Wrong Time Right Person(Completed) part(19)unicode

A+ A-

wrong time right person

အပိုင်း(၁၉)

အနည်းငယ် လှစ်ဟထားသော ပြတင်းပေါက်ဆီမှ အလင်းရောင်မှာ နန်းဦး မျက်နှာဆီတည့်တည့်ကျနေ၏။
မှိတ်ထားသော မျက်လုံးဆီမှ စူးစူးရှရှ
အလင်းရောင်ကို ခံစားလိုက်ရသောအခါ မျက်လုံးများအာ အသာဖိပွတ်လျက် ဖွင့်ကြည့်လိုက်သည်။
အခန်းထဲထိ နေရောင်ဝင်နေပြီဖြစ်ရာ အချိန်မနည်းတော့ကြောင်းသိလိုက်ရသည်။ ထိုင်းထိုင်းမှိုင်းမှိုင်း ရှိလှသည်မို့ တစ်ချက်သမ်းဝေလိုက်ကာ
အခန်းထဲတွင်ကိုကို ရှိမနေတော့။
စိတ်ရှိလက်ရှိထထိုင်ပြီးမှ အောက်ပိုင်းနေရာမှ စူးရှအောက်မျက်သွားလျှင် ဖင်အနည်းငယ်ကြွလိုက်ရလေသည်။
ညက အဖြစ်အပျက်အား သတိရလိုက်တော့ မျက်နှာမှာ နွေးကနဲ။
ကိုကို နဲ့ တရားဝင်မင်္ဂလာဦးည ဖြစ်ခဲ့သည်ပဲရယ်လို့ စဥ်းစားမိတော့
တစ်ဖန်ကြည်နူးရပြန်သည်။
အဝတ် အစားများအားကြည့်လိုက်တော့ ညက အဝတ်အစားများဟုတ်မနေ။
ကိုကို လဲပေးထားပုံရကာ ပြေလျော့နေသော ပုဆိုးအား ပြင်ဝတ်လိုက်သည်။ အတွင်းခံမပါတာမို့ ခေါင်လောင်းချိန်သီးလေးမှာ ဟိုဒီပြေးကပ်နေ၏။
အောက်ပိုင်းနေရာသည် အနည်းငယ်ကျိန်းစပ်၍ အောက်မျက်နေသည်ကို လွှဲရင် ဟိုတစ်ခါကလို အခြေအနေမဆိုးတာမို့ ကျေးဇူးတင်ရမည်ပင်။
နဖူးအား လက်ဖမိုးနှင့် အသာစမ်းလိုက်တော့လည်း ကိုယ်အပူချိန်မှာ ပုံမှန်မို့
အိပ်ရာအား အမြန်သိမ်းကာ ထွက်လာလိုက်သည်။ အိမ်တွင် ဘယ်သူမှ ရှိမနေသည်မို့ တိတ်ဆိတ်နေ၏။
ရေစည်တွင် ကိုယ်လက်သန့်ရှင်းရေးလုပ်ကာ ရေပါတစ်ခါတည်း ချိုးလိုက်တော့ လူက လန်းဆန်းသွားကာ
နာကျင်နေသည့်နေရာများပါ သက်သာသွားသယောင်။
လည်ပင်းနှင့် ရင်ဘတ်နေရာများတွင် ကိုကိုချန် ခဲ့သော အချစ်ခြေရာများမှာ နေရာမလပ်မို့ ရှပ်လက်ရှည်အား လည်ပင်းထိ ကြယ်သီးများစေ့နေအောင် တပ်လျက် ချည်သားဘောင်း ဘီ ရှည်ပွပွနှင့် တွဲဖက်ဝတ်ဆင်လိုက်သည်။
နွားခြံဘက်သွားမယ် လုပ်လိုက်ရင်း ဗိုက်ဆာလာသည်မို့ မီးဖိုခန်းအရင်ဝင်လိုက်သည်။
အုပ်ဆောင်းအား ဖွင့် ကြည့်လိုက်တော့
နွားနို့ တစ်အိုးနှင့် ကြက်ဥပြုတ်များအား တွေ့ရသည်မို့
နွားနို့တစ်ခွက်ထည့်ကာ ကြက်ဥနှစ်လုံးအခွံနွှာလိုက်သည်။
နွားနို့မှာ ခြံထွက်စစ်စစ်မို့ ပျစ်နှစ်နေကာ သောက်လို့ကောင်းလှသည်။
ဖန်ခွက်အလတ်စားလေးနှင့် နှစ်ခွက်သောက်ကာ ကြက်ဥ ပြုတ်နှစ်လုံးစားပြီးသည်နှင့် ချက်ချင်း အားအင်များပြန်ပြည့်လာသလို။
စားသောက်ပြီး ဆေးကြောကာ နွားခြံဘက် လိုက်သွားရန် အပြင်ထွက်လာသည်နှင့် နက်စွေးစွေး ကားလေးမှာ တောင်ကုန်းကမူလေးအတိုင်းဆင်းလာသည်မို့ နေရာမှာပင်ရပ်စောင့်နေလိုက်သည်။
မောင်းသူနေရာတွင် ညီဘွားဖြစ်ကာ
ယသော်က နန်းဦး အားမြင်သည်နှင့်အနားရောက်လာ၏။
တစ်ကိုယ်လုံး ခေါင်းအစခြေအဆုံး ကြည့်လာသည်မို့ နောက်ကျောမလုံစွာ ခြေနှစ်ချောင်း အား
ယှက်လိမ်လိုက်သည်။

“အစ်ကိုတို့ ဒီနားက ရွာတွေကို နွားနို့သွားပို့တာ မြေ့က မင်းပင်ပန်းပြီး အိပ်နေတုန်းဆိုလို့လာမနိုးတော့တာ ဟဲဟဲ
ခုကြည့်ရတာ အဆင်ပြေသားပဲ”

ယသော် စကားကြောင့် နန်းဦး မှာ ရှက်သွားသော်လည်း ဟန်ကိုယ့်ဖို့လိုက်ကာ

“ညက ညနက်မှ အိပ်ပျော်လို့ပါ အစ်ကိုရာ”
“အစ်ကိုလည်း ဒါကိုပဲပြောတာပါ
ဟော ဟိုမှာ မင်းယောကျာ်း လာပြီ”

ကြည့်လိုက်တော့ အမဲပစ်ရိုင်ဖယ်အား ပခုံးတွင်လွယ်လျက် ဦးအောင်ဘွားနှင့်အတူ နန်းဦး တို့ဆီလျှောက်လာသူမှာ
ရှပ်အညိုရောင်အား အရောင်လွှင့် ဂျင်းဘောင်းဘီတစ်ထည်နှင့် တွဲဝတ်ထားသော်လည်း ခန့်သန့်နေပြန်၏။
ကိုကိုတို့နောက်မှ လိုက်လာသော
ကိုညိုမှာ နန်းဦး အားမြင်သည်နှင့်
ချက်ချင်းပြေးလာကာ
ခြေဖမိုးအား လျှာဖြင့် လိုက်ယက်နေ၏။
နန်းဦး က ထိုင်ချကာ ခေါင်းအား အသာပွတ်ပေးလိုက်သည်။

“ရာသီ ဥတုက ဘယ်လိုလာမယ်မသိဘူး ခုနေတော့နေသာနေတာပဲ “

ဦးအောင်ဘွား က ကြည်လင်နေသော
ကောင်းကင်အား ကြည့်ကာပြောလိုက်ခြင်း။
ကြည်သူက နန်းဦး အား အကဲခတ်သလို တစ်ချက်ကြည့်လေသည်။

“ကျတော်လည်း အမဲပစ်လိုက်ခဲ့ချင်တယ်
လိုက်ခဲ့လို့ရမလား ဦးလေး””

နန်းဦး က ဦးအောင်ဘွားအား ခွင့်တောင်းသလိုပြောခြင်းဖြစ်သော်လည်း ဦးအောင်ဘွားက ကြည်သူဆီပြန်ကြည့်လိုက်သည်။ ယသော်ကပါအားကျမခံပါဝင်လာကာ

“ကျတော်လည်း လိုက်ခဲ့ ချင်တယ် အမဲလိုက်တာ ဘယ်လိုလဲ တစ်ခါမှမကြုံဖူးဘူး”

နန်းဦး က ယသော်ပါလိုက်ခဲ့မည်ဆိုသဖြင့် ပို၍အားတက်သွားလေသည်။
“လိုက်ခဲ့ချင်တယ် နော်ကိုကို
လိုက်ခဲ့မှာလို့”
“အင်း လိုက်ခဲ့ချင်လိုက်ခဲ့လေ”
“ဟေးးးး”
နန်းဦး မှာ ကြည်သူ့ဆီမှ ခွင့်ပြုချက်ရသည်နှင့် လိုချင်တာရသွားသော
ကလေးတစ်ယောက်နှယ်
ယသော်နှင့် လက်ဝါးချင်းပြေးရိုက်၏။
သို့နှင့် ရိုင်ဖယ် နှစ်လက်၊ ကိုညိုနှင့်
လူငါးယောက်မှာ ကိုးနာရီခန့်တွင် အမဲပစ်ရန် တောင်ခြေသို့ ရောက်ရှိလာကြလေသည်။
ယသော်လိုက်မည်ဆိုသဖြင့် ညီဘွား ပါ ပါလာကာ နွားခြံအား တန်းလျားမှ ကောင်လေးတွေထံအပ်ခဲ့လိုက်သည်။
ရိုးမတော၏ အစ တောင်ခြေမှာပင်ရှိသေးသော်လည်း
အလေ့အကျင့်မရှိသော နန်းဦး နှင့် ယသော်မှာ ဟောဟဲရှိုက်နေတော့သည်။

“ဘယ်လိုလဲ စိတ်မခိုင်ရင် ဒီကနေလှည့်ပြန်လို့ရတယ်နော်”

ညီဘွား၏ အပြောကို ရန်မတွေ့နိုင်သေးသော ယသော် က မျက်စောင်းနှင့်သာတုံ့ပြန်၏။
ခဏနားပြီးသော အခါ ဦးအောင်ဘွားမှ ဦးဆောင်လျက် တောလမ်းအတိုင်း တောအနက်ပိုင်းသို့ ဝင်လာကြလေသည်။
တစ်နာရီခန့် ကြာသောအခါ တောမှာ နစ်သထက်နစ်လာကာ ရေသံများပါကြားလာရသည်။
အရိပ်ကောင်းသော ဝက်သစ်ချပင်ကြီး၏ အောက်တွင် ပါလာသော အထုပ်အပိုးများအား ချလျက် စခန်းချရန်ပြင်လိုက်သည်။
ညီဘွား က လက်ကောက်ဝတ်ခန့်ရှိသော အနေတော် သစ်ပင်ငါးပင်ခုတ်လျက် မြေကြီးတွင် ကျင်းတူးကာ
တိုင်များသဖွယ်စိုက်ထူလိုက်သည်။
ထို့နောက် သစ်သားချောင်းများဖြင့် အမိုးသဖွယ် ပြုလုပ်ကာ
ပါလာသော တာလပတ်အား အပေါ်မှ မိုးလိုက်သော အခါ ယာယီ နားနေရန် တဲလေးတစ်ခုရလေသည်။
ဇွန်လ အဦးပိုင်းဖြစ်သောကြောင့်
ခုနေ နေကြဲကြဲ ပူနေသေးသော်လည်း ခဏတွင်းချင်း မိုးရိပ်များ အုံ့ကာ မိုးပါသည်းလာ တတ်သည်မို့
လိုလိုမယ်မယ် ပြင်ဆင်လာခြင်း။
ဦးအောင်ဘွား က

“ကျုပ် ဒီနေ့လည်စာအတွက် ပေါ့ပေါ့ပါးပါးလေး ဟင်းစားသွားရှာလိုက်ဦးမယ် လိုက်ချင်တဲ့သူလိုက်ခဲ့ပေါ့”

“ကြည်သူ နေခဲ့မလား နန်းဦး က မောနေသေးပုံရတယ် ငါ အဖေနဲ့လိုက်သွားလိုက်မယ်”

ညီဘွားပြောတာ အကျိုးအကြောင်းသင့်သည်မို့ ကြည်သူကလက်ခံလိုက်သည်။

“ငါလည်း လိုက်ခဲ့မယ် ညီဘွား “
“အေးအေးဆေးဆေးနေမယ်ဆိုလိုက်ခဲ့ အကယ်၍ ဘာသားကောင်မှမရရင် နေ့လည်စာ ငတ်မှာနော်”
“မင်းကလည်း ငါ့ဆိုပြောမယ်ဆိုတာချည်းပဲ”

သို့နှင့် ဦးအောင်ဘွားနောက်သို့ ညီဘွားနှင့် ယသော်လိုက်သွားရာ
စခန်းချရာနေရာတွင် နန်းဦး နှင့် ကြည် သူသာကျန်ခဲ့လေသည်။
ဦးအောင်ဘွားတို့နောက် ပြေးလိုက်သွားသော ကိုညိုမှာ ဘာစိတ်ကူးပေါက်သည်မသိ နောက်ကြောင်းပြန်လှည့်လာကာ နန်းဦး ခြေထောက်အား လာရောက်ပွတ်သပ်နေပြန်သည်။

“ဒီမှာ ကျန်ခဲ့မလား ကိုယ်နဲ့လိုက်ခဲ့မလားဝေ “
“ဟင်မကျန်ခဲ့ပါဘူး ကိုကို့နောက်လိုက်ခဲ့မှာပေါ့”
“အင်း ရေကျနေတဲ့ဘက်သွားရအောင် ဒီ ချိန်ဆို သားကောင်တွေ ရေသောက်ဆင်းမှာပဲ”

ကြည်သူက ပြောကာ ရိုင်ဖယ်အား လွယ်လျက် ထရပ်လိုက်သည်။
ကိုညိုမှ ရှေ့မှ ဦးဆောင်၍ ပြေးသွားလိုက် နန်းဦး တို့ ကျန်ခဲ့ရင် ပြန်ပြေးလာလိုက်နှင့် အလုပ်များနေ၏။

“ဖျောက်”

သစ်ကိုင်းချောက်အား
တစ်ကောင်ကောင်နင်းလိုက်သော ခြေသံအား ကြားသော အခါ
ကြည်သူမှာ နှုတ်ခမ်းပေါ်လက်ညှိုးတင်လျက် နန်းဦး အားတိတ်တိတ်နေရန်အချက်ပြလေသည်။

“ဒိုင်း”

သေနတ်သံမှာ ကြည်သူ့ဆီမှ မဟုတ်ပဲ ဦးအောင်ဘွားတို့ ဘက်မှဖြစ်ကာ
သစ်ကိုင်း ခြောက်အားနင်းမိသံကြားသော သစ်ပင်ကြီး နောက်ကွယ်မှ တောဝက်တစ်ကောင်မှာ
လန့်ဖျတ်ကာ
နန်းဦး တို့ဘက်ကမူးရှူးထိုးပြေးထွက်လာ၏။
တောဝက်မှာ ခြုံအကွယ်မှ သေနတ်အား အသင့်အနေအထားဖြင့်
ကိုင်ကာ စောင့်ဆိုင်းနေသော ကြည်သူအားကျော်ကာ နန်းဦး ဆီသို့။
တောဝက်ပျိုမှာ ပစ်ကွင်းထဲဝင်နေကာ
အလွယ်တကူ ပစ်ချနိုင်သော်လည်း ကြည်သူမှာ စိတ်ဝင်စားဖွယ်ကောင်းသော မြင်ကွင်းအား မြင်လိုက်ရသည့်နှယ် မျက်လုံးများ မှာ သွေးအေးရက်စက်သော အရိပ်များလွှမ်းခြုံသွားသွားလေသည်။
တောဝက်မှာ နေရာတွင် ကြက်သေ သေလျက်ရပ်နေသော နန်းဦး ဆီချက်ချင်းမသွားပဲ မာန်ဖီနေ၏။
နန်းဦးမှာ တောဝက်အား မပစ်ပဲ သေနတ်ကိုင်လျက် ရပ်နေသော ကြည်သူအား သေခြင်းသည် လက်တစ်ကမ်းအလိုတွင် ရောက်နေသည် ကို အာရုံမရနိုင်ပဲ ကြောင်ကြည့်နေမိသည်။
မျက်လုံးအကြည့်များမှာ
စိမ်းတောက်နေကာ မဲ့ပြုံးတစ်ခု ချိတ်ဆွဲထားသော ကိုကို့ နှုတ်ခမ်းများသည် နန်းဦး တစ်ခါမှ ကိုကို့ ဆီမှာ မမြင်ဖူးသောအမူအရာပင်။
လူတစ်ယောက်ဟာ မျက်စိတစ်မှိတ်အတွင်းမှာ လူစားလဲခံလိုက်ရသလို ပြောင်းလဲနိုင်ပါသလား။
ယခု ကိုကိုသည် နန်းဦး အား သေစေချင့်သည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေ၏။
တောဝက်မှာ အစွယ်ဖွေးဖွေးအားရှေ့ထုတ်ကာ မာန်ဖီနေရာမှ နန်းဦး ဆီတစ်ရှိန်ထိုးပြေးလာလျှင် မျက်လုံးများအားမှိတ်ချလိုက်တော့သည်။

“ဝုတ်”
“ဝူး”
“ဝုန်းးးဝုန်းး”

သေပြီလို့ ထင်ထားသော်လည်း နန်းဦးဆီပြေးလာသော တောဝက်အား
ကိုညိုမှာ တစ်ရှိန်ထိုးပြေးဝင်လာလျက်ဝင်လုံးတော့သည်။
တောဝက်ပျိုနှင့် အရွယ်ချင်း သိပ်မကွာလှသော ကိုညိုမှာ တောဝက်နှင့် သူတစ်ပြန်ကိုယ်တစ်ပြန် လုံးထွေးသတ်ပုတ်နေ၏။
ကြောက်လန့်တကြား နားများအား လက်နှင့် ပိတ်ကာ ကြည့်နေသော
ကောင်လေးတစ်ယောက်နှင့် တောဝက်နှင့်ကိုညို သတ်ပုတ်နေသည်ကို ပွဲကြည့်ပရိသတ်တစ်ယောက်နှယ် ထိုင်
ကြည့်နေသူမှာ ကြည်သူမိုးမြေ့။
မဟုတ်ဘူး
အဲဒါကိုကို မဟုတ်ဘူး တောထဲက နတ်ဆိုးတစ်ကောင်ကောင်က ဝင်ပူးလိုက်တာနေမှာ။
တောဝက်အစွယ်များကြောင့် ကိုညို့ ခန္ဓာ ကိုယ်တွင် သွေးချင်းချင်းနီလျက်
ကြည်သူမှာ နန်းဦး အား အဆုံးထိ ကယ်တင်မည့်ပုံမပေါ်လျှင် နန်းဦး မှာ
နောက်ကြောင်းပြန်လှည့်လျက်ခြေဦးတည့်ရာပြေးတော့သည်။
ဆူးပင်များ သစ်ပင်အကိုင်းအခက်များနှင့် ဆွဲခြစ်မိသော ခန္ဓာကိုယ်နေရာများတွင် စပ်ဖျင်းဖျင်း ခံစားရသော်လည်းနောက်လှည့်မကြည့်ရဲ။
မကြာမီ တောအား တပြုန်းပြုန်းတိုးကာ နောက်မှ လိုက်လာသော အသံကြားရသည်။
တစ်ယောက်ယောက်ကယ်ကြပါဦး။
နန်းဦး၏ စိတ်ထဲမှအသံသည် ကြောက်ရွံ့ခြင်း လတ်တလောတွင် ဖြစ်ပျက်သွားသည်များအား မယုံနိုင်ခြင်း
ကြောင့် လည်ချောင်းဝဆီတစ်ဆို့နေ၏။ ရှေ့တွင် သစ်ပင်သစ်တောများ ကြဲသွား ကာ ရှင်းလင်းသော မြင်ကွင်းက ဆီကြိုနေလျှင် နန်းဦး က လွှတ်မြှောက်ပြီအထင်နှင့်
အားကုန်သုံး၍ပြေးလိုက်သည်။
အိပ်မက်ဆိုရင်လည်း မြန်မြန်နိုးလိုက်ပါတော့။ သို့သော် နိုးထလာရမည့်အစား ကမ်းပါးအစွန်းတစ်ခု ကနန်းဦးရှေ့တွင်ဆီးကြိုနေ၏။
သွေးများဖုံးလွှမ်းကာ ဒဏ်ရာများနှင့် ဒေါသတကြီး ရှိနေသော တောဝက်မှာ နန်းဦး ဆီတစ်ဟုန်ထိုး ပြေးဝင်လာလျှင်
နန်းဦး သည် မမြင့်လှသော ကမ်းပါးစွန်းဆီမှ ခုန်ချလိုက်တော့သည်။
“ဒိုင်း”
နန်းဦး ခုန်ချလိုက်သည်နှင့် သေနတ်သံအား တပြိုင်နက်ကြားလိုက်ရသည် ။
ကိုကို လာကယ်တာလား။
ဒလဟော ဝင်လာသော ရေများအား
မြို
ချလျက် ရေအဆန်ကို ရအောင်ကူးသည်။
ညက မိုးကြီးရွာထားသည်မို့ ချောင်းရေမှာ သိပ်မနက်လှသော်လည်း ရေရှိန်ပြင်း၏။
ရေအားဆန်၍ ပြန်ကူးရင်း နန်းဦး ခုန်ချလိုက်သော လူနှစ်ရပ်စာ ချောင်းကမ်းပါးစွန်းဆီကြည့်လိုက်လျှင် ကိုကိုမှာ ခါးထောက်ကာ
နန်းဦးဆီ စိတ်ဝင်စားစရာကောင်းသော
ရုပ်ရှင်ပြကွက်တစ်ခုအား ကြည့်နေသည့်နှယ် တွေတွေကြီးရပ်ကြည့်နေလေသည်။
ကိုကို့ဆီ အားကုန်ပြန်ကူးရင်း
သွေးအေးအေးနှင့် ရပ်ကြည့်နေသော
ကိုကိုအားတွေ့လိုက်ရ၍
တင်းထားသမျှအားအင်များ ကုန်ခမ်းကာ လက်လျှော့လိုက်လျှင် ရေအလျင်၌ နန်းဦး ကိုယ်လေးမှာ ပေါ်တစ်ခါမြှုပ်တစ်လှည့်
မျှောပါသွားတော့သည်။

*********

ဆင်သေချောင်း။
ဟေဝန်ရိုးမတောင်တွင် မြစ်ဖျားခံကာ
စီးဆင်းသော ဆင်သေချောင်းသည်
မြိုင်ဝန်း မြိုင်ကလေး သို့ ရောက်သော အခါ လက်တက်ကလေးများခွဲဖြာလျက် ချောင်းဖျား ပိုင်းသို့ရောက်လေလေရေတိမ်လေ ဖြစ်ကာ ထိုရေအတိမ်ပိုင်း တွင် ပန်းချောင်းဆိုသော ရေတိမ်ချောင်းလေးတစ်ခု ဖြတ်စီးလျှက်ရှိသည်။ ပန်းချောင်း သည် ပန်းမ ရွာ၏ အသက်မွှေးဝမ်းကျောင်းပြုရာ တစ်ရွာလုံး၏ အသက်သွေးကြောဖြစ်ကာ ရွှေထွက်သော ရေတမ်
ချောင်းကလေး
ဖြစ်သည်။
ပန်းမတစ်ရွာလုံး ရွှေကျင်သော လုပ်ငန်းဖြင့် အသက်မွှေးဝမ်းကျောင်းပြုကြသည်ဖြစ်ရာ ပစ္စည်းဥစ္စာအနေနှင့်မရှိမရှားသော ရွာငယ်လေးဖြစ်သည်။
ပန်းမတွင်နေထိုင်သူများသည်
ကရင်တိုင်းရင်းသားအနည်းငယ် ဂေါ်ရခါးအနည်းငယ်နှင့် အများစုမှာ ဗမာများသာဖြစ်သည်။
ရွှေကျင်သူများကြောင့် နဂို ကြည်လင်သော ချောင်းရေမှာ ရေနီစီးကြောင်းကြီးများထနေ၏။
“အမေရေ…”
ရှစ်နှစ်အရွယ် တက်ပုလေး၏ အော်သံနက်ကြီးကျောင့် ဖက်ခမောက်လေးဆောင်းကာ အင်တုံဝိုင်းလေးထဲ ရွှေကျင်နေကြသူများမှာ ခေါင်းမွှေးထောင်သွားကြလေသည်။
“တယ် ဒီကလေးနှယ် မထိတ်သာမလန့်သာအေ”
“အမေရ ဟိုးချောင်းစပ်နားက တောစပ်မှာ အကောင်ကြီးဗျ သွေး သွေးတွေနဲ့”
ရွှေကျင်နေသူများထဲမှ ယောကျာ်းကြီးနှစ်ယောက်နှင့် တက်ပု၏ အမေမှာ
တက်ပုရှိရာထလာလေသည်။
“ဘယ်မှာလဲတက်ပု မင်းမွှေလို့ကတော့အသေပဲနော်”
“မမွှေဘူး ဟိုမှာ”
“ဟမ် ဘာကြီးလဲ ခွေး ခွေးနဲ့တူတယ်
လည်ပင်းနဲ့လက်တွေမှာ ဒဏ်ရာတွေနဲ့”
အန္တရာယ်ပြုမည့်ပုံမရတာမို့
ထိန်သာ မှာ ထိုမီးခိုးရောင်အကောင်ကြီးနား ကပ်သွားလိုက်သည်။

“ကိန် ကိန်….”

မီးခိုးရောင်ခွေးကြီးမှာ
ထိန်သာတို့ လူစုခြေတစ်ဖက်ထောက်ကာ မရဲတရဲလျှောက်လာလိုက်
နောက်ကြောင်းပြန်လှည့်လိုက်လုပ်နေ၏။
တက်ပုအမေ ဒေါ် အေးပု မှာ တွေးတွေးဆဆဖြင့်

“သူ နောက်လိုက်လာဖို့ခေါ်နေသလားမသိဘူး ထိန်သာ”

ထိန်သာ ဆိုသော လူငယ်လေးမှာ
ဒေါ်အေးပုပြောသည်ကို လက်ခံသလိုခေါင်းတငြိမ့်ငြိမ့်။

“အင်းဖက်က ကိုသောင်းတင်တို့ အေးသန်းတို့ ဒီဘက်ခဏလာပါဗျို့”

“ဘာဖြစ်နေတာလဲထိန်သာ”

“ဟိုက် ဘာကြီး
မီးခိုးရောင်ခွေးကြီး”

“ကြည့်ရတာ ပုံပြင်ထဲက ငရဲခွေးကြီးနဲ့ တူ…တူ”

“တိတ်စမ်း သူ့နောက်လိုက်စေချင်ပုံရတယ် တစ်ခုခုပဲ “

“ငါမလိုက်ရဲဘူးဟ
တော်ကြာနေ ငရဲပြည်က လွှတ်လိုက်တဲ့ငရဲခွေးကြီးဖြစ်နေရင်ဘယ်လိုလုပ်မလဲ”

“ယောကျာ်းဖြစ်ပြီး ကြောက်တတ်ရန်ကောအေ နင့် ပေါင်ကြားထဲက
ကိုအဝှာ
ကိုလည်း အားနာပါဦး “

“ဟာ ဒေါ်တက်ပုနော် ဘာဆိုင်လို့လဲ
လိုက်ခဲ့မယ်ဗျာ”

လူပုသလောက်
စိတ်မရှည်သော ဒေါ်တက်ပု၏
အပြောကြောင့် သောင်းတင်မျက်နှာကြီးနီရဲသွားကာ မီးခိုးရောင်ခွေးကြီးနောက်လိုက်သွားသော ထိန်သာနောက် တကုတ်ကုတ်နှင့်လိုက်သွားလေသည်။
မီး ခိုးရောင်ခွေးကြီးမှာ ချောင်းစပ်မှ ကိုင်းတောကြီးအား ဖြတ်လျက်
ရေအစပ်သို့ဆင်းသွားလေသည်။

“ဝုတ် ဝုတ်!!”

ထိန်သာတို့ဘက်ကြည့်လျက်
ချောင်းစပ်ဆီထိုးဟောင်လိုက်လုပ်နေရာ
ထိန်သာမှာ မနေသာသဖြင့်
ချောင်းစပ်ဆီဆင်းလာလိုက်ရာ
ချောင်းစပ်မှ ကိုင်းတောတွင် တင်နေသော အရာကြောင့်

“အောင်မလေးဗျ! !!”

ထိန်သာ၏ အော်သံကြောင့်
ချောင်းစပ်ဆီခြေချလုနီးနီး သောင်းတင်နှင့် သန်းအေးမှာ
ကုန်းပေါ်ပြန်ပြေးတက်လေသည်။

“ဝုတ် ဝုတ်!!!”

မီးခိုးရောင် ကောင်ကြီးမှာ အတက်မခံပဲ ဆီးဟောင်နေသဖြင့်
သောင်းတင်တို့မှာ ပြေးပေါက်ပိတ်သွားရလေသည်။

“ငါတို့တော့ သေပြီထင်တယ်”
“ဟုတ်တယ် တကယ်ပဲ ငရဲခွေးကြီးလားမသိဘူး”

သောင်းတင်နှင့် သန်းအေးမှာ အတွေးပင်မဆုံးသေး ထိန်သာ၏
အော် သံကြောင့် အတွေးစပြတ်တောက်ကာ သတိပြန်ဝင်လာ၏။

“ဒီမှာ လူကွ သောင်းတင် ဒီဆင်းလာခဲ့
သန်းအေး ကရွာခေါင်းဆောင်ကို သွားပြော အင်းထဲက လူတွေလည်းလွှတ်ချလိုက်ဦး”

“အ အ လောင်းကြီး လား ငါ ငါမလာရဲဘူး”

သောင်းတင်မှာ
ထိုသို့ပြောကာ ကမ်းစပ်တွင်
မဝံမရဲရပ်နေ၏။
ထိန်သာမှာ ရုတ်တရက်မို့ လန့်အော်လိုက်ခြင်းဖြစ်သော်လည်း သွေးနည်းလှသူမဟုတ်။ ပေါင်လယ်လောက်ရှိသော ရေထဲ ဆင်း လျက်
ကိုင်းတောတွင် တင်နေသူအား ချီမလိုက်သည်။
ဝတ်ထားသော အင်္ကျီ မှာ အစိတ်စိတ်အမွှာ မွှာ စုတ်ပြဲနေကာ တစ်ကိုယ်လုံးဒဏ်ရာများ ပြည့်နှက်နေ၏။
ဘောင်းဘီမှာ ပေါင်ရင်းမှ စုတ်ပြဲနေကာ မမြင်အပ်သော ပေါင်တွင်းသားများပါပေါ်နေ၏။
ကြောက်ဒူးတုန်နေသော
သောင်းတင်
ဖက်လှည့်ကာ

“မင်းပုဆိုးချွတ်လိုက်”
“ဘာ.. ဘာလုပ်မလို့လဲ”
“ချွတ်မှာဖြင့် ချွတ်လိုက် “

ရွာကာလသားခေါင်းဖြစ်သော
ထိန်သာ့စကားအားမလွန်ဆန်နိုင်သော
သောင်းတင်
မှာ ပုဆိုးအားချွတ်ကာ
လှမ်းပေးလိုက်သည်။
ဘောင်းဘီ တိုလေးအောက်မှ တုန်နေသော ဒူးနှစ်ချောင်းကြောင့်
သောင်းတင်
မှာ တော်တော်ကြိုးစား၍ရပ်နေရလေသည်။
ထိန်သာက ကောင်လေး၏ မမြင်အပ်သော နေရာအား
ပုဆိုးနှင့် အုပ်လိုက်လေသည်။ သောင်းတင်မှာ
ထိန်သာ့လက်ထဲမှ ဖြူစုပ်စုပ်အရာကြောင့် လှည့်မပြေးမိရန်မနည်းထိန်းထားရကာ ဘေးမှ မီးခိုးရောင်အကောင်ကြီးအားလည်းကြောက်ရသေးသည်။
နဂိုဖြူပုံရသော အသားအရေမှာ ဖြူဖျော့ပြာနှမ်းနေလျက်။ ထိန်သာ
ကမ်းပေါ် ချီတင်ကာ မြေကြီးပေါ်မှာပင်ချလိုက်ရာမီးခိုးရောင်အကောင်ကြီးမှာ
ခြေများလက်များနှင့် ပါးများအထိ လျှာဖြင့်လာလျက်လေသည်။

“မီးခိုး ခဏနေဦး
မင်းသခင်ကို ငါ ကြည့်လိုက်ဦးမယ်”

မီးခိုးရောင်ကောင် ကြီးမှာ
ထိန်သာ့ စကားအားနားလည်သည့်အလား မျက်လုံးရွဲဲကြီးများဖြင့် တစ်ချက်ကြည့် ကာ
ဘေးသို့ဖယ်ပေးလေသည်။
ထိန်သာသည် သူဆယ်ယူလာသော လူသားခန္ဓာအား
နှာခေါင်းဆီ လက်ညှိုးနှင့် တေ့၍စမ်းလိုက်လျှင် အသက်ရှူသည်လား မရှူသည်လား မသေချာသည်မို့ ရင်ဘတ်ပေါ် ခေါင်းစောင်းလျက် ဖိကပ်ကာ နှလုံးခုန်သံအား
နားစိုက်ထောင်လိုက်သည်။
ခုန်သည်ဆိုရုံလေး ခုန်နေသော
နှလုံးခုန်သံကြောင့် အသက်ရှင်သေးမှန်းသိလိုက်လျှင်
ရွှေကျင်စခန်းဆီ သို့ ရွှေ့ပြောင်းရန်
ပြန်လည်ချီမလိုက်သည်။
မီးခိုးရောင်ကောင်ကြီးမှာ
သူ့သခင်အား စိတ်ချသွားသည်ထင့် စိတ်အား
အလုံးစုံလျှော့ လိုက်သည့်နှယ်
မြေကြီးပေါ် ဘုန်းကနဲပစ်လဲလေသည်။

“သောင်းတင်
မင်း ဒီကောင်ကြီးကို ချီခဲ့”
“ဗျာ”

သောင်းတင်
ကြောက်ကြောက်လန့်လန့်နှင့် ဗျာလို့ပင်မဆုံးသေး အင်းထဲမှ လူများလိုက်လာသဖြင့် စိတ်သက်သာရာ ရသွားလေသည်။

“ဟာ ထိန်သာ လက်ထဲက”

အင်းထဲမှ လိုက်လာသူများမှာ ထိန်သာလက်ထဲမှ မချီလာသော အရာအားမြင်သည့်နှင့် အံ့သြကာပါးစပ်အဟောင်းသား။

“အသက်တော့ ရှိသေးတယ် အခြေအနေတော့ သိပ်မကောင်းဘူး
နောက်မှာ ခွေးတစ်ကောင် သယ်ခဲ့ပေးကြပါဦး”

သောင်းတင်
လို ပလွေရိုးလေးမှာ သူ့ကိုယ်ထက်ကြီးသော မီးခိုးရောင်ကောင်ကြီးအား ချီ၍ပါမည်မဟုတ်မှန်းသိသည်မို့
တခြားသူများအား အကူအညီတောင်းလိုက်သည်။
ထိန်သာ တို့ ရွှေကျင်စခန်းအားရောက်သည်နှင့် ရွာထဲမှ ခေါင်းဆောင်လည်း ရောက်လာလေသည်။
ခေါင်းဆောင်နှင့်အတူ သူ့လက်တွဲဖော်လည်း ပါလာသည်မို့ ထိန်သာမှာ အားတက်သွားလေသည်။
အကြောင်းမှာ ခေါင်းဆောင်၏ လက်တွဲဖော်သည်
ထိန်သာတို့ ရွာတွင်သာမက အနီးအနားရှိရွာများအတွက်ပါ အားကိုးအားထားရသော ဆရာ တစ်ယောက်ပင်မဟုတ်ပါလား။
နေ့လည်နေ့ခင်းနားရန် ဆောက်ထားသော အမိုးသာရှိ၍အကာ မရှိသော
ရွှေကျင်စခန်း၏ ကွပ်ပျစ်ပေါ်တွင်
လူတစ်ယောက်နှင့် ခွေးတစ်ကောင်မှာ
ငြိမ်သက်ကာ လဲလျောင်းနေလေသည်။
ခေါင်းဆောင်၏ လက်တွဲဖော်ဆိုသူမှာ
အမျိုးသမီး တစ်ယောက်မဟုတ်သော
အမျိုးသားတစ်ယောက်ဖြစ်ကာ
အသက်အားဖြင့်ငါးဆယ်ဝန်းကျင်ခန့်ရှိပြီဖြစ်ကာ လည်ပင်းမှ မီးလောင်ရွတ်
ကဲ့သို့သော အရွတ်ကြီးမှာ ပါးစောင်အထိရောက်နေ၏။
သို့သော် ညိုသော မျက်နှာမှာ တည်ကြည်ခန့်ညားနေကာ
မျက်လုံးများမှာ
ကွပ်ပျစ်ပေါ်တွင် လဲလျောင်းနေသူထံသာစူးစိုက်နေ၏။
ရင်ဘတ်ပေါ်ခေါင်းလေးစောင်းလျက် နားကပ်ထောင်ကာ
လည်ပင်းနေရာအား လက်ဖမိုးနှင့် အသာစမ်းလိုက်သည်။

“မဖြစ်ဘူး ရွာထဲ အမြန်ရွှေ့ရမယ်”

ထိုအမျိုးသားကြီး၏ စကားကြောင့် ခေါင်းဆောင်ဆိုသူမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ
ရွာသားများအား
လူတစ်ယောက်နှင့် ခွေးတစ်ကောင်အား ရွာထဲရွှေ့ရန် အမိန့်ပေးလိုက်လေသည်။
သို့နှင့် ဘယ်ကဘယ်လို ဒုက္ခကြုံလာသည်မသိသော
လူတစ်ယောက်နှင့်
ခွေးတစ်ကောင်၏ ကံကြမ္မာသည်
ပန်းမရွာသို့ ရောက်လာ၏။ ။

(ဒီအပိုင်းမှာ ကြည်သူမို့မြေ့ရဲ့
darksideကို ထည့်ရေးထားပါတယ်
psychopathနည်းနည်းဆန်ပါတယ်)

မိုချီ (ခတ္တလူ့ပြည်)

Tags: read novel Wrong Time Right Person(Completed) part(19)unicode, novel Wrong Time Right Person(Completed) part(19)unicode, read Wrong Time Right Person(Completed) part(19)unicode online, Wrong Time Right Person(Completed) part(19)unicode chapter, Wrong Time Right Person(Completed) part(19)unicode high quality, Wrong Time Right Person(Completed) part(19)unicode light novel, ,

Comment

Leave a Reply

Chapter 39