Wrong Time Right Person(Completed) part (28)unicode

A+ A-

wrong time right person

အပိုင်း( ၂၈)

စိတ်စောကာ အိမ်မှ ထွက်လာတာ
မနက်ငါးနာရီသာ ရှိသေးသည်မို့
အနည်းငယ် ချမ်းချမ်းစီးစီးနိုင်နေ၏။
သားရေဂျာကင်အား လည်ပင်းထိ ဆွဲစေ့လိုက်ကာ လက်အား အသာပိုက်ထားလိုက်သည်။
တောင်တော်ဦး ဘုရားရှေ့ မှ လှမ်းမြင်နေရသော လှေဆိပ်တွင် စျေးသည်လေးများမှာ ထမ်းပိုးဖြင့် ထမ်းလာသော ရောင်းချဖွယ်ရာများအား နေရာ ချနေ၏။
ယသော်မှာ အိပ်ရေးမဝဟုဆိုကာ
သူ့အားမြည်တွန်တောက်တီးလျက်
ဘုရားစောင်းတန်းတွင်ထိုင်ကာငိုက်နေလေသည်။

“တီ တီ”

ထိုစဥ် ဆိုင်ကယ်လေးတစ်စီးမှာ ကြည်သူတို့ရှေ့ ရပ်လိုက်ကာ
ဆိုင်ကယ်ပေါ်မှ အဝတ်သတ္တောနဲ့အတူ
အမျိုးသမီးလေးတစ်ဦးဆင်းလာလေသည်။
ထဘီကြီးနှင့် ဆိုင်ကယ်ပေါ်ခွ၍ထိုင်လာကာ ဆင်းပုံမှာ ကျားယားနေသည်မို့
အမြင်မသင့်တော်သဖြင့် အကြည့်အား
လှေဆိပ်ဖက်ပြန်လွှဲလိုက်သည်။
ထိုအမျိုးသမီးမှာ
ခေါင်းတွင် ပုဝါအား သိုင်းပတ်ထားရာ
အမှောင်ရိပ်ကျနေသဖြင့် လူမှန်းမသဲကွဲ။

“ကိုကို”

နန်းဦး အသံကြောင့် ဘေးဘီကြည့်လိုက်ရာ ခုဏက ဆိုင်ကယ်ပေါ်မှဆင်းလာသော အမျိုးသမီးမှလွှဲ၍
ဘယ်သူမှရှိမနေ။
ဆိုင်ကယ်မောင်းသူနေရာမှ လူအား
သေချာကြည့်လိုက်တော့ ပြည့်စုံဖြစ်နေ၏။
မဟုတ်မှ ထိုအမျိုးသမီးလေးဟာ
ဝေများလား..

“ဝေ”
“ကိုကို ကျတော်ပါ ဟီး”

သွားလေးဖြီးကာ နှုတ်ခမ်းဘေးမှ အချိုင့်များပေါ်အောင်ရယ်ပြလာသူအား
ခါးသွယ်သွယ်လေးမှ နေ၍ချီကာ
မွှေ့ယမ်းပစ်လိုက်သည်။

“ဝေ.. တကယ်ပဲ ဝေ..”
“ငါတို့ ရှိနေတယ်ဆိုတာ သတိရပါဦး””

ယသော် ဝင်ပြောတော့ မကြားလေဟန်နှစ်ယောက်သား အလွမ်းသယ်နေ၏။

“အိမ်ကအထွက်ကောင်းအောင်
မမနွယ်အဝတ်တွေယူဝတ်ပြီး မမနွယ်ဟန်ဆောင်လာတာ
ဖေကြီးက မျက်လုံးဒေါက်ထောက်လိုက်ကြည့်နေလို့
ခုတောင် မေကြီးက
ခြံဝထိလိုက်ပို့တာ မှောင်ရိပ်ကျနေလို့လားမသိဘူး
ဘယ်သူမှန်းမရိပ်မိဘူး
ဖေကြီး ကို ညကတည်းက သူသောက်နေကျ သွေးဆေးထဲ အိပ်ဆေးနဲနဲ ထည့်တိုက်လိုက်တာ မထနိုင်ဘူး ဟီး”

“ကောင်းတယ် ကောင်းတယ်
မင်းဒီဝတ်စုံနဲ့ သိပ်လိုက်တယ်ဝေ”

“အဟမ်းးး
ခင်ဗျား လက်ထဲ ကျုပ်သူငယ်ချင်းကို ပြန်ထည့်လိုက်ပြီနော်
ဘာဘာညာညာထပ်ကြားလို့ကတော့
ခင်ဗျားကို ကျုပ်လက်နဲ့ကိုယ်တိုင်သတ်မှာ”

“စိတ်ချနေလိုက် “

ကြည်သူက ယခု ကိစ္စနှင့်
ပြည့်စုံ၏ စိတ်ရင်းအား သိပြီးသည်မို့ အရင်လို ဘုတောမနေတော့။
သူတို့အစီအစဥ် ခုလိုအဆင်ပြေချောမွေ့တာ
ပြည့်စုံ၏ အကူအညီအများကြီးပါသည်မဟုတ်လား။
နန်းဦး မှာ ခုမှ
ခိုးရာလိုက်မည့်အပျိုဖြန်းလေးလို
ခံစားနေရကာ
ချမ်းချမ်းအေးအေးတွင်
နဖူးတွင်ချွေးများစို့နေ၏။
လက်ဖျားလေးများ အေးစက်နေတာကြောင့် ကြည်သူက
သူ့လက်နဲ့အုပ်ကိုင်ကာ
အနွေးဓာတ်ပေးလိုက်လေသည်။
ကမ်းနားတွင် ကုမ္ပဏီ မှ စပိဘုတ်
မှာအသင့် စောင့်နေသည်မို့
ပြည့်စုံအား နှုတ်ဆက်ကာ
စပိဘုတ်ဆီထွက်လာလိုက်သည်။

“ပြည့်စုံ ငါမရှိတုန်း ဖေကြီးမေကြီးကို ကြည့်ပေးနော် မမကိုလည်း အားပေးနှစ်သိမ့်လိုက်ပါဦး
ဖေကြီးဒေါသနဲ့ မမတော့ ငါ့ကြောင့်
တစ်ပတ်လောက်နားပူတော့မယ်”

“အေးပါကွာ စိတ်ချသာသွား”
“သွားပြီ”

ကြည်သူက လေသံတင်းတင်းနှင့်
ပြည့်စုံဘက်လှည့်ကာ တုံးတိတိ ဆို၏။
နန်းဦး ဘက်လှည့်သွားလျှင် အသံမှာ ချက်ချင်းနူးညံ့သွားလေသည်။

“ကိုယ့်ပေါင်ပေါ်နင်းပြီးတက်လိုက်ဝေ”
“အမ်”
“တက်လိုက် မြန်မြန် ရွှေဆောင်ရောက်ရင် ဆက်သွားစရာနေရာရှိသေးတယ်”
“ဘယ်ကိုလဲ ကိုကို”
“ရောက်တော့သိမှာပေါ့”

စပိဘုတ်ဘောင်ပေါ် ခြေတံရှည်အား လှမ်းတင်လျက် ပေါင်ပေါ်တက်နင်းခိုင်းနေသော ကိုကို့အား
ကန်တော့ ကန်တော့ ဟုပါးစပ်က အဆက်မပြတ်ဆိုကာ
နန်းဦး ဘုတ်ပေါ်တက်လိုက်လေသည်။
ကြည်သူပါလွှားကနဲ ခုန်တက်လိုက်လျှင် ယသော် ကရှုံ့မဲ့ ကျန်ခဲ့ကာ
ကုတ်ကပ်တက်ရသည်။
အလကားကောင် သူလိုချင်တာရသွားတော့ သူငယ်ချင်းတောင်လှည့်ကြည့်ရမှန်းမသိဘူး။
စိတ်ထဲမှ မေတ္တာပို့ကာ
လှေဦးပိုင်းမှာပင်ထိုင်လိုက်သည်။
ကြည်သူ တို့ဘုတ်ပေါ်ရောက်သည်နှင့်
လှေမောင်းသူမှာ
ကမ်းမှခွာလျက် အရှိန်မြှင့်လိုက်လေသည်။
လေတိုးလာသောအခါ နန်းဦး ခေါင်းတွင် အုပ်၍စည်းထားသော ပဝါလေးမှာ တဖျတ်ဖျတ်ခါနေ၏။
ကြည်သူက ခေါင်းလုံးလုံးလေးအား
ရင်ခွင်ထဲထည့်ဖက်ကာ
နဖူးပေါ်ငုံ့မွှေးလိုက်သည်။
ပြီးပြီ။
ကိုယ်တို့အတွက် ပူပန်သောက ရောက်စရာတွေဟာ
ဒီမြေမှာ ကျန်ခဲ့သင့်ပြီ။
စပိဘုတ်လေးမှာ တစ်နာရီခန့်ကြာသောအခါ ရွှေဆောင်သို့ ဆိုက်ကပ်လေသည်။
လှေဆိပ်တွင် ဦးလေးကြည်သာဘုန်းနှင့် ညီဘွားမှာ အသင့်စောင့်နေ၏။

“နန်းဦး ကရော”
“ကျတော်ဒီမှာဦး”

မိန်းကလေးငယ်ငယ် တစ်ယောက်ဆီမှ ကျတော် ဒီမှာ ဟု ဆိုလာသဖြင့် ကြည့်လိုက်ရာ နန်းဦး က ခေါင်းတွင် အုပ်ခြုံထားဆဲပုဝါကို ဖြည်ချလိုက်သည်။

” ရဝေနွယ်ဦး နဲ့ မင်းကိုမှားလည်း မှားလောက်ပါတယ် ကွာ
တကယ့်ကိုမိန်းကလေးအတိုင်းပဲ”

“ကျတော် ရုပ်ဖျက်တာ အောင်မြင်တယ်ပေါ့”

ကြည်သာဘုန်းက စကားမဆိုပဲ လက်မနှစ်ဖက်သာ ထောင်ပြ၏။

“ခေမာမြိုင်ကို သွားမလား ဟိုတယ်သွားမလားမြေ့ လေယာဥ်ကွင်းချိန်းက
ဆယ်နာရီမှလေ နန်းဦး လည်း အဝတ်အစားလဲပါစေဦး”
“မာမီ့ဆီခဏဝင်မယ်
ယသော့်ကိုလည်း အိမ်ပြန်ပို့ရဦးမယ်”
“ကျေးဇူးတင်ပါတယ်
ယသော်ရာ တစ်ခုခုဆို မင်းတို့မျက်နှာပဲ ပြေးမြင်တာ ငါ့တူအကျိုးဆောင်ရင်းနဲ့
မင်းအလုပ်လည်းပျက်ကုန်ပြီ”

“ရပါတယ် ဦးလေးရဲ့

ဒါနဲ့ ညီဘွားနဲ့ ဦးလေးဟာ ခုတလော အမြဲတတွဲတွဲနော်”

ယသော့် စကားကြောင့် ကြည်သာဘုန်းမျက်နှာမှာ ရဲကနဲ။
အဘယ်ကြောင့်ဆိုသော ရှေ့တစ်ပတ်က ဒီကောင်လေးဟာ သူ့ကို ပေါ်တင်ကြီးကြိုက်ကြောင်း ဖွင့်ပြောထားတာ။
ရှက်ရှက်နှင့် ထထိုးလိုက်ရာ
သူ့လက်ချက်ကြောင့် နှာနုတွင် သွေးစို့ခဲ့သည်ကိုအား နာကာ
စဥ်းစားပေးမည်ဟု ချော့ထားရသည်။

“မဟုတ်မှ အစ်ကိုနဲ့ ဦး ကတွဲနေတာလား”

“ဘယ်နားကတွဲတာနဲ့ တူနေလို့လဲ နန်းဦး ရာ”

“မသိဘူး ကျတော့်တုန်းကလည်း ကိုကိုနဲ့ပတ်သက်ရင် ဦးလိုပဲ ရှက်နေလို့
ခုအစ်ကို ယသော်က နောက်လိုက်တာကို ဦးက ရှက်နေတယ်လေ
ဒီလိုကိစ္စမျိုးမှာ ကျတော်က ဦးထက်စီနီယာကျတယ်လေ”

“တော်စမ်း ပေါက်ကရတွေ နန်းဦး ကျွန်းလှမှာ ဆေးစားမှားလာတာလား
အာပိုသွက်လာသလိုပဲ”

“ဒါနဂိုကတည်းက ကျတော့ပုံစံ
နေရာဟောင်းကို ပြန်သွားလိုက်တော့
ပုံစံအမှန်ပြန်ပေါ်လာတယ်လို့ထင်တယ်
ခု ကိုကိုနဲ့အတူတူ ရှိရတော့မှာဆိုတော့
စိတ်ညစ်စရာတွေလည်းမရှိတော့ဘူးလေ “

ကြည်သူ့လက်မောင်းအား ဆွဲရမ်းကာ ပြောလာသူကြောင့် အားလုံးမှာပြုံးသွားကြသည်။
ဆိုတော့လည်း အဆင်မပြေတဲ့ကိစ္စတွေရှိခဲ့ ပေမယ့် နန်းဦး ရဲ့ အရင် အကြည်ဓာတ်လေး ပြန်ပေါ်လာပုံထောက်ရင် ကျွန်းလှသွားလိုက်တာ
အဆိုးကြီး မဟုတ်ဘူးဆိုရမည်။
စကားပြောရင်း ပြိုင်ငြင်းရင်းနှင့်
ကားဆီရောက်လာတော့ နောက်ခန်းတွင် ကြည်သူနန်းဦးနှင့် ဦးကြည်သာဘုန်းဖြစ်သွားလေသည်။
ညီဘွားနှင့် လောလောလတ်လတ် သမုတ်ခံထားရတာမို့
ကြည်သာ ဘုန်းက ညီဘွားနဲ့အတူ မထိုင်ပဲ ကားနောက်ခန်းရောက်လာရကာ
ကားရှေ့ခန်းတွင် ညီဘုန်းနဲ့
ယသော်ဖြစ်သွားလေသည်။
ကားလေး သည် မြို့အစွန်ဘက်သို့ ဦးတည်လာကာ သစ်ပင် ဝါးပင်များဖြင့် စိမ်းစိုနေသော တောရကျောင်းလေးတစ်ခုရှေ့ထိုးရပ်သွားလေသည်။
ကြည်သူနှင့် နန်းဦး အားကျောင်းဝင်းထဲ ထားခဲ့ကာ ယသော့်ကို အိမ်ပို့ရမည်မို့ ပြန်ထွက်ခဲ့ရသည်။
ကြည်သာဘုန်းမှာလည်း ဧည့်သည် ဝယ်လက်များဖြင့် ချိန်းထားသည်မို့
ကုမ္ပဏီ ပြန်သွားရမည်။
ညီဘွား က ယသော်နှင့် ဦးဘုန်းအား
ပြန်ပို့ပြီး တောရကျောင်းဆီပြန်လာလိုက်သည်။
သစ်ရိပ်ဝါးရိပ်လေးဆီမှ
အအေးဓာတ်ကြောင့်
စိတ်မှာပို၍ ကြည်လင်လန်းဆန်းသွားလေသည်။ ကြည်သူက
ဧည့်တွေ့ဆောင်သို့ သွားကာ မာမီ၏ နာမည်အားပြောပြလိုက်သည်။
ယောဂီလေးတစ်ဦးအား
တောင်ကုန်းပေါ်မှ သစ်သားကျောင်းသင်ခန်း လေးဆီ အခေါ်လွှတ်လိုက်ရာ
ခဏအကြာတွင်
သီလရှင်ဝတ်စုံလေးဖြင့် စက္ခုံန္ဒြေမျက်လွှာ ချကာ သူတို့ဆီလျှောက်လာသော သက်လတ်ပိုင်း
သီလရှင်ဆရာလေးတစ်ပါး
အား တွေ့ရလေသည်။

“မာမီ”
“ဒကာလေး”

သားဖြစ်သူအား ညင်ညင်သာသာ တုံ့ပြန်ကာ မျက်လွှာ ချသွားပြန်သည်။

“ကျတော်တို့ ဝါရှင်တန်သွားတော့မှာ
ဟိုမှာ ဘယ်လောက်ကြာမယ် မသိဘူး
ဒါကြောင့် မာမီ့ကိုလာနှုတ်ဆက်တာ
ဒါကျတော့ရဲ့အိမ်သူ”
“…..”
စကားမဆိုပေမယ့် နန်းဦး အားအသိအမှတ်ပြုသလိုတစ်ချက်ကြည့်ကာ ခေါင်းပြန်ငုံ့သွားလေသည်။
ခေမာမြိုင်မှ သရဲစဘက်စီးသလိုပုံစံနှင့်
အလွန်ကွာခြားသွားတာမို့
နန်းဦး မှာ တအံ့တသြဖြစ်ရသေးသည်။

“မာမီ လိုအပ်တာရှိလား”
“မရှိပါဘူး ပြည့်စုံပါတယ် “

အသားအရေကြည်လင်လျက် ခန္ဓာကိုယ်အနည်းငယ် ပြည့်နေသည်ကိုတွေ့လျှင် မာမီမှာ တကယ့် ငြိမ်းအေးရာကို တွေ့သွားပုံရပါသည်။
ထပ်ပြောစရာစကားလည်းမရှိတော့သည်မို့ အလှူခံကောင်တာသို့ သွားကာ လိုအပ်သည်များလှူဒါန်းပြီးချိန် ညီဘွားပြန်ရောက်လာခဲ့သည်။
နာရီကြည့်လိုက်တော့ ရှစ်နာရီ။

“ဟိုတယ် သွားမလား ခေမာမြိုင်သွားမလား ဘွားဘွားကို နှုတ်ဆက်ချင်ရင်တော့ ရွှေဆိုင်လိုက်သွားမှရမယ် မြေ့”

“ထားလိုက်တော့ ဟိုကိုရောက်မှ ဖုန်းဆက်လိုက်မယ် မလိုအပ်ပဲ သတင်းတွေမပြန့်စေချင်ဘူး
ဒီအတိုင်း ခြေရာပျောက်သွားတာမျိုးပဲဖြစ်ချင်တယ်”
“အိုကေလေ တက်
ခရီးဆောင်အိတ်နဲ့လိုအပ်တာတွေကို ဟိုတယ်မှာပဲပြင်ထားတယ်”

နန်းဦး က ကောင်းသည်ဆိုးသည်မမေးပေမယ့် ရွှေဆောင်ကနေ ထွက်သွားမယ်ဆိုတာသိနေသည်။
ကိုကို့ နဲ့ဆို ဘယ်ရောက်ရောက်
သဘောဖြင့် ကိုကို့ဘေးတွင်တိတ်တိတ်ဆိတ်ဆိတ်။
ကြည်သူက နှုတ်ဆိတ်နေသူလေး၏ လက်အားဆုပ်ကိုင်ကာ

“ဘာလို့မမေးတာလဲ”
“ယုံတာမို့လို့ ကိုကို့ကို ယုံတာမို့လို့လေ”
“ကျေးဇူးပါဝေ ရှေ့လျှောက် ပျော်စရာကိစ္စတွေပဲလာတော့မှာ”

ညီဘွားက ကြည်သူတို့အား ဟိုတယ် ပြန်ပို့ကာ
လေဆိပ်ဆင်းရန် ဟိုတယ်မှာပင်စောင့်နေလိုက်သည်။
ကြည်သူထွက်သွားတော့မှာဆိုတော့
ကုမ္ပဏီ နှင့် ဟိုတယ်အပါအဝင်
ခေမာမြိုင်က လည်ပတ်သမျှ လုပ်ငန်းတွေအားလုံး ဦးဘုန်းနှင့် သူ့အပေါ်ကျလာ၏။

“ငါတို့ မောင်ပိုင်စီးမှာ မကြောက်ဘူးလား”

ဆိုတော့ မကြောက်ဘူး မင်းနဲ့ဦးလေး ဘာလုပ်လုပ် တဲ့။
ဘာမှမလုပ်ပဲနေရင်တောင် တက်လာသောမြေစျေး ရွှေစျေးနဲ့အတူ ဘဏ်စာအုပ်ထဲမှ သုညပေါင်းများစွာက နောက်တစ်သက်တောင်ထိုင်စားလို့ရနေသည်ပဲ။
*******
“ကိုဖြုတ်ပေးမယ်ဝေ”

ဝတ်တုန်းက လွယ်ပေမယ့် ရင်ဖုံးအင်္ကျီမှ အဘွားကြီးကြယ်သီးမှာ အဖြုတ်တွင်တစ်နေ၏။မိန်းကလေးဝတ်စုံနှင့် မိန်းကလေးတစ်ယောက်ပင်မဟုတ်သော်ငြား အပျိုဖြန်းလေးလို ရှက်ရွံ့နေပြန်သည်။
အင်္ကျီ ကြယ်သီးအား စိတ်ရှည်စွာဖြုတ်ပေးနေသော ကိုကို၏ အထက်အောက် စုံဆန်နေသော လည်စလုပ်လေးကို မြင်လျှင် နန်းဦး က လက်ဖြင့်လှမ်းပွတ်၏။

“ပြွတ်စ် ကိုယ့်ကို ရူးအောင်လုပ်နေတာမင်း”
“ထပ်..ထပ်ရူးမှာလား”
“အင်း ရဝေနန်းဦး အတွက် သီးသန့်ရူးမှာ အချစ်ရူး”
“ဖွ ဖွ လွှဲပါစေ ဖယ်ပါစေ “

ပါးစပ်ဖျားဆီဖိပိတ်လာသော
လက်သွယ်သွယ် လေးများအား ဖိကပ်နမ်းလိုက်ကာ လက်ညှိုးလေးအားအသည်းယားစွာကိုက်ပစ်လိုက်သည်။
လေယာဥ်ကွင်းချိန်းကို ညနေဘက်ရွှေ့လိုက်ရမလား။
မဖြစ်သေးဘူးခုချိန်လောက်ဆို
ကျွန်းလှမှာ နန်းဦး ပျောက်သွားတာသိလို့ ဗြောင်းဆန်နေလောက်ပြီ။ နန်းဦး ဖခင်
ရွှေဆောင်တက်လိုက်လာလျှင်
ဆယ်နာရီ ခွဲလောက်ဆို ရောက်လောက်မည်။
မလိုအပ်ပဲထပ်မရှုပ်ချင်။

“ရပြီ
ဝေ အဝတ်အားလဲပြီး အပြင်လိုက်ခဲ့
ကိုယ် ထပ်နေလို့မရတော့ဘူး”

“ဘာလို့လဲ “
“ဒီကောင်ကြောင့်”

အနည်းငယ် ဖုဖောင်းနေသော
ဖြစ်တည်မှုဆီလက်ညှိုးညွှန်ပြလိုက်လျှင် နန်းဦး က ချက်ချက်သဘောပေါက်သွားကာ
ကြည်သူအားအခန်းပြင်တွန်းထုတ်လိုက်လေသည်။
တီရှပ်အဖြူကို မိုးပြာရောင်ရှပ်တစ်ထည်ထပ်ဝတ်လိုက်ကာ
ဂျင်းပင်အပြာ ပွပွလေးအား အမြန်လဲဝတ်ကာ မှန်ထဲ တစ်ပတ်လှည့်ပတ်ကြည့်လိုက်တော့ ကိုယ့်ရုပ်သွင်ကိုယ်
စိတ်တိုင်းကျရသည်။

“ချောသားပဲ ကိုကို့ရဲ့ ဝေက”

အဝတ်လဲဲဝတ်ပြီး ခဏအကြာတွင် ကိုကိုပြန်ရောက်လာ၏။

“အသင့် ဖြစ်နေပြီပဲဝေ”

ပြောရင်းနဖူးအား ဖွဖွလေး ငုံ့မွှေးပြန်သည်။
ကိုကိုဟာ တဏှာရာဂမပါပဲ ဖြူဖြူစင်စင် လည်း နမ်းတတ်သေးကာ
ထိုအမူအယာကိုလည်း မြတ်နိူးရပြန်သည်။

“ဟိုမှာ ဦးလေးနဲ့ ညီဘွားစောင့်နေတယ်”
“ဦးလေးတို့ပါလိုက်မှာလား”
“ဟင်အင်း ဒီမှာ ကိုယ်မရှိရင် သူရှိမှရမယ်လေ ခုက လေဆိပ်ကို လိုက်ပို့ရုံပဲ”

ခါးသိမ်သိမ်လေးအား
ပွေ့ဖက်ကာ ညီဘွားတို့ထံ ဦးတည်လိုက်သည်။
ကားနားရောက်သော အခါ ကြည်သူက နန်းဦး အား နေကာမျက်မှန်လေးတစ်လက်တပ်ပေးလိုက်သောအခါ
တကယ့် ခရီးသွားတစ်ယောက်နှယ်။

“နန်းဦး သရုပ်ဆောင်လုပ်စားရင်
အောင်မြင်မယ် ကွ ဒါမှမဟုတ်လည်း အသွင်ယူပြီး ရုပ်ဖျက်တာတော်တဲ့ စုံထောက်လုပ်စားလို့ရမယ် “

“ဘဝက ဦးလေးထင်သလိုမဖြစ်တာ ဦးလေးကိုယ်တိုင်သိပါတယ်
ကင်မရာသမား က ကုမ္ပဏီ အလုပ် လုပ်နေရတယ်လေ”

“ခွေးကောင် ဘယ်သူ့ကြောင့်မို့လို့လဲ”

“ကျေးဇူးလည်းတင်တယ် အားလည်းကိုးတယ် ဦးလေးက ကျတော်နဲ့အသက်သိပ်မကွာတဲ့ဦးလေးပေမယ့်
အဖေတစ်ယောက်လိုပဲ “

“တော်တော်ဟေ့ကောင် မင်းလိုသားမျိုးရဖို့ဆို ဆယ်နှစ်သားတည်းက မိန်းမယူနေရမယ်”

“ညီဘွား မင်းကပဲ ဦးလေးကို စောင့်ရှောက်ပေးပါဦး
မင်းဆိုရင် ငါဦးလေး တော် ဆိုလည်း တော်နိုင်တယ်”

“ဗြန်း”

“တက် တော့ ကားပေါ်”

ညီဘွားမှာ သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင် ပြုံးဖြီးသွားပေမယ့်
ကြည်သာဘုန်း က ကြည်သူ့ကျော်ပြင်အားဗြန်းကနဲရိုက်ကာ
ကားထဲရောက်နေပြီဖြစ်သော နန်းဦး ဘေးသို့ ကြည်သူအား တွန်းထိုးထည့်လိုက်သည်။
ထို့နောက်ကားမောင်းသူ ညီဘွားဘေးတွင်ဝင်ထိုင်လိုက်သည်။
ကားလေးမှာ လေဆိပ်သို့ ဦးတည်ကာ
မိန်းလမ်းမကြီးအတိုင်းပြေးနေ၏။
ကိုးနာရီခွဲခန့်တွင် လေဆိပ်သို့ ရောက်လေသည်။
ကြည်သာဘုန်းနှင့် ညီဘွားအား
နှုတ်ဆက်လျက် လေယာဥ်ပေါ်ရောက်သည့်အချိန်သည် ဆယ်နာရီ ကွက်တိပင်။
ကြည်သူက ခရီးဆောင်အိပ်များအား
နေရာချပြီးသောအခါ
နန်း ဦးဘေးတွင်ဝင်ထိုင်လိုက်သည်။
လက်လေးနှစ်ဖက်အား တစ်ဖက်နှင့်တစ်ဖက် အုပ်ကိုင်ကာ ဒူးကြားတွေညှပ်လျက် ကုပ်ကုပ်လေး ဖြစ်နေပုံထောက်လျှင် နန်းဦး မှာ စိတ်လှုပ်ရှားနေမှန်းသိလိုက်သည်။
ကြည်သူကနန်းဦးလက်ပေါ် သူ့လက်ဖဝါးကျယ်ကျယ်ပြန့်ပြန်ဖြင့်အုပ်ကိုင်လိုက်သည်။

“ကျတော် လေယာဥ်မစီးဖူးဘူး ရင်ထဲ တလှပ်လှပ်နဲ့”
“စိတ်ကို လျှော့ထားလိုက်ဝေ ကိုယ်တို့
ချစ်ပွဲဝင်တာလောက်ကို
အသည်းအေးဖို့မကောင်းဘူး”

“အာ ကိုကို့ ဥပမာကလည်း”
“ဟိုကို မြန်မြန်ရောက်ချင်ပြီ
မင်း ပုံစံက အသဲယားစရာကောင်းလေ ကိုယ့် ဆန္ဒ ပြင်းပြလေပဲ”

လေယာဥ်တစ်ခါမှ မစီးဖူး၍ ကြောက်ရတဲ့ ကြားထဲ ကိုကို က
နှစ်ကိုယ်ကြားကိစ္စတွေကို လူကြားထဲ ပုံမှန်လိုပြောနေလျှင်
ရှက်ရပြန်သည်။
တခြားသူမကြားလောက်ပေမယ့်
မျက်နှာ ပူစရာကောင်းသည်လေ။
လေယာဥ်စထွက်တော့
ရင် ထဲအေးကနဲ ဖြစ်ကာ
မျက်လုံးစုံမှိတ်ထားလိုက်သည့်။
ကိုကို့ လက်နွေးနွေးဖြင့် အုပ်ကိုင်ခံထားရသော လက်ကလေးများမှာ ကြောက်စိတ်ကြောင့် အေးစက်နေ၏။
ခဏအကြာ ပုံမှန် ဖြစ်သွားကာ
မျက်လုံးဖွင့် ကြည့်လိုက်သောအခါ
ကိုကိုက နန်းဦး အား ရယ်ချင်ပက်ကျိဖြင့် ကြည့်နေလေသည်။

“ဘာလဲ လှောင်ချင်တာလား”
“မလှောင်ရပါဘူးကွာ
လေယာဥ်ပြတင်းကနေကြည့်လိုက်”

ကိုကိုပြောစလိုလေယာဥ်ပြတင်းကနေ အောက်ဘက်ငုံ့ကြည့်လိုက်ရာ
ရွှေဆောင်မြို့လေးမှာ ဝေး၍ ဝေး၍ ကျန်ခဲ့လေသည်။

“ကိုယ်တို့ ဘယ်တော့မှ ပြန်လာဖြစ်မယ် မသိဘူးဝေ ကိုယ် ကတော့ ကိုယ်တို့ အတိတ်ဆိုးတွေ မှုန်ဝါးပြီး ပျောက်ကွယ်သွားတဲ့အထိ နေချင်တယ်
ဟိုမှာ ဆရာဝန်ကောင်းကောင်းတွေ စိတ်ပညာရှင်တွေနဲ့တွေ့ပြီး
ကိုယ့်ကျန်းမာရေးပိုကောင်းလာအောင်လုပ်မယ် ပြီးတော့ ဝေ့ကို ပိုပြီး ချစ်မယ် နွေးထွေးမှုပေးမယ်”
“ကျေးဇူးတင်ပါတယ် ကိုကို
ကျတော့ကို ချစ်ပေးတဲ့အတွက် ရော
အစစအရာရာ အတွက်ပါ”

ကိုကို က နန်းဦးခေါင်းအား ပခုံး၌မှီစေ၏။

“တစ်ရေးအိပ်လိုက်ဝေ “
“ဟင်အင်း”

ပြတင်းပေါက်မှတစ်ဆင့် တိမ်စိုင်ဝါဂွမ်းများအားငေးကြည့်ရင်း
တချို့ ဝေလငါးလေးလို တချို့ ပန်ဒါလေးလို တစ်ချို့ မှာ ဇီဇဝါပန်းလိုလို …
တဖြည်းဖြည်း ညောင်းညာလာသော
မျက်ဝန်းများသည်
ငိုက်မျဥ်းလာကာ
အိပ်ပျော်ခြင်းသို့ရောက်၏။.
အိပ်မက်တော့ မဟုတ်ဘူးမှလား…
မျက်လုံးပြန်
ဖွင့်လိုက်လျှင် ဘယ်လို
ကမ္ဘာသစ်ကများ ဆီးကြိုနေလောက်မလဲ……

မိုချီ (ခတ္တလူ့ပြည်)

Tags: read novel Wrong Time Right Person(Completed) part (28)unicode, novel Wrong Time Right Person(Completed) part (28)unicode, read Wrong Time Right Person(Completed) part (28)unicode online, Wrong Time Right Person(Completed) part (28)unicode chapter, Wrong Time Right Person(Completed) part (28)unicode high quality, Wrong Time Right Person(Completed) part (28)unicode light novel, ,

Comment

Leave a Reply

Chapter 57