Wrong Time Right Person(Completed) part3(unicode)

A+ A-

Wrong Time Right person

အပိုင်း(၃)

၂၀၀၀ ခုနှစ် ဧပြီလ။

နန်းဦးတစ်ယောက် မီးဖိုချောင်ထဲတွင်
လက်မလည်အောင်အလုပ်များနေ၏။
အပြင်ခွံများစိမ်း နေဆဲရှိသည့် ပုစွန်ထုပ် လတ်လတ်
ကြီးများအား ခြင်းကျားထဲတွင်ထည့်ကာ ရေအရင်ဆေးလိုက်သည်။
ထို့နောက်အခွံချွတ် ကျောခွဲကာ သွားကြားထိုးတံလေးဖြင့် ချေး
ကြောင်းများအား ထိုးထုတ်လိုက်သည်။
သန့်စင်ပြီးသော ပုစွန်များအား
ရေထပ်ဆေးကာ သံပုရာသီးတစ်လုံးညှစ်လျှက် သံပရာရည်နှင့် နှပ်ထားလိုက်၏။
ပုစွန်နှပ်ပြီးသည်နှင့် မီးသွေးဖိုပေါ်မှ ထမင်းအိုးပွက်လာသည်မို့ ထမင်းရည်ငှဲ့ကာ မီးအရှိန်လျှော့လျက်
ပြန်နှပ်လိုက်သည်။
ထို့နောက် ကင်းပွန်းချဥ်ရွက်အား နာနတ်သီးပါးပါးလှီးကာ ငရုပ်သီးစိမ်းကြက်သွန်ဖြူထောင်းထည့် ငါးပိစိမ်းစားအနည်းငယ် ပုစွန်ခြောက် အနည်းငယ် ဆီလေးနည်းနည်းထည့်ကာ သမအောင်ရော နယ်လျက် အရည်သောက်ဟင်း ပြင်ထားသော အိုးအားမီးဖိုပေါ်ကောက်တင်လိုက်၏။
အရည်သောက်ဟင်းအား တည်ထားချိန် ပုစွန်နှပ်အတွက် အမွှေးအကြိုင်ကို ငရုပ်အရောင်တင်မှုန့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဂျင်းအနည်းငယ်နှင့်ထည့်ထောင်းလိုက်၏။
ခြံထဲ နံနံပင်ပြေးကောက်ကာ ရေစင်အောင် ဆေးလျက် ပန်ကန်လုံးထဲအသင့်ထည့်ထားလိုက်ပြန်သည်။
ပုစွန်နှပ်အတွက် လိုအပ်သောအမယ်များပြီး ချိန်တွင် မီးဖိုပေါ်က အရည်သောက် ဟင်းအိုးကျက်ပြီမို့
အရသာအပေါ့အငန်မြည့်ကာ ဆား အရသာမှုန့်လိုအပ်သည်များထည့်၍
မီးဖိုပေါ်က ချလိုက်သည်။
ထို့နောက် ပုစွန်နှပ်အတွက် ခုဏကထောင်းထားသော အမွှေးကြိုင်အား ဆီသတ်ကာ ပုစွန်အား ထည့်လျက် မီးပြင်းပြင်းနှင့် ငါးမိနှစ်ခန့် လှန်လှောမွှေလိုက်ကာ အရသာ မှုန့်ဆားလိုအပ်သည်များထည့်လျက် အဖုံးအားသုံးမိနစ်ခန့်အုပ်ကာထားလိုက်၏။ ထို့နောက် ငရုပ်သီးစိမ်းနှစ်ခြမ်းခွဲ နံနံပင်ထည့်အုပ်လိုက်ရာ အနံ့အရသာနှင့် ပြည့်စုံသော ပုစွန်နှပ်တစ်ခွက်ရလေသည်။ ပုစွန်ချက်လျှင် အသားဟင်းချက်သလို အချိန်အကြာကြီးချက်လျှာ အသားမာတင်းကာ ပုစွန်၏မူလအချိုအရသာ ပျက်ကုန်သည်မို့ ထိုနည်းကအဆင်ပြေဆုံးပင်။
ပုစွန်နှပ်နှင့်လိုက်အောင် အာလူးအား ပါးပါး လှီးကာ ကြက်သွန်နီအားဆီသတ်လျက် ရိုးရိုးရှင်းရှင်းပင်နှပ်လိုက်၏။ ဧည့်သည်က ဘာကြိုက်တတ်သလဲမသိသည်မို့ ဗမာကြက်အား
ပျားရည်လေးနှင့် ကြက်သွန်ဖြူထုကာ
အချိုကြော်လိုက်သေးသည်။
ခြံထဲမှ အတို့အမြှုပ်စုံနှင့် လိုက်အောင် ငပိစိမ်းစားအားမီးကင်လျက်
ငရုပ်သီးစိမ်းအိုးကင်းလှော် ညှက်အောင်ထောင်း
သံပရာရည်ညှစ်ထည့်ကာ ကြက်သွန်နီတစ်လုံး ပုစွန်ခြောက် နှိုင်းချင်းဖြင့် ငါးပိသုပ်တစ်ခွက်လုပ်လိုက်ရာ ဒီနေ့အတွက်နေ့လည်စာက တစ်နာရီအတွင်း အကုန်အစုံပြီးလေပြီ။
နန်းဦး မှာ ယောကျာ်းလေးပင် ဖြစ်လင့်ကစား အချက်အပြုတ်တွင် လက်ရာမြှောက်သလို သန့်ရှင့်သန့်ရပ်၍ စနစ်ကျလေသည်။ အမေ့ဆီမှ အ မွေ
ဖြစ်ပြီး
စိတ်ကူးပေါက်ရင် ပေါက်သလို ဝင်ချက်နေကျ။
ခုလည်း မမ၏ အရေးကြီးဧည့်သည်လာမည်ဆို ၍ နန်းဦးကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်နေခြင်း။
မမနွယ်မှာ သင်္ကြန်ရုံးပိတ်ရက်မို့ ရှေ့တစ်ရက်က
အိမ်ပြန်ရောက်နေခြင်းဖြစ်သည်။
နန်းဦး သိမ်းဆည်းဆေးကြောနေတုန်း
ခေါင်းလျှော်ရည်နံ့သင်းသင်းလေးရသည်မို့ အနောက်တွင် မမရောက်နေပြီဟု သိလိုက်ကာ နောင်လှည့်ကြည့်လိုက်တော့ လက်လေးပိုက်ကာ နန်းဦးအား ပြုံး၍ကြည့်နေလေသည်။
မမအတွက် အရေးကြီးဧည့်သည်မို့ မမအား မီးဖိုချောင်မဝင်ခိုင်းတော့ပဲ
နန်းဦးကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်ပေးနေတာဖြစ်သည်။ ဆယ်တန်းစာမေးပွဲပြီးတာနှင့် ပိတ်ထားသည့် ကျူရှင်က ငါးလပိုင်းမှ ပြန်စမည်မို့
နန်းဦးလည်း တော်တော်အား
နေ၏။ ဟိုကောင်တွေအဖွဲ့ အချိန်မရွေးရောက်လာနိုင်သည်မို့
ထမင်းနှင့်ဟင်းများအား ပိုချက်ထားလိုက်သည်။မမကနန်းဦးအား ချစ်စနိုးကြည့်ကာ

“ငါ့ သားသားက တော်လိုက်တာ “
“ဟားးးမမက မောင်နှမချင်း ကပ်မြှောက်နေပြန်ပြီ”
“တကယ်ပြောတာ သားသားရဲ့ မမတော့ သားသား လက်ရာကြောင့်
ဧည့်သည်ရှေ့မှာ မျက်နှာ ပွင့်ဦးမယ်”

မမက ပြောရင်း နန်းဦးခေါင်းအားဖွ၍ဆော့နေပြန်သည်။ ဒီမမက
အသက်နှစ်ဆယ်မောင်လေးကိုကလေးလို့မှတ်နေတုန်း။

“”မမ မပြောလည်း ခုလာမယ့် ဧည့်သည်က မမအတွက် ဘယ်လိုလူဆိုတာ သားခန့်မှန်းမိပါတယ်နော်”
“အင်း ငါ့ သားသား က လျင်လိုက်တာ”

ပြောရင်း နန်းဦး နားရွင်လေးအား လှမ်းဆိတ်ပြန်သည်။ ပိတုန်းရောင်သန်းလျက်
တင်ပါးထိရှည်သော
ဆံပင်
မျက်နှာ ဝိုင်းလေး သနပ်ခါးရေးရေး သဘာဝသွေးရောင် နှုတ်ခမ်းလေးနှင့် မမမျက်နှာမှာ အစဥ်သဖြင့်
အေးချမ်းနေ၏။
ခေတ်မီ ဆန်းသစ်သည့် မြို့ကြီးပြကြီးမှာ ကျူတာ ဖြစ်နေသည့်တိုင်
မမအပြင်အဆင်မှာ မြို့သူများနှယ် ခေါတ်နောက်မလိုက်။ ခေါတ်ရှေ့မပြေး။ မမအား ရလိုက်သော ယောကျာ်းဟာ တော်တော် ကံထူးသည်ဆိုရမည်ပ
င်။ နန်းဦး အနေဖြင့်မူ မမအားငယ်သေးသည်ထင်သည်။
ဖြစ်နိုင်လျှင်မမအား ဘယ်သူ့လက်မျှ မပေးချင်သေး။

“ပြောရင်း ဘာတွေငေးသွားတာလဲသားသားရဲ့”
“မမကို သူစိမ်းတစ်ယောက်ကို ပေးလိုက်ဖို့အဆင်သင့်မဖြစ်သေးလို့ပါ”
“သြော် သားသားရယ် မသိရင် မမက ချက်ချင်းကြီး ယောကျာ်းယူပြီးလိုက်သွားမယ့်ပုံဖြစ်နေပြီ
ခုက ဖေကြီးတို့မေကြီးတို့ သဘောကို
တီးခေါက်ကြည့်ရုံ သူတစ်ယောက်တည်းလာမှာ “
“ဟော ကြည့် ဖေကြီး တို့ဆီ မမကိုတောင်းတော့မှာ”
“တယ် ဒီ ကလေး ခုထိကလေးဆန်ချင်တုန်း ကလေးတွေစာသင်တဲ့ဆရာဖြစ်နေပြီကို”

နန်းဦး က နဖူးအား လက်ညှိုးနှင့် လာတောက်နေသော မမအား
နှမြောတသစွာ ကြည့်နေလိုက်သည်။

“ဟော ခြံတံခါးဖွင့်သံကြားတယ်
ဖေကြီး တို့ပြန်လာပြီထင်တယ်”
မမက ပြောရင်း
သင်္ကြန် နီး ကျောင်းသားဟောင်းများ ကမကထ ပြုလုပ်သည့် သက်ကြီးပူဇော်ပွဲမှ ပြန်လာပြီ ဖြစ်သော ဖေကြီးနှင့် မေကြီးအားအပြေးလေး ထွက်ကြို၏။

“သားရေ ချိုးလိုက်တော့မယ်နော်မမ”
“အင်းသားသား အရမ်းကြာမနေနဲ့ဦး”
“ဟုတ်ကဲ့ မမ”

နန်းဦးက အိမ်ဘေးတွင် သစ်သားကြမ်းခင်း များဖြင့်အကြမ်းကာ ကာ
သီးသန့်လုပ်ထားသော ရေချိုးခန်း ဘက်ထွက်လာလိုက်သည်။
ရေလဲပုဆိုးအပိုလေးအား
ရေချိုးခန်း နံရံတွင်တင်ပြီး
ကိုင်းပုံးအမဲလေးဖြင့်ရေတစ်ပုံးဆွဲကာ
ဇီဇဝါပင်များအား ရေလောင်းရန်ထွက်လာလိုက်သည်။
ခါတိုင်းမနက်စောစော ထလောင်းနေကျဖြစ်သော်လည်းအလုပ်မရှိသည်မို့ နေဖင်ထိုးအောင်အိပ်နေသည်ဖြစ်ကာ အိပ်ရာထသည်နှင့် မီးဖိုချောင်တန်းဝင်လိုက်ရသည်မို့ ပန်းပင်တွေနား ခုမှရောက်ရတာ ဖြစ်သည်။
ပန်းပင်အောက်ခြေလေးများတွင် မလိုအပ်သော ပေါင်းမြက်များရှင်းနေရင်း

“ဦးလေး ဦးလေး”

ခြံစည်းရိုးအပြင်မှ
အသံသြရှရှ
ကြောင့် နားစွင့်လိုက်သော်လည်း ဒီနားမှာ ဦးလေးအရွယ် တစ်ယောက်မှမရှိသည်မို့ ကိုယ့်အလုပ်ကိုဆက်လုပ်နေလိုက်သည်။

“ဒီမှာ ဒီမှာ ခင်ဗျားကို ခေါ်နေတာ”
နန်းဦးမနေသာ တော့သည်မို့
ထရပ်ကာ ခြံစည်းရိုးအပြင်ဘက် အကြည့်ပို့လိုက်သည်။
နောက်ဆုံးပေါ်ဆိုင်ကယ် အသစ်ကြီးပေါ်တွင် ဦးထုပ်အား မှန်အပြည့်ချ၍ဆောင်းထားသည်မို့ မျက်နှာမမြင်ရသေး။

“မင်းက ဒီအိမ်ကလား”
“ဟုတ်တယ်”

နန်းဦးကိုမေးရင်း ဆိုင်ကယ်ပေါ်မှမဆင်းသေးသောသူသည်
ဒီအတိုင်းထိုင်နေရင်ကို အရပ်ရှည်မှန်းသိသာစွာ ခြေထောက်အရှည်ကြီးတစ်ဖက်က မြေကြီးပေါ် ထောက်ထား၏။
ဂျင်းဘောင်းဘီပွပွအား
ရှပ်အင်္ကျီအဖြူနှင့်တွဲဝတ်ထားကာ
အနားကို တံတောင်ဆစ်အထိခေါက်တင်ထားလေသည်။
လက်ဖျံ မှ လက်ဖမိုးအထိ အကြောကြီးများမှာ သိသိသာသာ ထင်းနေကာ
အမွေး
ထူထူများအထိ မြင်နေရလေသည်။

“ချာတိတ်”

“အမ် ဟင်”
နန်းဦးအား ခေါ်ရင်း ဆိုကပ်ဦးထုပ်အား
ဟန်ပါပါချွတ်လိုသည်မို့
နန်းဦး မှာ ကိုယ့်အိမ်ခြံစည်းရိုးရှေ့မှ ဆိုင်ကယ်ကြီးနှင့် လူတစ်ယောက်အား
ကြည့်နေရသည်နှင့်မတူပဲ
ရုပ်သံလိုင်းတွင် တီဗွီဇာတ်လမ်းထဲမှ ဇာတ်ဝင်မင်းသားအား ကြည့်နေသလို ခံစားလိုက်ရလေသည်။
မျက်နှာအား စေ့စေ့စပ်စပ်မြင်လိုက်ရလျှင် နန်းဦးမှာ ကြည့်နေရင်း လေဟာနယ်ထဲရောက်သွားသလို
စိတ်ရောလူပါလွှင့်မျှောတော့မတတ်။
ဟုတ်တယ်
ဒီမျက်နှာ ဒီမျက်လုံး
အထူးသဖြင့် လေးထောင့်ဆန်သော မျက်နှာ မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့်
နန်းဦး တစ်သက်လုံးစိတ်မှန်းဖြင့် စွဲလမ်းခဲ့ရသည့် မေးချိုင့်လေး။
မုတ်ဆိတ်မွေး ပါးမြိုင်မွေးများမှာ ရိတ်သင်ထားတာ မကြာသေးပုံရကာ စိမ်းဖန့်နေ၏။

“ဟေး “
“ဖျောက်”

နန်းဦးမှာ မှင်သက်နေရာမှ ထိုအမျိုးသား၏ လက်ဖျောက်တစ်ချက်တီးကာ လှုပ်နိုးမှုကြောင့်ပြန်လည်နိုးထလာရသည်။

“ဟုတ်ကဲ့”
“ဒါ ဦး ရဝေအောင်သောင်း တို့အိမ်ဟုတ်ပါတယ်နော်”
“အာ ဟုတ်ကဲ့ဖေကြီးဧည့်သည်ထင်တယ် “
“မဟုတ်ဘူး နွယ့် ဧည့်သည် ရဝေနွယ်ဦးလေ”

ထိုအမျိုးသား၏ နောက်ဆက်တွဲစကားကြောင့် နန်းဦးမှာ နေ့ခင်းကြောင်တောင်ကြီး မိုးကြိုးအစင်းပေါင်များစွာပစ်ခံလိုက်ရသည်နှယ်။
မဟုတ်ပါစေနဲ့။
သို့သော်

“မောင် “
“နွယ်”

နောက်မှ ရောက်လာသော မမက မှင်သက်နေသော နန်းဦးအား ကျော်ကာ
ခြံဝင်းတံခါးအား ဖွင့်ပေးလိုက်သည်။

“ရောက်နေတာ ကြာပြီလား ဆောရီးမောင်ရယ် နွယ့်မောင်လေးက သူစိမ်းဆို ဒီလိုပဲ”
“အဟွန်း ရပါတယ် နွယ်ရဲ့
ကိုယ် ဝင်လို့ရပြီနော် ချာတိတ်”

နန်းဦးမှာ
မိမိအား ရည်ရွယ်၍ပြောလာသည့်တိုင်
ခဏတွင်းချင်း
ခံစားချက်ပေါင်းစုံနှင့်
အတွေးများရှုပ်ထွေးသွားရကာ
ချက်ချင်း စကားမဆိုနိုင်သေး ။
ခေါင်းညိတ်လိုက်မိသလား ခါလိုက်မိသလား ကိုယ်တိုင်လည်းမသဲကွဲ။
စတောင်မရရသေးခင် ဆုံးနှင့်ပြီလား။
နန်းဦးရဲ့ အချစ်သစ်ပင်လေးဟာ
ဖူးပွင့်ခွင့် မရသေးခင် သစ်စိမ်းချိုးချိုးခံလိုက်ရလေပြီ။
နန်းဦး ဘာမှမပြောသဖြင့် မမနွယ်မှာ
အားနာဟန်ဖြင့် စကားလမ်းကြောင်းလွှဲလိုက်လေသည်။

“သားသား ရေမြန်မြန်ချိုးလိုက်
ပြီးရင်ထမင်း စားရအောင်
လာလေမောင် “
“အင်းနွယ်”

ဆိုင်ကယ်အားအိမ်ရှေ့ထိ မောင်းသွားလျက် ဒေါက်ထောက်ကာ ခပ်လျှောလျှောပြန်မှီလျက် သူလက်ပိုက်၍ ကြည့်နေသည်မှာ နန်းဦးမဟုတ်ခဲ့။
မမနှင့်သူ အိမ်ထဲဝင်သွားသည့်တိုင်နန်းဦး နေရာမှ မရွေ့နိုင်သေး။
ရက်စက်လိုက်တာ ကံတရားရယ်။
နန်းဦး လိုက်ရှာတုန်းက မတွေ့ခဲ့သူက တွေ့ တွေ့မယ့်တွေ့တော့
မမချစ်သူတဲ့လား။
နောက်နေ့ဘုရားသွားပြီး ဓာတ်ပုံဆိုင်မှာ သွားစုံစမ်းခဲ့ပေမယ့် ဓာတ်ပုံဆိုင်လည်း
ပိတ်သွားကာ တစ်ပတ်လောက်နေတော့
ဆိုင်ရှင်အသစ်ပါ ပြောင်းသွားခဲ့၍ လမ်းစ
ပျောက်သွားခဲ့သည်။
ဘယ်နေရာရောက်ရောက်
ကိုကိုနဲ့အမှတ်တမဲ့တွေ့လို တွေငြား
ဘေးဘီဝဲယာ စပ်စုတတ်သည်က
အကျင့်တစ်ခုလိုပင်စွဲမြဲနေလျက်။
ဒီကြားထဲ သမီးရည်းစားမကျ သူငယ်ချင်းမကျ တွေနဲ့ အီစီကလီတွေရှိခဲ့သည့်တိုင် ကိုကို့ကို တစ်နေ့မှမေ့မရတာ ကိုယ်တိုင်သာ သိလေသည်။
အလိုဆန္ဒနည်းပါးလှသောနန်းဦးသည် ကိုယ်တကယ် လိုလိုချင်ချင် တပ်မက်မိသော အရာကိုတော့
ပိုင်ဆိုင်လိုက်ရမှကျေနပ်လေသည်။
ရေချိုးပြီးပြန်တက်လာတော့
မေမေကဆီးကြိုကာ

“ကြာလိုက်တာ သားရယ်
ဧည့်သည်က ပြန်စောင့်နေရတယ်”
“ရပါတယ် ပြောနေရမယ့် လူတွေမှမဟုတ်တာ အန်တီ”

ဝင်ပြောလိုက်သူမှာ ကိုကို။
သူ ဒီမိသားစုဝင်ဖြစ်ဖို့ လုံးဝသေချာနေပြီဆိုသည့်သဘော။
နန်းဦး စိတ်မကြည်သဖြင့် မျက်နှာလည်းကြည်မည်မဟုတ်။
ဒါကိုပင် သူက

“နွယ့် မောင်လေးက ကိုယ့်ကို မကြိုက်ဘူးထင်တယ်နွယ်”
“အင်း သူ မောင့်ကို အူတိုနေတာ “
“ဟား ဟား မောင်ယောက်ဖကို
သပ်သပ် ဖားမှ ရတော့မယ်”

နန်းဦးအားရည်ရွယ်၍ ပြောနေသော်လည်း စိတ်မှာ ပို၍ညစ်ညူးလာကာ စကားသံများဟာ နားထဲ ခါးလျက်။
နန်းဦး အဖေ့အကျဖြစ်သော ရှပ်အင်္ကျီတစ်ထည်နှင့် လုံချည်အကွက် ကြီးကြီး တစ်ပတ်နွမ်း တစ်ထည်အား
ကောက်စွပ်ရင်း အိပ်ရာပေါ် ဘုံးကနဲပစ်လဲလိုက်၏။

“သားသား ရေ ထမင်းစားဖို့ အဆင်သင့်ဖြစ်ပြီ”
“စားနှင့် မမ ကျွန်တော် ခေါင်းထဲသိပ်မကြည်လို့”
“မရဘူး နော် သားသား
ထမင်းစားချိန်ဆိုစား လိုက်
ပြီးမှ ဆေးသောက်ပြီး အိပ်ချင်အိပ်လိုက်”

မမထပ်ပြောတော့မနေသာစွာ ထမင်းစားခန်းထဲလိုက်လာရပြန်သည်။
ထမင်းဝိုင်းတွင်
ဖေကြီး မေကြီးနဲ့ သူလည်းရောက်နေပြီဖြစ်ကာ နန်းဦးက မေကြီးဘေးတွင်ဝင်ထိုင်လိုက်သော်လည်း
သူ့ဘေးကပ်ရက်ဖြစ်သွားလေသည်။
မမက သူ့ဘေးတွင် လွတ်နေသော
နေရာက ဝင်ထိုင်လိုက်ကာ
ဟင်းများအားတစ်ယောက်စီ ဦးချရင်း အလုပ်များသွားလေသည်။

“သားသား တစ်ယောက်ပဲကျန်ပြီ မိတ်မဆက်ရသေးတာ ဒီဘက်က မမရဲ့ချစ်သူ ကြည်သူမိုးမြေ့တဲ့ အသက်က မမနဲ့တစ်နှစ်တည်းမို့ သားသား က ကိုကို တော်လို့ရတယ်”

ကြည်သူမိုးမြေ့တဲ့လား။
ကိုကို တော်လို့ရတယ်တဲ့လား ။
ကိုကို တော့ ကိုကို ပေမယ့် နန်းဦးမှ ကိုကို မတော်ချင်တာ။

“စား ချာတိတ်
ချာတိတ်ချက်ထားတဲ့ ဟင်းနဲ့ ချာတိတ်ကို မျက်နှာ ပြန်လုပ်နေရတာ မသင့်တော်ပေမယ့် ကိုကို နောက်ဆို သပ်သပ်ဒကာခံမယ်နော်”

သူက ပြောလည်းပြောကာ သူ့ပန်းကန်ထဲ မမဦးချထားသော ပုစွန်အား
နန်းဦး ပန်းကန်ထဲပြောင်းထည့်ပေးလေသည်။ မမမျက်နှာနဲ့ နန်းဦးကို ဖားနေတာ သိပေမယ့် လို့ ကိုကို့ ဆီက အနည်းငယ်သော အသိအမှတ်ပြုမှု လေးကပင် နန်းဦးကို ပျော်စေပါသည်။

“ကျတော် ချာတိတ်မဟုတ်ဘူး”
“ကိုကို သိပါတယ်ကွာ
ချာတိတ်ပုံစံက ချာတိတ်နဲ့ကိုတူနေလို့”
“ကဲမောင်ရေ ဆက်မစနဲ့တော့
သားသား လည်း စိတ်မဆိုးနဲ့တော့
ထမင်းစားကြဦး”

မမ က ဝင်ရောက်ဖြန်ဖြေ မှ နန်းဦးတို့အကြား တိတ်ဆိတ်သွားကာ
ထမင်းကိုယ်စီ ဆက်စားလိုက်ကြသည်။
ဖေကြီးနှင့် မေကြီးက ဘာကို သဘော ကျသွားပြီး ကိုကို့ ကို မမနဲ့ချက်ခြင်းကြီး ကြည်ဖြူလိုက်ရတာလဲ။ ခံစားချက်များစွာဖြင့်
ရင်ပြည့်နေသည်မို့ ထမင်းဝိုင်းမှ နန်းဦးအရင်ဆုံး ထကာ
အခန်းဆီပြန်လာလိုက်သည်။
နန်းဦးအခန်းက စာသင်ခန်းလုပ်ထားသော အိမ်အဖီ၏ နောက်ဘက်တွင် လုပ်ထားသည်ဖြစ်ကာ
သီးသန့်ဆန်၏။
အခန်းထဲတွင် စာအုပ်စင် နှင့်
စာကြည့်
ကြည့်စားပွဲ တွင် ဝတ္ထု မဂ္ဂဇင်းများ
ကျောင်းစာနှင့် သက်ဆိုင်သော စာအုပ်များမှာ သူ့နေရာနှင့် သူ သပ်သပ်ရပ်ရပ်
နေရာယူထားလေသည်။
သင်ဖြူးဖျာကြမ်းလေး ခင်းထားသော သစ်သားကုတင်တွင်ခေါင်းတင်၍ လှဲလိုက်ရာ အားတင်းထားသမျှ မျက်ရည် တစ်စက်မှ ခေါင်းအုံးပေါ်ပေါက်ကနဲကြွေကျ၏။

“ဒေါက် ဒေါက်”

တံခါးခေါက်သံကြောင့်
မျက်ရည်အား မြန်မြန်သုတ်ကာ
တံခါး ဖွင့်ပေးလိုက်တော့ နန်းဦး ထင်မှတ်မထားသည့်သူ။
လက်ထဲတွင်လည်း စပျစ်သီးတစ်ပန်းကန်နှင့်။

“ကိုကို ဝင်လာလို့ရလား”

စူးရှ၍ သြဇာပြည့်ဝသော မျက်လုံးများမှာ မရလဲဝင်မယ် ဟုပြောနေသယောင်။ မကြည်သော စိတ်နေရာတွင် နန်းဦး၏ ဂျစ်ကန်ကန် ဉာဏ်ဆိုးလေးက
အစားဝင်လာလျှင်

“မရဘူး”
“ဟာကွာ ဒါဆိုလည်း ဒီအပြင်က
စာသင်ခန်းမှာ ထိုင်မယ်လာခဲ့”

သူက ပြောရင်း တံခါးဝတွင် ပြူတစ်လေးလုပ်နေသော နန်းဦးအား
ဆတ်ကနဲဆွဲထုတ်လိုက်ရာ ထင်မှတ်မထားသဖြင့် နန်းဦးမှာ အလိုက်သင့်လေးပါလာ၏။

“ဘယ် လိုအိမ်ရှင်လဲကွာ
ဆက်ဆံရေးကြဲလိုက်တာ”
“ခင်ဗျားကရော ဘယ်လိုဧည့်သည်လဲ အိမ်ရှင် ကို ဆွဲလားရမ်းလား”

နန်းဦးက အားနဲ့အဆွဲခံလိုက်ရ၍
နာသွားသောလက်အား ကျန်တစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ကာ
ပါးစပ်ကလည်း ရန်တွေ့တာမပျက်။
ထိုလူက စိတ်ဆိုးပုံမရဘဲ
ဟက်ကနဲတစ်ချက်ရယ်ကာ
နန်းဦးအား ခုံပေါ်ထိုင်စေလိုက်သည်။ စပျစ်သီးအား
ခုံတန်းပေါ်တင်တာ တစ်ဖက်ခုံတွင် သူဝင်ထိုင်၏။

“ကိုကို တို့က မကြာခင်ဆွေမျိုးတော်ရတော့မှာကို သူစိမ်းတွေမှမဟုတ်တာ”
“ကျတော်မှမတော်ချင်တာ”

ထိုလူက ပြောလည်းပြောကာ
နန်းဦးပါးစပ်ထဲ စပျစ်သီးတစ်လုံးခွံလာ၏။

“ချာတိတ်က လိမ္မာပါတယ်ကွာ
မင်းမမကို စိတ်မချရင် မင်းပါ ကိုကို့အိမ်လိုက်နေလေ မင်းစိတ်မပါရင် ဘာမှ မလုပ်လည်း ကိုကို ကတစ်သက်လုံး တင်ကျွေးထားနိုင်တယ် မင်းကိုကိုက သူဌေးလေ”

အကယ်၍ ဒီလိုစကားတွေ ပြောလာသည့်သူမှာ ကိုကိုသာ မဟုတ်ခဲ့ရင်
နန်းဦး အနေနဲ့ ယောက်ဖရတာအတော်
ကံကောင်းသည်ဆိုရမည်။
သို့သော် ထိုသူက ကိုကို ဖြစ်နေကာ
နန်းဦး ယောကက်ဖ
တော်ချင်သည့် တစ်ဦးတည်းသောသူ။
ဒီတစ်ဦးတည်းသော သူက တိုက်တိုက်ဆိုင်ဆိုင် မမချစ်သူတဲ့လား။

“မမနဲ့ ဘယ်တုန်းက တွေ့တာလဲ”
“မင်း မမကိုတွေ့တာ လွန်ခဲ့တဲ့ငါးနှစ်က
ဒါပေမယ့် အကြောင်းကြောင်းကြောင့်
ကိုယ် နိုင်ငံခြားရောက်သွားတော့
ခု နိုင်ငံခြားက လာပြီးမှပြန်တွေ့တာ “
“သြော်”
“အင်းစဥ်းစားနော် ချာတိတ် စိတ်ကူးမလွှဲနဲ့ ကိုယ့်ကို ယောက်ဖတော်လိုက်လို့
ချာတိတ်အတွက် အကျိုးမယုတ်စေရဘူး”
“မတော်ဘူးဗျာ ပြန်တော့ခင်ဗျား”
“ဂျိမ်းး”

နန်းဦး ထိုလူအားနှင်လွှတ်ရင်း
အခန်းထဲပြန်ဝင်လာကာ
တံခါးပါ ချက်ချပစ်လိုက်သည်။
ဒါတောင်

“ကိုယ် လက်မလျှော့ဘူးနော် ချာတိတ်”

ဆိုသည့် အသံက
နားထဲ ဝင်ဖြစ်အောင်ဝင်လာသေးသည်။
အဲဒါက ခင်ဗျား နန်းဦး ကို ချစ်ရေးဆိုတာသာ ဖြစ်နေလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။
မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားသော
အဖြစ်အပျက်တွေကြောင့်
နန်းဦးမှာ ကိုကိုနဲ့ပြန်တွေ့လို့
ပျော်ရမလား ။
မမရဲ့ ချစ်သူ
ခင်ပွန်းလောင်းဖြစ်နေလို့ငိုရမလား။
နန်းဦး သူ့ကို ဘယ်လိုစိတ်မျိုးနဲ့မှ ယောက်ဖလို့ မြင်ကြည့်လို့မရ။
ဒီအခြေအနေကနေ နန်းဦး လွှတ်မြှောက်ချင်သည်။
အိပ်မက်ဖြစ်ပြီး အိပ်ရာထလျှင်
အကုန်ပျောက်ကွယ် သွားစေချင်သည်။
ဒါမှမဟုတ် အိပ်နေရင်း
ပြန်နိုးမလာတော့ရင်လည်း အကောင်းသား။
နန်းဦးအိပ်ရာပေါ် လူးလိမ့်ရင်း
တကယ်ပင် အိပ်ပျော်သွားလေသည်။
အိပ်ရာနိုးတော့ ညနေ လေးနာရီပင် ရှိပြီဖြစ်ကာ မမနှင့် ထိုလူမှာ ထိုလူ့ဆိုင်ကယ်ဖြင့် အပြင်ထွက်သွားသည်မို့ အိမ်တွင်မရှိ။ အစဥ်အမြဲ တက်ကြွနေသော
နန်းဦးသည် ခုတော့ ခြေတောက်တွင် ခဲဆွဲထားသလို လေးလံထိုင်းမှိုင်းနေ၏။
ချစ်တောင်မချစ်ဖူးလိုက်ရပဲ
အသည်းဟက်တက်ကွဲရတယ်လို့။
နန်းဦးအခန်းကနေ
အိမ်ထဲဝင်လာတော့ အမေက
နဖူးအားဆီး၍ လက်ဖမိုးဖြင့်စမ်းလာ၏။

“မှန်းစမ်း နေမကောင်းဘူးလားသား
မျက်နှာလည်းမကောင်းပါလား”
“ကောင်းပါတယ် မေကြီးရဲ့ အိပ်ရာထလာလို့ ထိုင်းမှိုင်းနေတာ”
“သား မမ ကိစ္စကို သားသဘောမကျဘူးလား”
“သား သဘောမကျရင်ရော မမက လက်ခံမှာတဲ့လား”
“ဒါတော့ ဒါပေါ့သားရယ်
သားကဘာလို့ သဘောမကျတာလဲ”
“ဗျာ… အဲ”
“ကောင်လေးက အခြေအနေလည်းမြင့်တယ် ရည်လည်းရည်မွန်တယ်
မင်းမမလည်း မငယ်တော့ဘူးလေသားရယ်”
“ဘယ်တော့ ယူကြမှာတဲ့လဲ”
“မောင်ကြည်သူကတော့ သင်္ကြန်အကြို သူ့မွေးနေ့မှာ စေ့စပ်ထားချင်တယ်တဲ့
ပွဲ က ဝါကျွတ်မှ လုပ်မယ်တဲ့”

နန်းဦးသာ လက်မခံရင် ဘာမှမလုပ်သေးသလိုနဲ့ လာကစားနေတာ
သူတို့က စေ့စပ်ဖို့နဲ့ လက်ထပ်ဖို့တောင် ရက်ရွေးပြီးနေပြီကို။
ဖေကြီးနဲ့ မေကြီးလည်းမကောင်းဘူး
ဟိုက သူဌေးသားမှန်း သိတာနှင့်
သမီးနှင့် ချက်ချင်း သဘောတူသည်။
ဟင်အင်း
မဖြစ်ရဘူး။
ကိုကို က မမယောကျာ်းဖြစ်လို့မရဘူး။

Mon .sep9.2024

မိုချီ(ခတ္တ လူ့ပြည်)

အပတ်စဥ် သော ကြာနေ့တိုင်းနှစ်ပိုင်းupမှာပေမယ့် ကြားထဲ moodဝင်ရင်ဝင်သလို မြန်မြန်ပြီးတာမို့
ပြီးရင်ပြီးသလောက်လာတင်ပါမယ်
ခုမှ စာစရေးတာမဟုတ်ပေမယ့်
စာတင်တဲ့ ခု အကောင့်ကအသစ်မို့ ဝန်းရံပေးကြပါဦး ခင်ဗျာ
ဖတ်ရှူပေးကြတဲ့ ခင်ဗျားလေးတို့အားလုံးကို ကျေးဇူးကမ္ဘာပါ ဗျာ

Tags: read novel Wrong Time Right Person(Completed) part3(unicode), novel Wrong Time Right Person(Completed) part3(unicode), read Wrong Time Right Person(Completed) part3(unicode) online, Wrong Time Right Person(Completed) part3(unicode) chapter, Wrong Time Right Person(Completed) part3(unicode) high quality, Wrong Time Right Person(Completed) part3(unicode) light novel, ,

Comment

Leave a Reply

Chapter 6