေအနေကို လက်မခံချင်သေး။
သို့သော်လည်း နန်းဦး မှာ ဒီအခြေအနေထိ ဘယ်လိုကျော်ဖြတ်ခဲ့ရတယ် သိနေတော့ သူ့ချစ်တဲ့သူနဲ့ ပြန်ဆုံရတာ တစ်ဖက်ကလည်း ဝမ်းသာပါသည်။

“မင်းအဆင်မပြေတဲ့အချိန်
ပန်းမရွာမှာ အစ်ကိုတို့မိသားစုရှိနေတယ် အချိန်မရွေး ပြန်ခဲ့လို့ရတယ်”

ထိုစကားကို ကြည်သူအားကြည့်ကာပြောသည်မို့
နန်းဦး အသက်ကိုကယ်ခဲ့သူမို့သာ
သည်းခံနေတာ အံကြိတ်လိုက်သဖြင့် ကြည်သူမေးရိုးမှာတင်းကနဲ။
မင်းက ငါတို့ရဲ့ခြေချော်လက်ချော်ဖြစ်မယ့် ဆက်ဆံရေးကို မျှော်လင့် နေတာလား တစ်သက်လုံးမရဘူးဟေ့ကောင်
ရဝေနန်းဦး ကို သေတဲ့အထိ လက်လွှတ်မှာမဟုတ်ဘူး။
ထိုစကားကိုနှုတ်မှထုတ်မပြောဖြစ်ပဲ
ထိန်သာအား စူးကနဲကြည့်ကာ
ပုံ့ပုံ့လေး ထိုင်နေသူအား ချိုင်းမှ ဆွဲမလိုက်သည်။

“ခဏ ကိုကို”
“ဘာလုပ်ဦးမလို့လဲ”
“ဦးလေးတို့ကို ကန်တော့ချင်သေးလို့
ကိုကိုပါလိုက်ခဲ့မလား”

အရာရာကို သင်ပုန်းချေလိုက်တယ်ဆိုပေမယ့် ကန်တော့ဖို့ ထိ ထိုက်တယ်လို့ ကြည်သူမထင်။ ထို့ကြောင့် ကြည်သူခေါင်းခါလိုက်သည်။
နန်းဦး အတွက်တော့ ကျေးဇူးရှင်မို့
ကြည်သူမတားပါ။
နန်းဦး ဆေးပေးခန်းထဲ ရောက်လာတော့ ဦးမင်းမောင်မောင် မဟုတ်တော့သော ဆရာမိုးလုံးမှာ ခြေထောက်ညှောင့်စူးနေသော လူနာအား ညှောင့်ဆွဲထုတ်ကာ ပြည်ပုပ်များအား ညှစ်ထုတ်နေ၏။

“ပြန်သွားကြပြီထင်တာ”
“ဦးလေးနေသာ ရော
ကျတော်ကန်တော့ချင်လို့”

ဦး
ကြည်သာမောင်နှင့်စာလျှင် ဦးနေသာက ပို၍အကျွမ်းဝင်သည်မို့
ဦးနေသာဟုပင်သုံးနှုန်းလိုက်သည်။
ဦးလေးနေသာက နောက်ခန်းထဲမှ
ရေနွေးစိမ်ထားသော ဆေးစလင်းနှင့် ဆေးထိုးအပ် ကတ်ကြေးများထည့်ထားသော ခွက်အားယူကာ ထွက်လာလေသည်။
နန်းဦး ထိုနေရာမှာ ပင်ကန်တော့လိုက်ကာ နှုတ်ဆက်စကားတစ်ခါတည်းပြောလိုက်သည်။

“နန်းဦး ခဏ
အစ်ကို ဒီဟာကို လက်စသတ်လိုက်ပါဦး”

အနာအားဆေးစည်းကာ
ပတ်တီး အားလက်စသတ်ရန် ဦးလေးနေသာလက်ထဲလွှဲကာ ဆရာမိုးလုံးမှာ တစ်နေရာထထွက်သွားလေသည်။
ထို့နောက် ကတ္တီပါ ရှုံ့အိတ်လေးတစ်ခုနဲ့
ပြန်ထွက်လာကာ
နန်းဦး လက်ထဲထည့်ပေးလိုက်သည်။
လက်ထဲရောက်လာသော အလေးချိန်အား ချိန်ဆကာ နန်းဦး ငြင်းဖို့လုပ်လိုက်သည်။

“ဟို…ဆရာ”
“မငြင်းနဲ့ နန်းဦး ဘယ်လောက်မှမများပေမယ့် မင်းတို့အတွက် ဆရာ့ မင်္ဂလာလက်ဖွဲ့ပါ
ဆရာတို့ကြောင့် ဒုက္ခများခဲ့ရတဲ့ကလေးကို မင်းက ချစ်ခြင်းမေတ္တာ တွေအများကြီးပေးပြီး စောင့်ရှောက်ပေးပါ “

ဆရာမိုးလုံးမှာ ပြောပြီး နန်းဦး အားပွေ့ဖက်လိုက်သည်။

“စိတ်ချပါ ခင်ဗျာ ဆရာ့အတွက်ရော ဦးလေး နေသာ အတွက်ပါ ပိုတိုးပြီး
ချစ်ပေးလိုက်ပါ့မယ်
ကျတော်သွားပြီနော်”

နန်းဦးက နှုတ်ခမ်းဘေးမှ အချိုင့်လေးများ ပေါ်သည်အထိ ပြုံးရယ်နှုတ်ဆက်ကာ ဆေးပေးခန်းထဲမှ ထထွက်သွားလေသည်။
ဆရာမိုးလုံးမှာ ဦးနေသာ၏ ပခုံးအားဖျစ်ညှစ်ကာ အားပေးလိုက်ရင်း
နောက်လူနာတစ်ယောက်အား ခေါ်လိုက်လေသည်။
နန်းဦး ကြည်သူတို့ဆီပြန်ရောက်လာတော့ ကားလမ်းအထိ ရောက်အောင် လိုက်ပို့မယ့် ထော်လာဂျီမှာ အိမ်ရှေ့တွင်အသင့်ရောက်နေ၏။
မီးခိုးတစ်ဖြစ်လည်း ကိုညိုမှာ ထော်လာဂျီပေါ် မိန့်မိန့်ကြီး တက်ထိုင်ကာ
လူများအလာကို စောင့်နေလေသည်။
နန်းဦး ကိုမြင်တော့ ထော်လာဂျီပေါ်မှ ခုန်ချလာကာ ဘောင်းဘီစအား ဆွဲကိုက်လျက် ထော်လာဂျီဆီပြန်ခေါ်လေသည်။
ကြည်သူက ခေါင်းအားပုတ်ရန်လုပ်လျှင် ဂီးကနဲ လှည့်ဟောင်လျက်ရန်တွေ့လေသည်။
နန်းဦး နဲ့အဆင်ပြေသည့်တိုင်
ခွေးနဲ့ မပြေသေး။
အမှတ်သည်းခြေကြီးသော
ကိုညိုပင်။
ကြည်သူကနန်းဦးအား ချိုင်း
မှ မချီကာ ထော်လာဂျီပေါ်တင်ပေးလိုက်သည်။
ထို့နောက်သူပါလိုက်တက်ကာ နန်းဦး ဘေးတွင် ကပ်ထိုင်လိုက်သည်။

“ဦးဘုန်း အားကျနေရင် ကျတော် ချီတင်ပေးရမလား”

စသလိုနောက်သလိုပြောလာသော ညီဘွားကြောင့် ကြည်သူအား စိတ်မကြည်သေးသော ကြည်သာဘုန်းမှာ
ညီဘွားအား မျက်စောင့်ကြီးဖြင့် ကြည့်ကာ ထော်လာဂျီပေါ်လွှားကနဲခုန်တက်လိုက်သည်။ ဦးအောင်ဘွားမှာ လှေသားနှစ်ယောက်နှင့်အတူ လှေနှင့်ပြန်သွားပြီမို့ သူတို့သာ ကျန်ကာ
ကားလမ်းပေါ်ရောက်ရန်
တောလမ်းဆီဖြတ်ကာ ထော်လာဂျီအား တစ်နာရီလောက်စီးလိုက်ရသဖြင့်
အီဆိမ့်နေတော့သည်။
ထိန်သာ စီစဥ်ပေးသော ကားဖြင့်
နွားခြံသို့ ရောက်ချိန်တွင်
ညကိုးနာရီပင်ထိုးလုပြီဖြစ်သည်။
ရာဘာတောထဲ ဖြတ်လာချိန်တွင်
ရာဘာတောထဲ၌ ရာဘာခြစ်နေသော
ရာဘာခြံလုပ်သားများဆီမှ မီးအလင်းရောင်များအား မြင်နေရသည်။
ထိုရာဘာခြံ လုပ်သားများသည်
ညဘက် တစ်ညလုံးရာဘာခြစ်ကာ
နေ့ဘက်တွင် သူတို့၏ အိပ်ချိန်ဖြစ်သည်။
ရာဘာတောအား လွန်သည်နှင့် အစိမ်းရောင်လွင်ပြင်အား ဖြတ်မောင်း ချိန် နန်းဦး ၏ စိတ်မှာ လွန်ခဲ့သော တစ်နှစ်ဆီ ပျံလွှင့် သွားလေသည်။
အစိမ်းရောင်လွင်ပြင်သည် ညမှောင်မှောင် တွင် အမဲရောင်လွင်ပြင်ကြီး ဖြစ်နေ၏။
ကုန်းကမူလေးအတက်တွင် ကားအရှိန်လျှော့လိုက်သောအခါ ကိုညိုသည်
ကားပေါ်မှ ခုန်ချကာ သူ့နေရာဟောင်းကိုရောက်ပြီဆိုသော အသိနှင့် ကျယ်ကျယ်လောင်လောင် ဆွဲဆွဲငင်ငင်အူလိုက်လေသည်။
နန်းဦး အတွေးများနေသည်ကို သိသော ကိုကိုမှာ နန်းဦး ၏ အေးစက်နေသော လက်လေးအား အုပ်ကိုင်ကာ ဖျစ်ညှစ်လိုက်လေသည်။
လွန်ခဲ့သောတစ်နှစ်နှင့် မတူစွာ သစ်သားအိမ်ကြီးဘေးတွင်
တစ်ထပ် တိုက်ပုလေးတစ်ခု နေရာယူထားလေသည်။
ရေနံဆီမီးအိမ်အစား ဝါကျင်ကျင်လျှပ်စစ်မီးရောင်က နေရာယူထားသဖြင့် အိမ်နှစ်ဆောင်လုံးမီးများဖြင့် လင်းထိန်နေ၏။

“အနောက်ဘက်မှာ မီးစက်ထားတဲ့အဆောင်ရှိတယ် ဒီအိမ်လေးမဆောက်ခင် ယူလာထားတာ ခုမီးလင်းနေတာ
ဒီမီးစက်ကို မောင်းထားလို့လေ”
“တော်တော်ပြောင်းလဲသွားတာပဲ”
“မင်းလည်း ပြောင်းလဲပါတယ် ဆံပင်လေးတွေရှည်လာတယ်”

ကြည်သူက သားရေပင်နှင့် စုချည်ထားသော နန်းဦး ဆံပင်လေးအား အုပ်ကိုင်လျက်ဆို၏။

“ချစ်စ ခင်စဆိုပြီး သည်းခံနေတာ
မျက်စိနောက်နေပြီနော်
ကားပေါ်က မဆင်းတော့ဘူးလား”
“ဦးဘုန်း ဒါကြောင့် လူပျိုကြီးဖြစ်နေတာ ကိုယ်က မချစ်တတ်ရင်လည်း သူများချစ်နေတာ မုဒိတာပွားမှပေါ့”
“ငါက မစွံလို့ လူပျိုကြီးဖြစ်နေတာ မဟုတ်ဘူး ငါမဆွတ်ခင် ညွှတ်ချင်သူတွေမှ တစ်ပုံကြီး မင်းသာ အသက်နှစ်ဆယ့်ခြောက်ထဲဝင်နေပြီ ရည်းစားရော ထားဖူးရဲ့လား”

ကြည်သာဘုန်းပြန်ပက်တော့ ညီဘွားက မသိချင်ယောင်ဆောင်ကာ
ကားပေါ်မှဆင်းလျက် အိမ်ဆီအရင်လျှောက်ထွက်သွားလေသည်။

“မင်းတို့ အချစ်ငှက်နှစ်ကောင်က ဟိုဘက်အိမ်သွား
ငါက ဒီဘက်သစ်သားအိမ်မှာ ညီဘွားတို့နဲ့တူတူနေလိုက်မယ်”

ကြည်သူက ဦးလေးအား ဒီဘက်အိမ်လိုက်နေပါဟု အားနာပါးနာပင်မခေါ်တော့။
ဒီတစ်နှစ်အတွင်း ဝေနဲ့
နှစ်ယောက်တည်း
ပြောစရာ
စကားများစွာ ရှိနေသည် မဟုတ်ပါလား။
*****************

အဖြူရောင် တစ်ထပ်တိုက်လေးသည် အထဲတွင်လည်း အခန်းနှစ်ခန်းရှိကာ
မီးဖိုခန်း ရေချိုးခန်းအိမ်သာနှင့် သပ်သပ်ရပ်ရပ် ။
ဧည့်ခန်းတွင် ကျွန်းစားပွဲနှင့်ဆက်တီတစ်စုံစာသာ ရှိကာ
ကိုကို့ စိတ်ကြိုက်ဆောက် ပေး
ထားပုံရကာ ပရိဘောကမှာ ထိုမျှသာ ဖြစ်ကာ အိမ်တစ်ဆောင်လုံးရှင်းလင်းတောက်ပြောင်နေ၏။

“ဒီကိုလာခဲ့ဝေ”

နန်းဦး အိမ်ထဲတွင် လှည့်ပတ်ကြည့်နေတုန်း ကိုကို့ခေါ်သံကြောင့် အိမ်ထဲဝင်လာခဲ့လျှင် ရေချိုးခန်းထဲမှ ဖြစ်နေသည်မို့ နန်းဦး မျက်နှာမှာ ရေနွေးနှင့် ပက်ခံလိုက်ရသလို ပူနွေးသွားလေသည်။

“ရေချိုးချင်လား “
“ဟို ကျတော့ဘာသာ ချိုးလိုက်မယ် ကိုကို အရင်ချိုးနှင့်လေ”
“ကိုယ့် ကို ရှက်လို့လား တူတူချိုးရအောင် ဝေ့မှာ ပါတာ လည်း ကိုယ့်မှာ ပါတာပဲဟာ “
“အာ… “
“အင်း ဝေ မကြိုက်ရင် နောက်တော့မှ ပေါ့ ခုတော့ ဝေတစ်ယောက်တည်းပဲ
မြန်မြန်ချိုးလိုက်
အထဲက ဗီရိုထဲမှာ တဘက်နဲ့ bathrobeတွေရှိတယ် “

ကြည်သူက
တံခါးပိတ်ကာ
အပြင်ပြန်ထွက်လာလိုက်သည်။
ဝေ့ပုံစံက သူ့အား ကျန်းမာရေး ကိစ္စကြောင့်အလွယ်တကူ ပြန်လက်ခံလိုက်ပေမယ့် တစ်ဖက်တွင် သူ့အား မယုံမရဲ ရှိလှသော ပုံစံတစ်စွန်းတစ်စအား
လိမ်ဖို့ ပညာပါမလာသော
မျက်လုံးကြည်ကြည်လေးတွင်ပေါ်နေ၏။
မဝံမရဲ ပုံစံလေးဟာ ရှက်နေတာလည်း ပါပေမယ့်
သူ့ကိုလည်း တစ်ဘက်က ကြောက်နေသေးတာ မြင်နေရသည်။
ဖြစ်သင့်တာပေါ့
သူရဲ့မကောင်းဆိုးဝါး မျက်နှာအား ကိုယ်တွေ့မြင်ဖူးပြီး ကိုယ်တိုင် ခံစားဖူးခဲ့သူက မကြောက်ဘူးဆိုရင် ညာတာသာ ဖြစ်လိမ့်မည်။
စိတ်ညစ်ညူးလာသည်မို့ လက်အား
ဆံပင်ထဲထိုးဖွကာ
စိတ်တည်ငြိမ်စေရန် မျက်လုံးမှိတ်လျက် တစ်မှတစ်ဆယ်ထိ အခေါက်ခေါက်အခါခါ ထိုင်ရေနေလိုက်သည်။
ငါလုပ်နိုင်တယ်။
ဝေ့ ရှေ့ကို လုံခြုံစိတ်ချမှုပေးနိုင်တဲ့
သန်မာတဲ့ သူအဖြစ် ငါပြန်လာရမယ်။
မျက်နှာပေါ်ကျဘာသော မျက်ရည်များအား လက်ခုံနှင့် ပွတ်သုတ်လိုက်ကာ
ဝေ့အတွက် ပြင်ဆင်ထားသော အဝတ်ဗီရို ထဲမှ ညအိတ်ဝတ်ရန် အဝတ်တစ်ခါတည်း ထုတ်ထားပေးလိုက်သည်။
ဒီနေရာကနေရခဲ့တဲ့ စိတ်ဒဏ်ရာကို ဒီနေရာမှာ တစ်ခါတည်း ကုစားပေးသွားချင်သည်။
တစ်ဖက်တွင်လည်း
ရဝေနန်းဦး မှာ ကိုကိုနဲ့ ပြန်လိုက်လာခဲ့ပေမယ့် ဒီနေရာဆီပြန်ရောက်လာတော့
လွန်ခဲ့သော တစ်နှစ်ဆီက အဖြစ်အပျက်သည်
အသစ်လိုပြန်ဖြစ်လာ၏။
အကယ်၍ ကိုကိုက စိတ်တွေထပ်ဖောက်လာပြီး နန်းဦး အပေါ် ပြန်လွန်ကျူးခဲ့လျှင်
နန်းဦး ထပ်ပြီးသန်မာနိုင်ပါ့မလား။
ရေပန်းအောက်တွင် ထိုင်ရင်း
အဝတ်အစားလည်းမချွတ်မိသေး။
ဟင်အင်း ကိုကိုက နေမကောင်းလို့ခုလိုလုပ်ခဲ့တာ။
ကိုကိုက ငါ့ကိုမချစ်လို့ နစ်နာစေချင်လို့မှမဟုတ်တာ။
ငါလိုချင်တဲ့ ကိုကို က ငါ့လိုပဲ
အဲဒီတုန်းကတည်းကချစ်ခဲ့တာ။
ငါပျော့ညံနေလို့ မဖြစ်ဘူး။

“ဒုန်းးးဒုန်းးးးး”

မိနစ်သုံးဆယ်လောက်အထိ အထဲမှ ရေကျသံမရပ်ပဲ ဆက်လက်ကျနေလျှင်
ကြည်သူမှာ အခန်းအပြင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေရာမှ စိတ်ပူလာကာ ရေချိုးခန်း တံခါးအားထုလိုက်သည်။
အတွေးရေယဥ်ကျောတွင် နစ်မြောနေသူ နန်းဦး မှာ ဆတ်ကနဲတုန်လျက်
စိတ်သည် ပစ္စုပ္ပန်သို့ ပြန်ရောက်လာ၏။

“ဒုန်းးးး…ဒုန်းးးးး..
ဝေ ဘာလုပ်နေတာလဲ
ရေအကြာကြီးစိမ်မနေနဲ့လေ”

“ကလစ်”

တံခါးဖွင့်သံနှင့်အတူ
ရေစိုအဝတ်အစားများနှင့်
တစ်ကိုယ်လုံးပြာနှမ်းနေသော ခန္ဓာကိုယ်လေးသည်
သူ့ဆီပြိုကျလာ၏။

“သိတယ် ကိုယ်သိတယ်
ကိုယ့်ကို ယုံဖို့ ဝေ့စိတ်တွေအဆင်သင့်မဖြစ်သေးတာ
ကိုယ် တောင်းပန်ပါတယ်
တောင်းပန်ပါတယ် ကလေးရယ်”

မရည်ရွယ်ခဲ့ပေမယ့်
ဝေ့ကို နာကျင်အောင် လုပ်ခဲ့တာ လည်း
အမှန်တရားပဲ ဖြစ်ကာ
သူ့ကို မယုံနိုင်သေးတာလည်း
ဖြစ်သင့်ပါသည်။
ဒူးကောက်ကွေးမှ လက်လျှိုဝင်ကာ ပွေ့ချီလိုက်တော့
ပါးလျသော ကိုယ်ဟန်လေးမှာ အလိုက်သင့်ပါလာ၏။
စိုကပ်နေသော ဆံပင်နက်နက်များအား
ပါးပေါ်မှ လက်ဖြင့် သပ်ချကာ
သူ့အား သူချစ်သော နှုတ်ခမ်းဘေးမှ အချိုင့်လေးပေါ်သည်ထိအားတင်းပြုံးပြလာပြန်သည်။

“ဆောရီး ကိုကို ကျတော် အတွေးလွန်သွားတယ် စိတ်ပူသွားတယ်မှလား
ရတယ် ကျတော့ ဘာသာလျှောက်မယ်
အကြာကြီးရပ်နေလို့ ခြေထောက်ကျင်သွားတာ
အောက်ချပေး”

“ငြိမ်ငြိမ်နေ”

သူစိတ်ထိခိုက်မှာ လည်း စိတ်ပူပုံရကာ
ပြာပြာသလဲ ပြန်တောင်းပန်နေသေးလျှင် ကြည်သူရင်နာရပါသည်။
ရေစိုအဝတ်အား ချွတ်ချလိုက်လျှင်
အပေါ်ပိုင်းလစ်ဟာ သွား ကာ
လက်မောင်းနှင့် ခန္ဓာကိုယ် အနှံ့တွင်
အနီရောင်ဖျော့ဖျော့ အမာရွတ်များမှာအထင်းသား။
ဒီဒဏ်ရာတွေဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့တာတွေ။
ကြည်သူ ရင်ညွှန့်မှ ဒဏ်ရာဆီ
နမ်းရှိုက်ရင်း
ခေါင်းအပ်ကာ ရှိုက်ကြီးတငင်ငိုကြွေးပြန်တော့ လက်သေးသေးလေးဟာ
ခေါင်းဆီပွတ်သပ်လာပြန်၏။.

“တောင်းပန်ပါတယ် ကလေးရယ်
ကိုယ်တောင်းပန်ပါတယ်
မင်းကို ကိုယ်ရောစိတ်ပါ ဒဏ်ရာပေးမိတဲ့အတွက် “

အသံတိတ်ရှိုက်နေသော ယောကျာ်းရင့်မာကြီးတစ်ယောက်၏ ငိုသံဟာ ဒီလောက်တောင် ဝမ်းနည်းဖို့ကောင်းတာလား ။ နန်းဦး ကိုယ်တိုင် ဆို့နင့်လာကာ
ကိုကို့ ခေါင်းဆီ ပါးအပ်လျက် ငိုကြွေးလိုက်သည်။
ဆက်တီပေါ်တွင် နန်းဦး ကိုယ်မှ ရေများဖြင့် စိုရွှဲသွားကာ
နန်းဦး ရင်ဘတ်သည်လည်း
ကြည်သူ့ဆီမှ မျက်ရည်များဖြင့်စိုလူးသွားလေသည်။

“တောင်းပန်ပါတယ် ကိုကို
ကျတော့ကြောင့် ကိုကို့ခေါင်း စိုသွားပြီ”

“အဝတ်လဲရအောင် ဝေ”
“ကျတော့ဘာသာလဲလိုက်မယ်ကိုကို”
“ကိုယ် လုပ်ပေးချင်လို့ပါ ဘာတဏှာ ယာဂမှမပါပဲ အဲဒီအတိုင်း ဝေ့ ဝေယျာဝစ္စကို လုပ်ပေးချင်ရုံပါ”

ကြည်သူက ဆက်တီမှနေအခန်းထဲ ပွေ့ချီသွားကာ
တဘက်ပိုင်း ဖြင့်နန်းဦးတစ်ကိုယ်လုံးလွှမ်းခြုံကာ
မချွတ်ရသေးသော
အောက်ပိုင်းမှ အဝတ်အစားများအား
ချွတ်ပေးလိုက်သည်။
အဖြူရောင်တဘက်ပိုင်း အား တစ်ကိုယ်လုံး လုံအောင်ခြုံထားသော်လည်း
အဝတ်အစားမရှိသော ခန္ဓာကိုယ်၏ လစ်ဟာနေမှုကြောင့်
ခုဏက အေးစက်နေသော ခန္ဓာကိုယ်မှာ
မီးများထတောက်တော့မလိုပူကျစ်လာကာ ချွေးများပင်စို့လာ၏။
အဝတ်စိုများအား ယူကာ ရေချိုးခန်းဆီထ ထွက်သွားသော
ကိုကိုကြောင့် စိတ်သက်သာရာ ရသွားကာ နန်းဦး အတွက် ထုတ်ထားပေးပုံရသော အဝတ်အစားများအား ခပ်မြန်မြန်ကောက်ဝတ်လိုက်သည်။

“မြန်လိုက်တာ ကိုယ် လာလဲပေးတော့မလို့ကို”

သူထုတ်ပေးထားသော ဝတ်စုံအား ဝတ်ကာ ကုတင်ပေါ်ခြေဆွဲထိုင်နေသူအား
နဖူးမှ ငုံ့မွှေးလိုက်သည်။

“ဒါလည်း ဘာတဏှာမှ မပါပဲ နမ်းတာ ဝေ”

နန်းဦးက ကြည်သူ့မေ့ဖျားအား
အားကျမခံမော့နမ်းလိုက်ကာ

“ကျတော့မှာတော့ တဏှာတွေပြည့်နေတာ ထင်တယ် ကိုကိုနဲ့ ပတ်သက်သက်သမျှ နာကျင်ခြင်းတွေကတောင်
စွဲလမ်းစရာကောင်းနေလို့လေ”

ကြည်သူကမခြောက်သေးသော ဆံပင်များအား ရေသုတ်ကာ
ယပ်တောင်ဖြင့် ခတ်ကာ ခြောက်လာအောင် စိတ်ရှည်လက်ရှည်လုပ်နေ၏။

“ဝေ သိလား ကိုယ်နဲ့ ပတ်သက်မျှ ဝေ့မသိစိတ်ထဲမှ မုန်းတာ ဖြစ်ဖြစ် နာကျင်စရာဖြစ်ဖြစ် အောင့်မထားနဲ့
အကုန်ဖွင့် ထုတ်လိုက် သိလား
မဟုတ်ရင် ကိုယ့်လို မသိစိတ်တစ်နေရာကနေ မသိလိုက်ပဲ ပေါက်ကွဲမိပြီး
စိတ်ရောဂါရနေမယ် ကိုကိုက ကလေးဘဝတည်းက မြိုသိပ်ခဲ့ရတော့
ပေါက်ကွဲတာ ပြင်းထန်သွားတာဖြစ်မယ် ဝေ့ကိုတောင်မှလေ”

တဘက်ပိုင်းဖြင့်
နန်းဦး ခေါင်းအားသုတ်ပေးနေသော လက်အား ဆွဲယူကာ
နှုတ်ခမ်းဖြင့်ဖိကပ်လိုက်သည်။
လက်ကောက်ဝတ်မှ အကွင်းလိုက်ရှိနေသော အမာရွတ်များသည် အစ်ကို ညီဘွားပြောသည့်
ဆေးရုံတွင် ချုပ်ခံထားရစဥ်က
ရခဲ့သော ဒဏ်ရာများဖြစ်ပုံရသည်။

“တကယ်တော့လေ ကိုယ့် ပင်ကိုဓာတ်ခံကိုက ဘယ်သူ့ကိုမှ မချစ်ခဲ့ဘူးထင်တယ် ကိုယ့်မာမီကိုဆိုလည်း ကိုယ့်ကိုအချိန်မပေးပဲ အရက်ချည်းဖိသောက် ဒယ်ဒီ့ကို ဆူပူသောင်းကျန်းနေတာ
သိပ်မုန်းခဲ့တာ
ဒါပေမယ့် တစ်ဖက်က ကိုယ့်အမေက သိပ်သနားဖို့ ကောင်းနေပြန်တယ်
သူသိပ်ချစ်တဲ့ ယောကျာ်းဆီက အချစ်ကို ဘယ်တုန်းကမှမရခဲ့ဘူးလေ
ဒါကြောင့် ကိုယ့် အမေအပေါ်
ကိုယ် မုန်းတဲ့ အကျင့်ကို မကြိုက်ရင်မကြိုက်ကြောင်းမပြောခဲ့ရဘူး
ကိုယ် ခံစားချက်တွေကို အဆိုးအကောင်းရယ်လို့
ခွဲ ခြားလို့ မတတ်ခင်ကတည်း က ကိုယ့်ဒယ်ဒီကို မကျေနပ်ခဲ့သမျှ ကိုယ့်အပေါ်သွန်ချခဲ့တာ
အဲဒီကတည်းက ကိုယ့် ရင်ဘတ်သေးသေးလေးထဲမှာ ဆူးပင်က စပွားလာခဲ့တာထင်တယ်…”

ကြည်သူကပြောနေရင်းရပ်လိုက်လျှင် နန်းဦးကစကားထောက်ပေးလိုက်သည်။

“ဆက်ပြောလေ ကိုကို ကျတော်နားထောင်နေတယ်”
“ဝေများ စိတ်ပင်ပန်းသွားမလား “
“ကိုကိုနဲ့ ပတ်သက်ပြီး ကျတော်အကုန်သိချင်ပါတယ် “
“ကိုယ့် ဒယ်ဒီဟာ ကိုယ့်အမေပျက်ကွက်ခဲ့တဲ့ ကိုယ့်
ဝေယျာ ဝစ္စမှန်သမျှ အလုပ်ကပြန်ရင်
အကုန်လုပ်ခဲ့တယ် ချစ်ခြင်းမေတ္တာ လည်း ကိုယ့်အဖေဆီက ရခဲ့တယ် ထင်တယ် ဒါပေမယ့် မိခင်တစ်ယောက်ရဲ့ ကွက်လပ်ဟာ တအားနက်နဲပုံရတယ်
ကိုယ့်အဖေဘယ်လို ဖြည့်ဖြည့် မပြည့်ဝခဲ့ဘူး တခြားကလေးတွေလိုမျိုး
ကိုယ့်အမေ ဆီက ချစ်ခြင်းမေတ္တာ တွေရချင်တယ် ကိုယ်လိုချင်တာကို မရတာက ကိုယ့်အဖေဟာ တခြားတစ်ယောက်ကို ချစ်နေလို့ ဆိုတာ သိရတဲ့အချိန်
ကိုယ့်အဖေကို စမုန်းလာတယ်
အဲဒီလူဟာ ဦးမောင်လို့သိလိုက်ရတော့
ကိုယ်တို့ မိသားစုမပျော်ရွှင်ရတဲ့ အရင်းခံဟာ ဦးမောင်ကြောင့်ဆိုပြီး
လူကို မမြင်ဖူးပဲ နာမည်ကြားရုံနဲ့ သိပ်မုန်းခဲ့တာ
ဒါပေမယ့်လည်း ကိုယ့်ဒယ်ဒီဟာ
ဦးမောင်နဲ့ ကိုယ်ထိလက်ရောက်ဖောက်ပြားနေတာမဟုတ်ဘူး
ဦးမောင်ဟာလည်း အရာရာကို အရှုံးပေးပြီး ထွက်သွားတဲ့သူလို့
ကိုယ်သိထားပြန်တော့
မမုန်းသင့်ဘူး မဖြစ်သင့်ဘူးဆိုတဲ့စိတ်နဲ့
ကိုယ့်ရင်ထဲမှာ ဆူးပင်တွေပဲပိုပွားလာခဲ့တာ
အဲဒီကနေ ဘယ်က နေဘယ်လို ပေါက်ကွဲသွားတယ်ဆိုတာ
ကိုယ် ပုံမှန်စိတ်ကို ပြန်ရောက်တဲ့အချိန်မှာ မမှတ်မိတော့ဘူး
ဝေနဲ့တုန်းကလည်း အဲလိုပဲဖြစ်ခဲ့တာ”
“ကျတော့ကို ရောဘာလို့မုန်းခဲ့တာလဲ”
“……”
“ကိုကို့စိတ် ထဲမှာ လက်မခံချင်ပေမယ့်
ကျတော်ဟာ ကိုကို့အချစ်ဦးကို လွဲစေခဲ့သူ ကိုကို့ ကို အပိုင်ချိုင်ဖို့ ကြိုးစားခဲ့တဲ့သူလို့ ထင်ခဲ့မှာပေါ့”
“ဒါပေမယ့် ကိုယ့် အချစ်ဦး ဟာ တစ်ချိန်လုံး မင်း
ဖြစ်နေခဲ့တယ်လေ
အဲဒီတုန်းက
မုန်းချင်ခဲ့တယ် ဒါပေမယ့် လုံးဝမုန်းလို့မရခဲ့ဘူး
ပိုင်ဆိုင်ချင်ခဲ့တာစိတ်ရင်းနဲ့
ကိုယ်ပြောခဲ့ပြီးပြီပဲ
ရဝေနွယ်ဦး
နဲ့ လက်ထပ်ဖြစ်ခဲ့ရင်တောင်
မင်းကို ကိုယ့်အနားခေါ်ထားဖို့ ကိုယ့်မှာ အစီအစဥ်ရှိပြီးသား ပါလို့
ကိုယ့်ကို အတင်းအကြပ် ခွင့်လွှတ်စရာလည်းမလိုဘူး
ဝေ့စိတ်ထဲကအတိုင်းပဲ ကိုယ့်ကိုဆက်ဆံ
ဝေစိတ်ထဲက ခံစားရတာတွေအောင့်မထားနဲ့
ကိုယ်ပြောတာနားလည်လား
ကိုယ့်ကိုလည်း ငဲ့စရာမလိုဘူး
ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်ပြီး ဝေ့ကို လုံခြုံမှုပေးသွားမှာ”

ပြောရင်းနန်းဦးလက်မောင်းပေါ်မှ အမာရွတ်အား ဖိကပ်နမ်းပြန်သည်။

“ဆံပင် ခြောက်သွားပြီ
တစ်ခုခုစားချင်လား ဟိုဘက်အိမ်သွားယူပေးမယ်”

လမ်းတွင် တစ်ထောင့်နားခဲ့ကာ ထမင်းစားခဲ့ပြီး ဖြစ်ကာ
ခံစားချက်များဖြင့် ပြည့်လျှံနေသည်မို့
စားချင်စိတ်လည်းရှိမနေပါ။

“မစားတော့ဘူး ကျတော်နားချင်ပြီ
ကိုကို့လက်မောင်းငှားပေး”

ကြည်သူက နန်းဦး ခေါင်းလုံးလုံးလေးအား မကိုင်ကာ လက်မောင်းပေါ်တင်ပေးလိုက်သည်။ ကြည်သူ့ရင်ခွင်ထဲ
ပုစွန်တုပ်ကွေးကွေးလေးလိုဝင်လှဲလာသူမှာ ခဏအကြာတော့ အသက်ရှူသံမှန်မှန်ဖြင့်
ဟောက်သံသေးသေးလေးများပင်ထွက်လာလေသည်။
ခဏအကြာ မီးစက်အား စက်သတ်လိုက်ပုံရကာ တစ်အိမ်လုံးမှောင်မိုက်သွားလေသည်။
ကြည်သူက လက်မောင်းပေါ်မှ ခေါင်းလုံးလုံးလေးအား
မွေ့ရာပေါ်ချကာ
အခန်းပြင်ထွက်လာခဲ့သည်။
မှောင်မဲမဲထဲတွင် ဧည့်ခန်းထဲသို့ စမ်းတဝါးဝါးလာ လိုက်သည်။
ဆက်တီပေါ်ထိုင်လျက် မျက်နှာ အားလက်ဖြင့်အုပ်ကာ
ခန္ဓာကိုယ်သိမ့်တုန်သည်အထိ ငိုရှိုက်လိုက်သည်။
ဒီတစ်ညတော့ ငိုမယ် ဝေ……

မိုချီ(ခတ္တလူ့ပြည်)

Tags: read novel Wrong Time Right Person(Completed) part( 25)unicode, novel Wrong Time Right Person(Completed) part( 25)unicode, read Wrong Time Right Person(Completed) part( 25)unicode online, Wrong Time Right Person(Completed) part( 25)unicode chapter, Wrong Time Right Person(Completed) part( 25)unicode high quality, Wrong Time Right Person(Completed) part( 25)unicode light novel, ,

Comment

Leave a Reply

Chapter 51