Wrong Time Right Person(Completed) part11(unicode)

A+ A-

wrong time right person

အပိုင်း(၁၁)

တည်ငြိမ်နေသော ကန်ရေပြင်ထဲ ခဲတစ်လုံး ပစ်ထည့်လိုက်ရာ
လှိုင်းကလေးများ ထသွားတာကြောင့်
ကန်ရေပြင်တွင် ထင်နေသော
နန်းဦး အရိပ်မှာ
လှိုင်းကလေးများအကြား လွန့်လွန့်လူးလူး။
သက်ပြင်းချနေသည်မှာ ဘယ်နှစ်ကြိမ်မှန်းပင်မသိ။
အချစ်ဦးနဲ့ဆုံတယ်
မနက်ဖြန်ပဲ လက်ထပ်ရတော့မှာ ဖြစ်သော်လည်း နန်းဦး ၏စိတ်အစဥ်သည်
လေးလံနေလျက်။
ရေပြင်အထက်တွင် ပေါလောပေါ်နေသော စက္ကူပန်း အကြွေ ပန်းရောင်လေးနှင့် ရွက်ကြွေအဆွေးများအား
အဓိပ္ပယ်မဲ့ ငေးကြည့်နေမိပြန်သည်။
မိသားစုဝင်များမပါ အသိအကျွမ်းများမပါသော
လက်ထပ်ပွဲသည် နန်းဦး နှင့် ရော သက်ဆိုင်ပါရဲ့လား။
နန်းဦး သဘောကျသော ရေကန်လေးနှင့် ပန်းဥယျာဥ် လေးဟာ ခုတော့လည်းနန်းဦးအား စိတ်ပျော်လာအောင် မစွမ်းနိုင်ပါ။
ရေကန်ဘေးတွင် ကွေးကွေးလေးထိုင်ရင်း ရေအား လက်နှင့် ခတ်လိုက်ရာ
ပန်းပွင့်ကြွေများသည် ခပ်ဝေးဝေးသို့ရောက်သွားလေသည်။

“ပျော်နေမှာပေါ့”

အဆုံးအစမရှိသော မိန်းမတစ်ယောက်၏ အသံသည် နန်းဦး နားထဲ ကန့်လန့်ဆန်စွာပြေးဝင်လာ၏။
ချက်ချင်းထရပ်လိုက်သဖြင့် ကွေးထိုင်နေတာကြည်ပြီဖြစ်သော ခြေထောက်မှာ
ထုံကျင်ကာ ရေကန်ထဲခြေချော်မကျအောင် ကြိုးစားထိန်းမတ်လိုက်ရသည်။

“မားဂရက် စိန်စိန်တင်”
“အစ်မရောမောင်ရော ကျက်သရေကိုမရှိဘူး”
“ခင်ဗျားကရော ကိုယ့်ကိုယ်ကိုယ် ကျက်သရေရှိတယ်လို့ ထင်နေတာလား”

နန်းဦးစကားကြောင့် မားဂရက်မျက်နှာမှာ ညိုရာမှအမှောင်ဘက်ပြောင်းသွားကာ ဆွေ့ဆွေ့ခုန်လေသည်။

“ဘာကွ”
“ဟွန်း ကိုယ့်ဘက်ထိတော့နာတတ်လိုက်တာ”
“ကိုယ်တိုင်က ယောကျာ်းတစ်ယောက်ဖြစ်ပြီး ယောကျာ်းတစ်ယောက်ကို မြှူဆွယ်လက်ထပ်တယ်ဆိုတာ ရွံစရာကောင်းတာအပြင်ဘာရှိဦးမှာလဲ”

ဘယ့်နှယ် ရဝေနွယ်ဦးဘက်မှ စေ့စပ်ပွဲအားဖျက်သိမ်းကြောင်း သတင်းပါလာလို့ ပျော်လို့မဆုံးသေး
ခေမာမြိုင်က မင်္ဂလာဆောင်ဖိတ်စာဆိုလို့ ကြည့်လိုက်တာ ကြည်သူမိုးမြေ့ နဲ့ ရဝေနန်းဦး
တဲ့လား။ မယုံကြည်ခြင်းများစွာဖြင့်
ကိုကို့ရဲ့ သူငယ်ချင်းstylistကိုယသော့်ကို ဖုန်းဆက်မေးတော့ မငြင်း။
ပြိုင်ဘက်က မိန်းမအချင်းချင်းမို့ ခံသာသေးပေမယ့် ခုကယောကျာ်းလေးတစ်ယောက်တဲ့လား။ နန်းဦး ဆီမှ ခနဲ့တဲ့တဲ့စကားထပ်ထွက်လာပြန်၏။

“ဒီယောကျာ်းဆီမှာပဲ ခင်ဗျားကျရှုံးသွားတာမဟုတ်ဘူးလား
ဒါနဲ့ ခင်ဗျားပံ့ပိုးပေးလိုက်လို့
ကျတော် ကိုကို့ကို မြှူဆွယ်ဖို့ အားတောင်မစိုက်လိုက်ရဘူးသိလား”
“တောက်!”

မားဂရက်စိန်စိန်တင်၏ လှပသော မျက်နှာမှာ အလိုမကျမှုနှင့် ဒေါသများပေါင်းကာ အကျဥ်းတန်နေ၏။
နန်းဦး ကဒါကိုပင် စိန်ပြေနေပြေကြည့်နေလိုက်သည်။

“အရှက်မရှိတာတော့ တော်ရုံမဟုတ်ဘူးပဲ အေးလေ အစ်မနဲ့စေ့စပ်ထားတာတောင်အလွှတ်မပေးဘူးဆိုတော့
မအံ့သြတော့ပါဘူး”
“တော်လိုက်တော့ မားဂရက်”
“ကိုကို”

မားဂရက်က နောက်မှရောက်လာသော ကြည်သူလက်အား ချက်ချင်းပြေးချိတ်၏။
နန်းဦး က နှစ်ယောက်လုံးအရေးမစိုက်တော့ပဲ အိမ်ကြီးဆီပြန်လာလိုက်သည်။
ကြည်သူက လက်အားဖယ်ချလိုက်ကာ

“ဘာလာလုပ်တာလဲ”
“မားဂရက်က ကိုကို့အိမ်ကို လုပ်စရာရှိမှလာရမှာလား”
“မင်းအပြစ်မင်းသိတယ်ဆိုရင် ဒီကိုရောက်မလာသင့်ဘူးမားဂရက်
ကိုယ်ဒီကိစ္စကို လျှော်လိုက်တယ်ဆို
တစ်ချိန်က မင်းဒယ်ဒီအပေါ် တင်ခဲ့ဖူးတဲ့ကျေးဇူးကြောင့် ဒီထက်လွန်မလာနဲ့”
“မားဂရက်ကြောင့် ဒီကောင်လေးကို
ကိုကို လက်ထပ်လိုက်ရတာလား”
“မင်း ကိုယ်မင်း သိပ်အထင်ကြီးမနေနဲ့မားဂရက် ပိုမပြောချင်ဘူး ပြန်တော့”
“ကိုကို မားဂရက်ကို နှင်စရာမလိုပါဘူး”

မားဂရက်က ခြေဆောင့်ကာ ထွက်သွားဖို့ပြင်လိုက်လျှင်

“နေဦး”
မားဂရက်က မိမိအား ပြန်ချော့မည်အထင်နှင့် ပြန်လှည့်မလာပဲ အမူပိုကာ နေရာတွင်ရပ်နေလိုက်သည်။

“နောက်တစ်ခါ ရဝေနန်းဦး ကို
လာမရှုပ်နဲ့”
“တောက်!”

မြေကြီးပေါ်နင်းဖြတ်သွားသော ဒေါက်ဖိနပ်သံပြင်းပြင်းအား လျစ်လျှူရှုကာ အိမ်ကြီးဆီ ဖြည်းဖြည်းပဲလျှောက်လာလိုက်သည်။

“ဟိုကောင်လေးရော”

ကြက်တောင်မွှေးတစ်ခုဖြင့် ဟိုသုတ်ဒီသုတ်လုပ်နေသော စန်းစန်းမှာ သခင်လေးရှေ့သတိဆွဲ၍ ရပ်လိုက်ကာ

“ဟို သစ်ခွရုံဘက် ထွက်သွားတယ်”
“ကျစ် အိမ်ထဲကိုမနေဘူး”
“မြေးဟိုတယ်မှာအဆင်ပြေရဲ့လား”

အပြင်သွားမည့်ပုံရသော ဘွားက လှမ်းမေးတာမို့ သစ်ခွရုံဘက်သွားရန်ပြင်နေသော ခြေလှမ်းများမှာ တန့်သွားကာ

“နားနားနေနေ နေပါဦးလားဘွား မသိရင် မင်္ဂလာဆောင်မှာ ဘွားလို့ထင်ကြတော့မယ်”
“ထင်ထင် အေ ငါ့တစ်ဦးတည်းသောမြေးမင်္ဂလာဆောင်ပဲဟာ
ခုကရှေ့နေနဲ့သွားတွေ့မှာ
အမွေကိစ္စတစ်ခါတည်းလုပ်မလို့လေ”
“ဟုတ်ကဲ့ ဟိုတယ်က ကိစ္စကအကုန်ပြီးပြီး”
“မားဂရက် တစ်ယောက်စိတ်ဆိုးပြီး ပြန်ချသွားတယ် ဘာဖြစ်တာလဲ”
“စိတ်ထဲထားမနေနဲ့ဘွား “

ကြည်သူက ထိုမျှသာ ပြောကာ နန်းဦးရှိရာသစ်ခွရုံဘက်ထွက်လာလိုက်သည်။
သစ်ခွရုံထဲ အလှထားသော ဝါးကွပ်ပျစ်တွင် ငြိမ်ငြိမ်လေး လှဲနေသူက
သူ့ကိုမြင်သည်နှင့် ငေါက်ကနဲထထိုင်ကာ ထသွားရန်ပြင်၏။
အနားကဖြတ်သွားသည်နှင့် ခါးမှ ဖမ်းဆွဲလိုက်ကာ ချီမလျက် ကွပ်ပျစ်ပေါ်ပြန်ချလိုက်တာ အရုပ်ကလေးလို။

“ကိုယ်လာမှ ဘယ်ကိုထွက်သွားမှာလဲ
ကိုယ့်ကိုရှောင်နေတာလား”
“ရှောင်နေမှန်းသိရင် ဘာလို့ ကျတော့နောက်လိုက်လာသေးလဲ”
“မင်းကိုယ့်ကြောင့်
နည်းနည်းဖြစ်ဖြစ် စိတ်အနှောင့်အယှက် ဖြစ်ပါစေဆိုတဲ့စေတနာနဲ့လေ”

မျက်နှာချောချောဟာ ဘယ်တုန်းက ဒီလောက်ထိ အမြင်ကတ်စရာကောင်းသွားမှန်း မသိ။ စကားပြောတာအစ ငါ ဖြစ်လိုက် ကိုယ်ဖြစ်လိုက်နဲ့
မသိရင် သွေးဆုံးကိုင်ခါနီး အဒေါ်ကြီးလို။

“မင်းစိတ်ထဲက ပြောနေတာတွေမင်းမျက်နှာမှာ ပေါ်နေတယ်နော်
ကိုယ့်မကောင်းကြောင်းပြောနေတာမှလား”
“သိရင်ပြီးတာပဲ”
“ဘယ်လိုလုပ်မလဲ မင်း
ဒီမကောင်းတဲ့ကောင်ကို
မနက်ဖြန်ကျရင်ပဲ လင်တော်ရတော့မယ်”
“ခင်ဗျား”
“ဘာမှမလုပ်ဘူး မင်းခုဏအိပ်နေသလို ငြိမ်ငြိမ်လေးပြန်လှဲလိုက်”

ဘာမှမလုပ်ဘူးဆိုသူက ကျုံ့ကျုံ့လေးထိုင်နေသော နန်းဦး ရင်ဘတ်ပေါ် လက်တစ်ဖက်ရောက်လာကာ အသာဖိကာ လှဲချစေသည်။
ထို့နောက်လက်ပြန်ခွာသွားကာ
သူလည်းနန်းဦးဘေးလှဲချလိုက်သည်။
နန်းဦး မျက်လုံးမှိတ်လိုက်လျှင် အလုံးစုံတိတ်ဆိတ်သွားကာ
နန်းဦး ဘေးကပ်ရက်လှဲအိပ်နေသူထဲမှ အသက်ရှူသံမျှင်းမျှင်းလေးကြားနေရသည်။
ထိုခဏ၌
အလုံးစုံငြိမ်းချမ်းသွားကာ
ပန်းတို့၏မွှေးရနံ့
ကိုကို့ဆီမှ အသက်ရှူသံနှင့်အတူ
နန်းဦး ဦးခေါင်းထဲ စိတ်ညစ်ညူးစရာအတွေးများ ဗလာကျင်းသွားကာ
အေးချမ်းသွားရသည်။
ကိုကို ကဒီလိုလည်း အေးချမ်းတတ်တာပဲလား။….

**********

အသစ်စစ်စစ် နောက်ဆုံးပေါ် Land cruiserအဖြူရောင်လေးသည် ခေမာမြိုင်၏ ပေါ်တီအောက်တွင် ငြိမ့်ငြိမ့်ညောင်းညောင်းထိုးရပ်သွားလေသည်။
ကားမောင်းသူဘက်မှ ကြည်သူ၏
သူငယ်ချင်းဖြစ်သူညီဘွား ဆင်းလာကာ ကားနောက်ခန်းအား အသင့်ဖွင့်ထားလိုက်သည်။
အသစ်စက်စက်မင်္ဂလာသတို့သား ကြည်သူမိုးမြေ့မှာ သူ့အမျိုးသား
လောင်း
ပေါက်စ ရဝေနန်းဦး အား လက်ကောက်ဝတ်မှဆွဲလျက် တံခါး
အသင့်ဖွင့်ထားသော ကားထဲဝင်လိုက်သည်။
အိပ်ရေးဝအောင်အိပ်ထားသဖြင့် မျက်ခွံလေးမို့အစ်နေကာ အနည်းငယ်ပိတ်ကျနေသယောင်။
မျက်လုံးများမှာ ကြည်တောက်ရှင်းနေသဖြင့် မျက်ဆံနက်နက်နှင့် မှဲ့များမှာ ပို၍ပေါ်လွင်နေ၏။
ရိုးရိုးရှင်းရှင်း ချည်သား ရှပ်အား
ပုဆိုးမိတ်ကပ်ရောင်နှင့်တွဲဝတ်ထားတာတောင် နုနုနယ်နယ်နှင့် ပေါ်လွင်နေ၏။
ကြည်သူက တီရှပ်တစ်ထည်နှင့်
ဂျင်းပင် ပွပွတစ်ထည်ဒီအတိုင်းဝတ်ထားကာ လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါး။
ညီဘွားက ကားမောင်းရင်း ကားနောက်ခန်းမှနှစ်ယောက်အား ကားနောက်ကြည့်မှန်မှ
မသိမသာအကဲခတ်လိုက်သည်။
သူ့ကိုမိန်းကလေးတစ်ယောက် အား
ငါးနှစ်နီးပါး နောက်ယောင်ခံ
လိုက်ခိုင်းပြီး ယောကျာ်းတစ်ယောက်အား ကောက်ယူဖို့ ထလုပ်သည်မှာ ထူးဆန်းနေ၏။ ပို၍ထူးဆန်းသည်က သူလက်ထပ်မည့် အမျိုးသားသည် ထိုမိန်းကလေးနဲ့ သိသိသာသာတူနေခြင်း။
ယောကျာ်းနဲ့မိန်းမမို့ ကွက်တိကြီးတူတာ မဟုတ်ပေမယ့် ရုတ်တရက် ဆိုအတော်လေးတူသည်။
ဧပရယ် ၃၀မှာ လက်ထပ်မဲ့သူက
၂၉ ရက်နေ့မှ မြို့ထဲဖုန်းဆက်ခေါ်ကာ
မင်္ဂလာ ကားလာမောင်းဆိုလို့
ဖုန်းရရခြင်း ထွက်ပြေးလာရကာ ကိုယ့်ကိုယ်ကို သဖို့ပင်မမှီလိုက်။
အလေးအနက်မထားတာမျိုးလားဆိုတော့လည်းမဟုတ်ပြန် ကြည်သူမိုးမြေ့တို့ရဲ့ စရိုက်ကိုက ဒီလိုဆိုတာ ငယ်ပေါင်းမို့အကြောင်းသိခြင်း။
ဒီကြားထဲ ကားက အသစ်စက်စက်ကြီးမို့ ဝပ်ရှော့သွားကာ လိုအပ်ချက်ရှိမရှိသွားစစ်ဆေး မြို့ထဲတစ်ပတ် ပတ်မောင်းစမ်းရသေးသည်။
မင်္ဂဆောင်မှာ ဒီမိန်းကလေးပဲလို့ ကွက်တိသိထားတာမို့ထူးပြီးမသိချင်။
ဒီမနက်ရောက်မှ ကောင်းလေးတစ်ယောက်ဖြစ်နေတာ သိရသည်။
သူက မြို့ပြင်မှ နွားခြံတွင်သာ နေသူမို့ ကြားမှာ မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားသော အဖြစ်အပျက်များအား လိုက်မမှီလိုက်တာဖြစ်မည်။
ဘယ်လောက်ပဲ ငယ်ငယ်ကတည်းက သိကျွမ်းလာတဲ့သူငယ်ချင်းဖြစ်စေဦးတော့ သူရဲ့သဌေးလည်းဖြစ်ကာ
ကိုယ်ရေးကိုယ်တာ ကိစ္စကို ကာယကံရှင်ဘက်ကပြောလာမှ သိသင့်သည်ဟု သူ့ကိုယ်သူစည်းထားသည်။
မိုးမြေ့မျက်နှာ ကြည့်တော့လည်း ခန့်မှန်း၍မရ ရေသေလိုတည်ငြိမ်နေ၏။
နဘေးမှ ကောင်လေးမျက်နှာမှာ မျက်ခုံးများ စုကျုံ့ထားကာ
နှာသီးဖျားလေးများအနည်းငယ်နီနေ၏။
ဘယ်သူတွေ
ကများ ရိုက်ထုပေးစားကြ
တာပါလိမ့်။

” ရှေ့ကြည့်မောင်းဟေ့ကောင်”
“ကြည့်ပါတယ်ကွ ရောက်တောင်နေပြီ”
ကားလေးက seawhite hotelဆိုသော ရွှေရောင်ဆိုင်းဘုတ်ကြီးဟီးထနေသည် five starအဆင့် အဖြူရောင် အထပ်မြင့် ဟိုတယ်ကြီးရှေ့တွင်ထိုးရပ်သွားလေသည်။
နန်းဦး က ကမ်းပေးလာသောလက်အားလှမ်းမဆွဲ။

“ကျတော့ ဘာသာဆင်းမယ်”

ကားဘော်ဒီ အနည်းငယ်မြင့်သော်လည်း ဒါလောက်ကတော့
မျက်စိမှိတ်ဆင်းလို့ပင်ရသည်မို့ နန်းဦး က ကိုယ့်ဘာသာဆင်းလိုက်သည်။
ဆင်တူဝတ်စုံများဝတ်ထားသော
ဝန်ထမ်းများမှာ ခရီးဦးကြိုလျက်
နန်းဦး တို့အား ဒုတိယထပ်မှအခန်းတစ်ခုဆီခေါ်သွားလေသည်။
အခန်းထဲတွင် stylist ယသော်မင်းညီနှင့် အကူသုံးလေးယောက်ရှိကာ ရောက်တာနှင့် နန်းဦး တို့အားနေရာပေးလိုက်သည်။

“သူ့အရင် ပြင်ပေးလိုက်
ငါ လိုအပ်တာသွားကြည့်လိုက်ဦးမယ်
ညီဘွားလိုက်ခဲ့”
“အဘွားတို့ကရော”
“နံဘေးအခန်းမှာ မိတ်ကပ်ပြင်နေကြတာ ပြီးလောက်ပြီ”
ညီဘွားအမေးကို ယသော်ကနန်းဦးဆံပင်အား သိမ်းတင်နေရင်းဖြေ၏။
ညီဘွားက မျက်လုံးတစ်ချက် မှိတ်ပြလိုက်ရာ ယသော် က လက်ခလယ်အားထောင်ပြလိုက်သည်။

“ဆောရီး ညီလေး ဒီကောင်ရယ် မိုးမြေ့ရယ် ကိုယ်ရယ်က အလယ်တန်းကတည်းက သူငယ်ချင်းတွေမို့ တမျိုးမတွက်နဲ့”
“မတွက်ပါဘူး ဒါနဲ့ကျတော့ကိုဘာလုပ်မလို့လဲ “
“ဘာမှမလုပ်ရပါဘူးကွာ creamလေးနဲနဲပါးပါးလိမ်းပြီး ပေါင်ဒါလေးဘုတ်ဘုတ်ပဲလုပ်မှာ နန်းဦး ကအသားအရေကောင်းပြီးသားဆိုတော့ ထွေထူးလုပ်စရာမလိုဘူး”
“ဟီး ကျတော်က မိန်းမကြီးလိုများ မိတ်ကပ်တွေတင်မလားလို့”
“မတင်ရပါဘူးကွာ”

ယသော် က နန်းဦး ဆံပင်အား ဂျယ်အနည်းငယ်ထည့်ကာ နဖူးလှန်လျက် သေသေသပ်သပ်လေးဖြစ်အောင်
ပြင်လိုက်သည်။
မျက်နှာ ကြည်ကြည်လေးပေါ်အား
creamအနည်းငယ်လိမ်းကာ ပေါင်ဒါအနည်းငယ်ပုတ်လိုက်၏။
မျက်ခုံးမျက်တောင်များမှာ ဘာမှလုပ်စရာမလိုအောင် လှသည်။
နဂို ပန်းသွေးကြွနေသော နှုတ်ခမ်းဖူးလေးပေါ် colourမပါသော ဆိုးဆေး
အနည်းငယ်တင်လိုက်သည်နှင့် စိုစိုပြေပြေနှင့် ပြည့်ပြည့်ဖူးဖူးဖြစ်သွားလေသည်။
နို့နှစ်ရောင် အနောက်တိုင်းဝတ်စုံလေးအား ဝတ်ဆင်စေကာ အဖြူစွတ်စွတ် ရှူးဖိနပ်လေးအား တစ်ခါတည်း စီးပေးလိုက်သည်။

“ခဏ မောင်ယသော်”
“သြော် ဘွား တောင်လှသွားပြီ”

တစ်ကိုယ်လုံး စိန်ထည်များ ပြိုးပြက်လက်နေကာ ဆံထုံးအက်အက်ကြီးတွင် သူ့မူပိုင် ရွှေဘီးကြီးစိုက်လျက်
ခေမာမြိုင်သစ်ခွရုံမှ သဇင်ပန်းများမြိုင်အောင်ပန်ထားသောအဘွားမှာ အစွမ်းကုန်
ခန့်ညားတောက်ပြောင်နေ၏။

“ဒီဟာလေးကွယ် “

ယသော်မင်းညီက ဘွားဘွားထိပ်တင်မိုးလှမ်းပေးသော ကတ္တီပါ ကြုပ်အပြားလေးအားလှမ်းယူလိုက်သည်။

“နန်းဦး လေးဖို့ ဘွားရဲ့ မင်္ဂလာဦး လက်ဆောင် ဖွင့်ပြီးတစ်ခါတည်းဆင်ပေး ပါဦးမောင်ယသော်”

ယသော်က ခေမာမြိုင်သခင်မကြီးက ပေးသော ပစ္စည်းမှာ တော်ရုံတန်ရုံမဖြစ်နိုင်သည်မို့ ကတ္တီပါ ဘူးလေးအား တရိုတသေဖွင့်လိုက်သည်။
ယောကျာ်းလေးဝတ် ပြောင်ဆွဲ
ကြိုးပါးလေး
တွင် ဂဏန်းပုံဆွဲသီးလေးပါလျှက် မျက်စိနေရာတွင် ငရုပ်ကောင်းစေ့ခန့် စိန်ပွင့်လေးနှစ်လုံးမြှုပ်ထားလေသည်။

“ချစ်စရာလေး ဘွားရာ စိတ်ကူးကောင်းလိုက်တာ”
“အင်းနန်းဦးလေးက ကရကဋ်ရာသီဖွားလေးဆိုတော့ ဂဏန်း ရုပ်သေးသေးလေးလုပ်ပေးလိုက်တာ “

ဂဏန်းမျက်စိမှ စိန်ပွင့်လေးမှာ
အရည်လဲ့၍ပြိုးပြက်လက်နေပုံကို ကြည့်ခြင်းအားဖြင့် အရွယ်အစားမကြီးစေကာမူ တန်ဖိုးမနည်းကြောင်းခန့်မှန်းနိုင်၏။ စိန်ပွင့်သေးသေးလေးများတစ်တန်းလုံးပါသော လက်ပတ်လေးမှာလည်းထိုနည်းတူပင်။ ယသော်က အရည်အသွေးကောင်းသော စိန်တစ်လုံးတည်းပါသည့် လက်စွပ်လေးအား နန်းဦး၏ ညာဘက် လက်ခလယ်တွင်စွပ်ပေးလိုက်သည်။
ဘယ်ဘက်လက်သူကြွယ်က ကြည်သူ့တာဝန်မို့။

“အတော်ပဲ ဘွားတိုင်းပြီးလုပ်ထားသလိုပဲ”
“အားလုံး ဘွားတို့ရွှေဆိုင် ပန်းတိန်က ဘွားစိတ်ကြိုက်ပုံပေးပြီးလုပ်ခိုင်းထားတာ”
“ဟို တန်ဖိုးကြီးတာတွေ မတော်ပြုတ်ကျတာတို့….”
“ပြုတ်ကျလို့ပျောက်သွားရင် ဘွားက ပြန်လုပ်ပေးမှာပေါ့ တန်ဖိုးတစ်ခုဆိုတာထက် အမှတ်တရအနေနဲ့ပေးတာ မြေးရဲ့ “
“အစ်ကိုတော့ အားကျနေပြီ နန်းဦးရေ မှန်းစမ်း မှန်မှာ ကြည့်လိုက်ဦး ဂဏန်းလေးက တအားလည်းမကြီးပဲ မျက်လုံးနေရာကွက်ပြူးနေတာ ချစ်စရာလေး”

ယသော်ထောင်ပြသော မှန်အားနန်းဦးကမဝင့်မရဲကြည့်၏။
ဒီနေရာဟာ နန်းဦး နဲ့ထိုက်တန်ပါရဲ့လား
ဆိုတဲ့အတွေးက ချက်ချင်းဝင်လာလျှင် မျက်ရည်က ချက်ချင်းဝိုင်းလာ၏။

“ငိုတော့မချနဲ့နော်သတို့သား တကယ်ငိုရမယ့်အချိန်ကျ မျက်ရည်မကျန်ပဲနေမယ်”
“ခွီးးး”

ယသော်စကားကြောင့် အကူကောင်လေးနှစ်ယောက်နှင့် ကောင်မလေးနှစ်ယောက်မှာ မအောင့်နိုင်ပဲခွီးကနဲ ထရယ်ကြလေသည်။

“ဟ ငါက ရိုးရိုးသားသား
တစ်ယောက်နဲ့တစ်ယောက် ဘာဘာညာညာ တွေ တစ်ယောက်တစ်လှည့်
ပြောတဲ့အခါ ဝမ်းနည်းပြီးငိုကြတာမျိုးကိုပြောတာပါဟ ဘာတွေရှည်ဝေးပြီးတွေးလိုက်ကြတာတုန်း”
“ဟီး သမီးတို့လည်း bossလိုပဲတွေးတာပါနော်”
“ဘွားသွားပြီနော် ဟိုဘက်ခြမ်းမှာ မိတ်ကပ်ပြင်နေတဲ့ ဘွားမိတ်ဆွေတွေရဲ့ အခြေအနေသွားကြည့်ဦးမယ်”

ဘွားထွက်သွားပြီးမကြာမီ ကြည်သူပြန်ရောက်လာ၏။
နန်းဦး က ခေါင်းကိုငုံ့ကာ ကြမ်းပြင်ကိုသာ စိတ်ဝင်တစားစိုက်ကြည့်နေတာမို့ မျက်နှာ သေချာမမြင်ရ။
အဝတ်အစားနှင့် အသားရောင်တစ်ထပ်တည်းကျနေကာ သူ့အသံကြားသည့်တိုင်မော့ကြည့်မလာတာက တမင်ကြီးခေါင်း အတင်းငုံ့ထားပုံရသည်။
“မိုးမြေ့မင်းအလှည့်”
“ဘာမှမလုပ်ဘူး ဟေ့ကောင် အဝတ်ပဲပေး ငါ့ဘာသာသွားလှဲလိုက်မယ်”
“ခေါင်းလေးတော့ အဖြီးခံလိုက်ကွာ”

အဝတ်အစားရသည်နှင့် တစ်ဖက်ခန်းထဲ တန်းဝင်သွား၏။
မိနစ်အနည်းငယ်ကြာသော အခါ နန်းဦး နည်းတူ နို့နှစ်ရောင်ဝတ်စုံနှင့်ပြန်ရောက်လာ၏။
ဆံပင်အနည်းငယ်ပွယောင်းယောင်းဖြစ်နေသည်မို့ ယသော်ကတောင်းတောင်းပန်ပန်နှင့် ဂျယ်လေးအနည်းငယ်ထည့်ကာ ဖြီးပေးယူရသည်။

“ပြီးရင် မင်းထွက်တော့ယသော်”
“အေးအေး မင်းတို့ထွက်မယ့်အချိန် ငါ့ကောင်လေးတစ်ယောက်ကိုပြောခိုင်းလိုက်မယ်”

ကြည်သူက ခေါင်းငြိမ့်လိုက်သည်။
ယသော်က stylistအပြင်
အခန်းနားမှူးအဖြစ်ပါ တာဝန်ယူထားသူမို့ အရင်ထွက်နှင့်လိုက်သည်။
နန်းဦး ဘက်တွင်အုပ်ထိန်းသူလည်းမရှိသလို တစ်ယောက်ထဲနောက်မှထွက်လျှင် အားငယ်နေမည်စိုးတာကြောင့်
မင်္ဂလာအစီအစဥ်မှာ တမူထူးလျက်
နှစ်ယောက်တစ်ခါတည်း တွဲထွက်ရန်စီစဥ်ထားလေသည်။
ညီဘွားနှင့် Hotelဝန်ထမ်းများက
ဧည့်ကြိုတာဝန်ယူထားလေသည်။
ဖိတ်စာတွင် လက်ဖွဲ့လက်မခံကြောင်း
ထည့်သွင်းထားပြီးပြီမို့
လက်ဖွဲ့လက်ခံရန်အတွက် နေရာမလိုတော့။
ဧည့်သည်တချို့လည်း တဖွဲဖွဲလာကြပြီ
ဖြစ်ကာ
ဘွားနှင့် သူမိတ်ဆွေများလည်းခန်းမကိုရောက်ပြီဖြစ်သည်။ အခန်းထဲတွင် ကြည်သူနှင့် နန်းဦး သာကျန်တော့သည်။
နန်းဦး က မျက်နှာကို မော်မကြည့်သေး။

“လည်ပင်ကြီး ကျိုးသွားပါဦးမယ်ကွာ”

မော့ကြည့်လာသော မျက်နှာ မှာ
အနည်းငယ်စိတ်ရှုပ်ထွေးနေဟန်ပေါ်သော်လည်း အလှပျက်မသွား။
နှုတ်ခမ်းသားတို့သည် မသိမသာ တုန်နေလျက်။

“ခင်ဗျား နောင်တမရမှာသေချာလား
ခုနေ နောက်ပြန်လှည့်ရင် မီ….အွတ်””

ကိုယ်ကိုယ် ငုံ့ကိုင်းကာ နှုတ်ခမ်းလွှာအားသိမ်းပိုက်လာသူကြောင့်
စကားမှာဆုံးခွင့်ပင်မရလိုက်။
မိနစ်အနည်းငယ်ကြာမှပြန်လွှတ်ပေးကာ ဖူးနေသောနှုတ်ခမ်းမှာ နီရဲကာ အနည်းငယ်ထော်သယောင်ဖြစ်သွားလေသည်။

“ခင်ဗျား”
“ဒေါက် ဒေါက်”
“သူဌေး မင်္ဂလာမောင်နှံဝင်လို့ရပါပြီတဲ့”

ဒီတစ်ခါ ကြည်သူကမ်းပေးသော လက်အားနန်းဦး အသာ တကြည်လှမ်းကိုင်လိုက်သည်။
လက်များမှာ သာမန်ထက်အေးစက် ကာ ချွေးစေးများဖြင့်စေးကပ်နေ၏။
ကြည်သူကတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ဖျစ်ညှစ်လိုက်ရင်း နဖူးအားတစ်ချက်မွေးကြူလိုက်သည်။

“အားလုံးသော ဧည့်သည်တော်များ ခင်ဗျာ ဒီပွဲရဲ့ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ မင်္ဂလာမောင်နှံဟာ လျှောက်လမ်းကနေဝင်လာပါတော့မယ်ခင်ဗျာ”

အခမ်းအနားမှူး ယသော်၏ အသံအဆုံး မင်္ဂလာတီးဝိုင်းမှ တယောများစတင်တီးခတ်လေသည်။
အားလုံး၏ အကြည့်များမှာ လျှောက်လမ်းဆီသို့ စိတ်ဝင်တစား စူးစိုက်ကြည့်နေလျက်။ အကြောင်းမှာ ပုံမှန်မင်္ဂလာဆောင်များလို သတို့သားသတို့မီးအစား သတို့သား သတို့သားမို့
အထူးတလည်စိတ်ဝင်စားနေကြခြင်းပင်။
မင်္ဂလာပွဲ ကြွရောက်ခွင့်ရသူများသည် လုပ်ငန်းပိုင်းဆိုင်ရာ အရေးပါသူများနှင့် ဒေါ်ထိပ်တင်မိုး၏ ဧည့်သည်များသာဖြစ်သည်။
ဒေါ်ထိပ်တင်မိုး၏ ဧည့်သည်များတွင် မားဂရက်စိန်စိန်တင်လည်းပါဝင်ကာ
အားလုံးထက်ပို၍တောက်ပြောင်အောင်ဝတ်ဆင်လာတာတောင် အရေးစိုက်သူမရှိသဖြင့် စူပုပ်နေရာ မိတ်ကပ်လည်းမကယ်နိုင် ဖြစ်ကာ အကျဥ်းတန်နေ၏။
မင်္ဂလာလျှောက်လမ်းတစ်လျှောက်အား ဇီဇဝါ အိုးများ နှစ်ဖက်အပြည့်ချထားကာ သတို့သားနှစ်ဦး ခန်းမထဲလျှောက်ဝင်သည်နှင့် ဝန်ထမ်းတစ်ဦးမှ ဇီဇဝါပန်းဖြင့် အလှဆင်ထားသော
လက်ကိုင်ပန်းအား လှမ်းပေးလိုက်လေသည်။

“”ဖြောင်းးးးးဖြောင်းးးးဖြောင်းးး”

မားဂရက်မှလွှဲလျှင်ကျန်လူများ၏
လက်ခုပ်သံများမှာ မိနစ်အနည်းငယ်ထိ ဆူညံသွားကာ နန်းဦး သည် မင်္ဂလာစင်မြင့်ပေါ်သို့ဘယ်လိုရောက်လို့ရောက်သွားမှန်းပင်မသိလိုက်။

“မျက်နှာကိုမော့ထား
ကိုယ့်ရှေ့က လွှဲရင် ဘယ်သူ့ရှေ့မှ မျက်လွှာချထားဖို့မလိုဘူး”

ကြည်သူကနန်းဦးနားနားကပ်လျက် တိုးတိုးကျိတ်ကျိတ်သတိပေးတာဖြစ်သည်။
နန်းဦး မော့ကြည့်လိုက်တော့
ခန်းမတွင်း နန်းဦး နှင့်မရင်းနှီးသော မျက်နှာများသာမို့ မင်္ဂလာပွဲ အပြင်အဆင်များတွင် သုံးလေ့သုံးထမရှိသော ဇီဇဝါ ပန်းအိုးများကိုသာ လိုက်ကြည့်နေလိုက်သည်။
ဘာလို့တိုက်တိုက်ဆိုင်ဆိုင် ဇီဇဝါပန်းလဲ။
ဖဲ ကြိုးများဖြင့်အလှဆင်ထားသော
ဖူးပွင့်စ ဇီဇဝါပန်းများနှင့် ပြုလုပ်ထားသည့် လက်ကိုင်ပန်းစည်းအား
နှာခေါင်းများတေ့၍တစ်ချက်မွှေးလိုက်သည်။
တစ်စုံတစ်ယောက်ကြောင့် ကြိုက်ခဲ့သောပန်းသည် တစ်စုံတစ်ယောက်ကြောင့် လက်ထဲရောက်လို့နေရဲ့။

“မင်္ဂလာအစီအစဥ်အရ မင်္ဂလာလက်စွပ်အား ဝတ်ဆင်ရန်ဖြစ်ပါတယ်ခင်ဗျာ”

“ဖြောင်းးး ဖြောင်းးးးဖြောင်း”

မင်္ဂလာလက်စွပ်အား ဝတ်ဆင်ပေးရန် ကြေညာပြီး မင်္ဂလာလက်စွပ်ဗန်းကိုင်ဆောင်သူမရှိသဖြင့် ဧည့်သည်များ၏အကြည့်မှာ ဟိုဟိုဒီဒီ။
သို့သော် ကတ္တီပါဘူးနီလေး
မှာ ကြည်သူ၏ ကုတ်အင်္ကျီအိတ်ကတ်ထဲမှ ထွက်လာ၏။
ကြည်သူက မဖွင့်သေးပဲ အခန်းနားမှူးဆီသွားကာ မိုက် သွားယူလိုက်သည်။
ထို့နောက် ကတ္တီပါ ဘူးနီလေးအားထောင်ကာ

“ဒီဘူးထဲမှာ စက်ဝိုင်းပုံမောင်းကွင်းလက်စွပ် လေးနှစ်ကွင်း
ရှိပါတယ် ဒီစကျဝိုင်းပုံလက်စွပ်လေးရဲ့
အဓိပ္ပယ် ဟာeternity ဆိုတဲ့ ထာဝရ အဆုံးအစမရှိချည်နှောင် ခြင်း
လို့ အဓိပ္ပယ် ရပါတယ်
ဒါကြောင့် ကျုပ်အနေနဲ့ ရဝေနန်းဦး ကို ချစ်ခြင်းဖြစ်စေ မုန်းခြင်းဖြစ်စေ
အဆုံးအစမဲ့ ထာဝရ ချည်နှောင်သွားပါ့မယ်”
“ဖြောင်း ဖြောင်း ဖြောင်း”
ကြည်သူမှာ သူပြောချင်ရာပြောပြီး နန်းဦး ဆီမှ လက်ပေးသည်ကိုပင်မစောင့်ပဲ ဘယ်ဘက်လက်လေးအား ဆွဲယူကာ
နန်းဦး ၏လက်သူကြွယ်တွင်
ဝတ်ဆင်ပေးလိုက်ကာ လက်ခုံအားတစ်ချက်ဖိနမ်းလိုက်လေသည်။

“ဖြောင်းးး ဖြောင်းးးး ဖြောင်းးး”

“ပြန်ဝတ်ပေးလေကိုယ့်ကို”

အသက်မဲ့သလို ကြောင်တောင်နေသော
နန်းဦးလက်ထဲ ကျန်လက်စွပ်တစ်ကွင်းအား ထည့်ပေးကာ သူ့လက်သူကြွယ်အားရှေ့တိုးပေးနေတာမို့ နန်းဦး မှာ တုန်တုန်ယင်ယင်နှင့် ဝတ်ဆင်ပေးလိုက်လေသည်။
တစ်မျိုးတော့တစ်မျိုးပေမယ့် မင်္ဂလာပွဲတက်ရောက်လာသူများသည် sea whiteနဲ့ရော ခေမာမြိုင် ရွှေဆိုင်လုပ်ငန်းနဲ့ပါ လွှတ်ကင်းကြသူများမဟုတ်တာမို့ မင်္ဂလာစင်မြင်ပေါ် ကြည်သူဘာလုပ်လုပ် လက်ခုပ်တီးပေးကြမှာပင်။

“မင်္ဂလာအစီအစဥ်အရ သတို့သားနဲ့ သတို့သမီး စိတ်ကြိုက်နမ်းနိုင်ပါပြီခင်ဗျား”

လက်စွပ်လေး ဝတ်ပေးတာပင် တုန်ယင်နေသော နန်းဦး မှာ
အခန်းအနားမှူး၏အရောက်ပို့နေမှုကြောင့် နေရာမှ ထွက်ပြေးချင်စိတ်ပင်ပေါက်သွားလေသည်။
အတွေးပင်မဆုံးသေး ခါးသိမ်သိမ်လေးအား ဖက်တွယ်လာသော လက်တစ်ဖက်နှင့်အတူ နှုတ်ခမ်းပေါ် ကျရောက်လာသော နောက်နှုတ်ခမ်းတစ်စုံအား လက်ခံရရှိလိုက်လေသည်။
လူရှေ့သူရှေ့တွင် ပေါ်တင်ကြီးနန်းခံလိုက်ရသည်မို့ အရှက်သည်းကာ မျက်လုံးအား မဖွင့်ရဲ။
အနမ်းများမှ လွှတ်မြှောက်ခွင့် ရသည်နှင့် နန်းဦး က ချက်ချင်းခပ်ခွာခွာတွင်သွားရပ်နေလိုက်သည်။

“မင်္ဂလာမောင်နှံနှင့်အတူ မိသားစုဝင်များနှင့် မိတ်ဆွေများ ဓာတ်ပုံရိုက်နိုင်ပါပြီခင်ဗျာ”

မိသားစုဝင်ဆိုတော့နန်းဦးမျက်ရည်လည်လာတာချက်ချင်း။
ကျချင်ချင် မျက်ရည်များအား
မျက်တောင်များပုတ်ခတ်လျက်သိမ်းဆည်းကာ
ဘွားနှင့်အရင် ရိုက်လိုက်သည်။
မားဂရက်က ချက်ချင်းတိုးဝင်ကာ ကြည်သူလက်အားဝင်ချိတ်လိုက်တာမို့
မသိရင် သူကသတို့သမီးလို။
ကြည်သူက ချက်ချင်းဖြုတ်ချကာ နန်းဦး အားဆွဲကပ်လျက် ခေါင်းအားသူ့ဖက်မှီစေလိုက်သည်။
မားဂရက်၏ အီလည်လည် အပြုံးမှာ ဓာတ်ပုံထဲ ကွက်တိပါသွားလေသည်။
ကိုကို့သူငယ်ချင်းများနှင့်ရိုက်ပြီးသည်နှင့် မင်္ဂလာစင်မြင့်ပေါ်တက်လာသူများကြောင့် နန်းဦး လက်မှ လက်ကိုင်ပန်းစည်းလေးသည် ကော်ဇောပေါ်ဘုတ်ကနဲပြုတ်ကျလေသည်။
ကောက်ပေးလာသော ပန်းစည်းအားလှမ်းအယူ

“ပြည့်စုံ”
“အင်း”

ပြည့်စုံနောက်မှ သက်ဦး သောင်းထိုက်နှင့် အုန်းမြ အားတွေ့လိုက်ရစဥ် နန်းဦး မှာ မျက်ရည်များမှာ တာကျိုးသလို ချက်ချင်းကျလာ၏။

“မင်းတို့”
” မင်္ဂလာ ဆောင်အတွက် ဂုဏ်ယူပါတယ်ကွာ”

ပြောရင်း ပြည့်စုံမှလွှဲရင် ကျန်သုံးယောက်မှာ နန်းဦး အား ဝိုင်းဖက်လေသည်။
ပြည့်စုံမှာ အံကြိတ်လျက် နန်းဦး အားသာ ငေးကြည့်နေ၏။
ထိုမြင်ကွင်းကို ကြည့်နေသူတစ်ဦးမှာ ကြည်သူမိုးမြေ့။

“ဝေ နှပ်တွေသုပ်လိုက်ဦး
သူငယ်ချင်းတွေ ခေါ်လိုက်လေ ဓာတ်ပုံရိုက်ရအောင်”

ဒါတမင်သက်သက် သူတို့ရှေ့မှာမဏ္ဍာပ်တိုင်တက်ပြတာမှန်း အားလုံးကသဘောပေါက်သည်။
မမနွယ် နဲ့ ဘယ်လိုဖြစ်ပြီး နန်းဦး အားလက်ထပ်လိုက်တယ်မသိပေမယ့်
နန်းဦး သူငယ်ချင်းများမှာ ကြည်သူမိုးမြေ့အား မကျေနပ်ကြပါ။
သူတို့ သူငယ်ချင်းအကြောင်းသူတို့အသိဆုံးမဟုတ်လား။
အဆိုးဆုံးမှာ ပြည့်စုံ။
နန်းဦး သတင်းကြားကြားချင်း အအိပ်အစားပျက်ကာ တစ်ပတ်လောက် အိပ်ရာထဲလဲသည်အထိ။
ကျွန်းလှတစ်မြို့လုံးတွင် သူတို့သူငယ်ချင်းတစ်စုသာ ဖိတ်စာရကာ
မသွားဘူးလုပ်ထားသော်လည်း
တကယ် ပွဲနေ့ရောက်တော့မနေနိုင်။
တွေ့တဲ့အတိုင်း သူစိမ်းတွေကြားမှာ သူငယ်ချင်းလေး ရဝေနန်းဦး က
အားငယ်နေပုံ။
ဟိုကောင်လုပ်သွားသမျှအားလုံးသည် တစ်ဖက်သတ်ဆန်နေကာ
နန်းဦး သည် မတတ်သာသလို တုံဏှိဘာဝေ။

“ဓာတ်ပုံရိုက်ရအောင်လေ”

နန်းဦး က ကြည်သူကမ်းပေးသော တစ်ရှူးဖြင့် မျက်ရည်နှင့်နှပ်ချီးများသုတ်ကာ ကြည်သူလက်ထဲပြန်ထည့်ပေးလိုက်သည်။
ကြည်သူက တစ်ရှူးအား ကုတ်အင်္ကျီအိတ်ထဲထည့်ကာ နန်းဦး နားချက်ချင်းရောက်လာ၏။

“ခင်ဗျားက ဘာလုပ်မှာလဲ”
“မင်္ဂလာအမှတ်တရဓာတ်ပုံရိုက်တာ မင်းအမျိုးသားမပါလို့ဘယ်ဖြစ်မလဲ”

နန်းဦး လက်အား ကြည်သူကတစ်ဖက် နန်းဦး သူငယ်ချင်းများက တစ်ဖက်ဆွဲကာ ကို့ရိုးကားယားနိုင်နေတုန်း ဦးလေးဖြစ်သူ
ကင်မရာသမား ကြည်သာဘုန်းမှာ အမိအရဖမ်းရိုက်လိုက်လေသည်။
ဓာတ်ပုံရိုက်ပြီးနောက်
ကျွေးမွေးဧည့်ခံအစီအစဥ်မို့ စားပွဲဝိုင်းဆီ ပြန်သွားတော့ နန်းဦး က သူငယ်ချင်းများနှင့်အတူကပ်ပါလာ၏။
ကြည်သူ က ညီဘွားနှင့် ယသော်လာဆွဲသည်မို့ သူတို့နောက်ပါသွားလေသည်။

“နန်းဦး မင်းငါတို့နဲ့ပြန်လိုက်ခဲ့ပါလား”

ထပြောသောမှာ အုန်းမြဖြစ်ကာ ကျန်လူများက တညီတညွတ်ထောက်ခံကြလေသည်။

“ငါတို့သူငယ်ချင်းကို အရင်လိုပဲ ပြန်မြင်ချင်တယ်ကွာ
မင်းမိဘ တွေ
မင်းကို လက်မခံရင်တောင် ငါတို့က မင်းတစ်ယောက်ကိုတစ်သက်လုံးကျွေးထားနိုင်ပါတယ်ကွ ဟီးးးးးရွတ်”

သောင်းထိုက်က ပြောရင်းအားပါ သွားကာ ဟီးကနဲထငို၏။
သက်ဦးက အေးအေးဆေးဆေးပင် ။
တည်ခင်းထားသော အစားအသောက်များအားအေးအေးဆေးဆေးစားနေလျက်

“တစ်ခုခုဆို ငါ့ကို အချိန်မရွေးလာရှာလို့ရတယ်နန်းဦး ငါရွှေဆောင် ဆေးရုံကြီးမှာ ရှိတယ် ဒီမှာ လိပ်စာကတ်”

ပြောရင်း ရွှေရောင်ကတ်ငယ်အားလှမ်းပေးသည်မို့
နန်းဦး လှမ်းယူလိုက်သည်။
ပြည့်စုံက မျက်ရည်များဝဲလျက်သာ နန်းဦး မျက်နှာအားမလွှတ်တမ်းစိုက်ကြည့်နေ၏။
နန်းဦး အကြောင်းအားသိထားသူပီပီ
နန်းဦး ပြန်မလိုက်နိုင်တာလည်းသိသည်မို့။

“ငါ မင်းအတွက်တကယ်ဂုဏ်ယူပါတယ်နန်းဦး မပျော်ရင်သာ အချိန်မရွေးပြန်ခဲ့ မင်းကအမြဲတမ်းအတွက် ငါတို့သူငယ်ချင်းရဝေနန်းဦး ပဲ”
“အင့်!”
“ဒါဆို ငါတို့ ပြန်လိုက်ဦးမယ် ငါ့ကိုဆက်သွယ်ဖို့မမေ့နဲ့”

သက်ဦးက နှုတ်ဆက်ရင်း ထပြန်ရန်ထလိုက်သည်မို့ ကျန်လူများပါထရပ်လိုက်သည်။
လက်ပြကာ ထွက်သွားသော သူငယ်ချင်း များအားကြည့်လျက် သက်ဦးပေးသွားသော လိပ်စာကတ်လေးအား တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။
အနည်းဆုံးတော့ နန်းဦး သည် ရွှေဆောင်တွင်တစ်ကောင်ကြွက်တစ်မျက်နှာမဟုတ်တော့။
ဧည့်သည်များလည်း စားပြီးသောက်ပြီးပြန်ကုန်ပြီဖြစ်ကာ နည်းနည်းပါးပါးသာကျန်တော့သည်မို့
ဝိတ်တာလေးပြပေးသော မင်္ဂလာအခန်းဆီသို့သာပြန်လာနေလိုက်သည်။
သူငယ်ချင်း များဝိုင်းဆွဲခံနေရကာ ခေါင်းမဖော်နိုင်ဖြစ်နေသူအား
စောင့်မနေတော့။
အခန်းထဲရောက်တော့ အဝတ်အစားပင်မချွတ်တော့ပဲ
ကုတင်ပေါ်မှ အသဲပုံ နှင်းဆီပွင့်ဖတ်များအားဖယ်ကာ ရေဆာလာသည်မို့
အလှစားပွဲပုလေးပေါ်အသင့်တင်ထားသော နီညိုရောင် သစ်သီးဖျော်ရည်အား ဖွင့်သောက်ရန်ပြင်လိုက်သည်။
အဖုံးဖွင့်ရန်တော်တော်အားစိုက်လိုက်ရသည်မို့ ခွက်ပင်မရှာတော့ပဲ
ဗူးကိုင်၍မော့ပစ်လိုက်သည်။
လည်ချောင်းတစ်လျှောက်ပူရှိန်းရှတသွားကာ ခေါင်းထဲအနည်းငယ်ကြည်လာ၏။
နောက်တစ်ငုံထပ်သောက်လိုက်တော့ မိသားစုအား သတိရကာ ငိုချင်လာ၍ ငိုပစ်လိုက်သည်။
နောက်တစ်ငုံထပ်သောက်လိုက်တော့
လွန်ခဲ့တဲ့ငါးနှစ်ကတောင်တော်ဦးတွင် ကိုကိုနဲ့စတွေ့သည့်အချိန်ရောက်သွားကာ မျက်နှာလေးဟာ ပြုံးယောင်သမ်းလာလျက်။
ဗူးတစ်ဝက်ကျိုးသည်နှင့် ညနေက နှုတ်ဆက်ပြန်သွားသော သူငယ်ချင်းများအား သတိရကာ ငိုမိပြန်သည်။
နောက်တစ်ငုံ အပြီးတွင်တော့ နန်းဦး တစ်ယောက်တစ်နေကုန် ပင်ပန်းထားသော အရှိန်ကြောင့် မျက်လုံးများမှေးစင်းလာကာ ကုတင်ပေါ်ကန့်လန့်ကြီးဖြတ်လျက်အိပ်ပျော်သွားတော့သည်။

မိုချီ (ခတ္တ လူ့ပြည်)

စာအမြန်စစ်လိုက်တာမို့ စာလုံးပေါင်းအမှားပါရင်ပြောပေးကြပါခင်ဗျ
ဖတ်ပေးကြတဲ့အတွက် ကျေးဇူးကမ္ဘာ

Tags: read novel Wrong Time Right Person(Completed) part11(unicode), novel Wrong Time Right Person(Completed) part11(unicode), read Wrong Time Right Person(Completed) part11(unicode) online, Wrong Time Right Person(Completed) part11(unicode) chapter, Wrong Time Right Person(Completed) part11(unicode) high quality, Wrong Time Right Person(Completed) part11(unicode) light novel, ,

Comment

Leave a Reply

Chapter 22