Wrong Time Right Person(Completed) part7(unicode)

A+ A-

wrong time right person

အပိုင်း(၇)

နန်းဦး မှာ အလုပ်မရှိရင် မနေတတ်သူပီပီ ဦးလေးတူးနှင့် တူတူ ခေမာမြိုင်ခြံထဲတွင် ပန်းပင်များပေါင်းသင်ပေါင်းရှင်းရာ၌ ကူပေးနေလိုက်သည်။
ခေမာမြိုင်တွင် နန်းဦး တို့အိမ်မှာ လိုဇီဇဝါ ပင်များမရှိပေမယ့် တစ်ခြံလုံး အမျိုးစားစုံလင်လှသော ပန်းပေါင်းစုံအပြင်
သစ်ခွပင်ရာပေါင်းများစွာရှိသည့် သစ်ခွရုံကြီးရှိပါသည်။
သစ်ခွမျိုးဝင်ဖြစ်သော အဖိုးတန်သဇင်ပန်း များလည်းရှိရာ သဇင်ပန်းတစ်မျိုးတည်းနဲ့တင် ထိုသစ်ခွရုံကြီးသည် ခေတ်ကာလ အားဖြင့်
တန်ဖိုးမနည်းကြောင်း ခန့်မှန်းနိုင်၏။
နန်းဦးမြင်ဖူးနေကျ သစ်ခွပန်း အမျိုးအစားများအပြင်တချို့ ရှားပါး၍ အဖိုးတန်သော သစ်ခွမျိုးစိတ်များထိရှိလေသည်။

“ဒါလေး က ဘာမျိုးလေးလဲ ဦးလေးတူး”

ဦးတူးက သစ်ခွစိုက်ရန်အသင့်တော်ဆုံး လေဝင်လေထွက်ကောင်းသည့်
အပေါက်များများပါသော အိုးထဲ အုန်းဆံနှင့် မီးသွေးအပိုင်းအစများရော ထည့်နေရာမှ နန်းဦးမေးသည်များကိုလည်းစိတ်ရှည်လက်ရှည်ဖြေနေ၏။
နန်းဦးပြသော ပွင့်ဖတ်ကြီးကြီး နှင့်
ဝိုင်နီရောင် အပွင့်အဖတ်များပါသော
သစ်ခွပန်းအားကြည့်ကာ

“ဒါက ယိုးဒယားမျိုးကတ်တလီယာတွေ
ဟိုးဘက်မှာ တခြားအရောင်တွေလည်း ရှိသေးတယ် အစ်ကိုလေး “
“စျေးကြီးမှာ ပဲနော်”
“အင်း တစ်ပွင့်စျေးကိုမနည်းဘူး”
“ဒါအားလုံးကို ဒီတိုင်းအလှထားတာလား”
“ဟုတ်တယ် ဘုရားပန်းတင်တာနဲ့
ဧည့်ခန်းမှာ အလှထိုးတာတော့ လုပ်ပါတယ် သခင်မကြီးလည်း တခါတလေ ခူးပြီးပန်တယ်”
“သြော်”
“တီ တီ တီ”
“ကားဟွန်းသံ ကြားတယ်
နေနေ ဦး​လေး
တူး နန်းဦး သွားဖွင့်လိုက်မယ်”
“သခင်လေးတော့ မဟုတ်လောက်ဘူး
သခင်လေးက ဒီနေ့ကုမ္ပဏီသွားတာ”
“ဟုတ်ကဲ့”
ကိုကို ကကုမ္ပဏီသွားတာဖြစ်သလို
မမက လည်း
သင်္ကြန်ရုံးပိတ်ရက် ပြီးပြီမို့ ကျောင်းသွားနေရပြီဖြစ်လေသည်။
သစ်ခွရုံကနေ ခြံဝအထိ အပြေးသွားရင်တောင် ငါးမိနစ်လောက်သွားရကာ
ကားဟွန်းသံများမှာ အဆက်မပြတ်နှင့်ပို၍ ကျယ်လာလေသည်။
“တီ တီ တီ”
ခေမာမြိုင်တွင် မမြင်ဖူးသော  ဆူဇူကီး
အနီရဲရဲလေးမှာ တံခါးမဖွင့်မချင်း ဟွန်းသံမှာရပ်မည့်ပုံမရှိ။
သံပန်းတံခါးကြီးမှာ အောက်ခြေ၌ ဘီးများပါသည့်တိုင် အတော် အားစိုက်တွန်းရလေသည်။
ထိုအခါ မောင်းသူဘက်မှ ကားတံခါးပွင့်လာကာ
အနီရဲရဲ ဒေါက်ဖိနပ်နှင့် ခြေထောက်တစ်ဖက်အား အရင်မြင်လိုက်ရလေသည်။
စူးရှသော ရေမွှေးနံ့တထောင်းထောင်းအပြင် နှုတ်ခမ်းနီ နီနီရဲရဲ များနှင့် စိုပြောင်နေသော နှုတ်ခမ်းများကြောင့်
အနံ့စူးစူး အမြင်စူးစူးများအားမကြိုက်လှသောနန်းဦးမှာ ခြံတံခါးအား အားစိုက်တွန်းနေရင်း အော်ဂလီပင်ဆန်လာရသည်။

“တံခါးတောင် ဖြစ်မြှောက်အောင် မဖွင့်နိုင်ဘူး နင့်ကို တစ်ခါမှ မမြင်ဖူးပါဘူးအလုပ်သမားအသစ်လား”

နန်းဦး က မိမိအားဦးတည်၍ပြောလာသော အသံစူးစူးကြောင့် တံခါးအား ဖွင့်နေရင်းမှပေကပ်၍ပြန်ကြည့်လိုက်သည်။
သူမဝတ်ထားသော မြွှေဟောက်အဆင်နှင့် ကျပ်ထုပ်နေသော ထဘီလိုလိုစကတ်လိုလိုဟာက သူမ၏ ခန္ဓာကိုယ်အလှအား အရှိကို အရှိအတိုင်း မြင်နေရလေသည်။
ခေတ်ရှေ့ပြေးနေသော အပြင်အဆင်မှာ မြင်သူတကာအား သွေးများဆူပွက်ကာ ပူလောင်လာစေသည်။

“ဟဲ့ နင့်ကိုပြောနေတာ”
“ကြားသားပဲ အမြင်ကတ်လို့ပြန်မပြောတာ”
“ဘာ ဘာ နင့်လိုခြံစောင့်အဆင့်နဲ့များငါ့ကို ဘွားဘွားတို့ကလည်း အလုပ်သမားကို
ဘယ်လို အတန်းစားထဲကများရှာ ခန့်ထားသလဲမသိပါဘူး”
“သူက အလုပ်သမားမဟုတ်ဘူး မမလေး မားဂရက်  စိန်စိန်တင်”

ဝင်ပြောလိုက်သည်မှာ
နန်းဦး နောက်မှရောက်လာသူ ဦးတူးဖြစ်ကာ နာမည်ကြောင့် ဒေါသထွက်နေသော နန်းဦး ပင် ရယ်ချင်ပက်ကျိဖြစ်သွားရသည်။ဦးတူက တစ်ဝက်ပဲ ပွင့်သေးသော သံတံခါးအားတွန်းဖွင့်ပေးလိုက်သည်မို့
မားဂရက်စိန်စိန်တင်ဆိုသော ခင်ကြီးကျယ်မှာ ကားပေါ် ဆောင့်ဆောင့်အင့်အင့် ​ပြန်
တက်လျက် ခြံထဲဝူးကနဲမောင်းဝင်သွားလေသည်။
နန်းဦး က မောင်းဝင်သွားသော
ကားအနီရဲရဲအားကြည့်ကာ

“ဘယ်သူလဲဦးလေး
တူးသူက”
“သခင်လေး မိဘတွေရှိစဥ်က မိဘချင်းရင်းနှီးပြီး
သခင်လေးနဲ့ လူကြီးချင်းစကားပြောဖူးတယ်”
“ဘာ…. သြော် ကန်တော့ ဦးလေးတူး
ကျွန်တော်စိတ်လောသွားလို့”
“သခင်လေးက သူချစ်ရမယ့်သူ ရှိတယ်
မားဂရက်နဲ့ စေ့စပ်ရင် နိုင်ငံခြားမသွားဘူးဆိုလို့ သခင်မကြီးက
လူကြီးတွေကို တောင်းပန်ပြီး ဖျက်လိုက်တာ”
“သြော် သူကခုဘာလာလုပ်တာတဲ့လဲ”
“ဒါတော့ ကျတော်လည်း မသိဘူး
မြို့တော်ကို ပြောင်းသွားတာကြာပြီ ခုဘယ်က ဘယ်လိုပြန်ရောက်လာတယ်မသိဘူး”

ဦးတူးက သစ်ခွရုံဘက်ပြန်သွားကာ နန်းဦးက အိမ်ထဲပြန်ဝင်လာလိုက်သည်။

“ဒေါ်ဒေါ်ဥ မားဂရက် ကို သံပုရာချဥ်ချဥ်လေး တစ်ခွက်ဖျော်ခဲ့ပေးစမ်းပါ”

ဖြတ်သွားစဥ် ကြားလိုက်ရသော လေသံကြောင့်နန်းဦး နှုတ်ခမ်းအားသိသိသာသာ မဲ့ပစ်လိုက်သည်။
ဒီအိမ်နဲ့ ဘယ်အတိုင်းတာအထိ ရင်းနှီးတယ်မသိပေမယ့်
အိမ်ကအလုပ်သမားများ အား
သိနေကာဆက်ဆံသည့်ပုံစံမှာ တင်တင်စီးစီး။

“ဟိုတစ်ယာက်”
“….””
“ဟဲ့ နင့်ကိုခေါ်နေတာ”

နန်းဦးက တမင် လှည့်မကြည့်တာ
ဖြစ်ကာ ဒီမိန်းမမှာလည်းလျှော့ပေးမည့်ပုံမပေါ်။
နန်းဦကလည်းဒီ အိမ်ကဧည့်သည်ပဲဖြစ်ကာ တစ်ခုခုဆို ဘွားဘွားတို့ပဲ မျက်နှာပျက်မည်မို့သည်းခံရန်ဆုံးဖြတ်လိုက်သည်။

“ကျတော့ကို ဘာကိစ္စလဲ”
“နင်က ကိုကိုစေ့စပ်ထားတဲ့မိန်းမရဲ့မောင်ဆို”
“အဲဒီတော့”
“ဟဲ့ ယူတောင်မယူရသေးဘူး
နင့်အမရော နင်ရောအိမ်ပေါ်ရောက်နေလို့ပြောနေတာ”
“အိမ်ရှင်ကကြည်ဖြူ လို့ခေါ်ထားတာ
ခင်ဗျားကသာ အိမ်ရှင်မရှိပဲ သူများအိမ်မှာ အာလာကျယ်နေတာ”
“တောက်”

နန်းဦး ဆက်ပြောချင်ပေမယ့် ပေါ်တီအောက်သို့ အမဲရောင်ပြောင်လက်နေသော မာစီးဒီး ကားတစ်စီးလျှောကနဲဝင်လာတာမို့ စကားစပြတ်သွားရသည်။   ကားမောင်းသူနေရာမှ ကိုကိုအရင်ဆင်းလာကာ
ကားတစ်ဖက်ခြမ်းမှ
ဘွားဘွား ထိပ်တင်မိုးပါ ဆင်းလာ၏။
ဒီမိန်းမက ဘာမို့လို့ ကိုကိုရော ဘွားကပါ အလုပ်ကနေပြန်လာရတာလဲ ။
ကိုကိုနှင့် ဘွားဘွားကိုမြင်သည်နှင့်
ထိုမိန်းမမှာ ခုဏက သူမဟုတ်တော့သလို မျက်မှာ အမူအရာနှင့် လေသံချက်ချင်းပြောင်းသွားလေသည်။

“ကိုကို”
“မားဂရက်”

ကိုကို့လက်အား ပြေးချိတ်ကာ ချွဲပျစ်ပျစ်အသံကြီးက အော်ဂလီဆန်စွာ။
ထိုမိန်းမကို တွေ့ပြီး နန်းဦး နှစ်ကြိမ်မြှောက်အော်ဂလီဆန်ခြင်းပင်။
နန်းဦးက မီးဖိုချောင်သို့ဝင်လာလိုက်ကာ ထမင်းချက်နေသော ဒေါ်ဒေါ်ဥနှင့် အိမ်အကူကောင်မလေး စန်းစန်းအား ကူစရာရှိတာကူနေလိုက်သည်။
ဟိုလူကရော မမနဲ့ စေ့စပ်ထားတယ်ဆိုတာ သတိရသေးရဲ့လားမသိ။
ထိုမိန်းမအားမြင်သည်နှင်နွားပြာကြီး အောက်သွားပြုတ် သလို ပြုံးဖြီးနေ၏။

“သမီး တစ်ယောက်တည်းလား”
“ဟုတ်တယ် ဒယ်ဒီနဲ့ မာမီက
မနက်ဖြန်အိမ်သစ်တက်လုပ်ဖို့ပြင်ဆင်နေတာနဲ့
သမီးက ပဲလာလိုက်တာ””
“သြော် နောက်မှပဲ မေမီ နဲ့ ကိုစိန်တို့ကို ထမင်းဖိတ်ကျွေးတော့မယ် ဒါနဲ့ သမီးနန်းဦးလေးနဲ့ တွေ့ပြီးပြီမဟုတ်လား”
“သြော် ဟိုတစ်ယောက်လား ဟုတ်ကဲ့”
“မားဂရက် ကိုကို အဝတ်အစား သွားလှဲလိုက်ဦးမယ် ဘွားဘွားနဲ့လိုက်သွားဦး”

ကြည်သူက သူ့လက်အားအတင်းဆွဲထားသော မားဂရက်လက်အားဖြုတ်ချကာ ပြောလိုက်ခြင်း။ သူ့ကိုတွေ့တာနှင့် မီးဖိုချောင်ဘက် တန်းဝင်သွားသော ကောင်လေးနောက်လိုက်လာခဲ့သည်။ ရွှေဆောင်ရောက်ကတည်းက နွယ်နဲ့သူသာ တစ်မြို့လုံးကုန်အောင် လျှောက်လည်ပြီးပေမယ့် ဒီကောင်လေးက
ဘယ်ခေါ်ခေါ်မလိုက်ပဲ အိမ်ထဲပဲငြိမ်ကုပ်နေ၏။
ဦးတူးနားသွားလိုက် မီးဖိုချောင်ထဲဝင်စပ်စုလိုက်လုပ်နေပုံရသည်။
သူတစ်ယောက်တည်း ပျင်းနေမှာ စိုးလို့ ကြည်သူအလုပ်ကနေပြန်လာတာ ဖြစ်ကာ ဘွားဘွား ကအိမ်တွင် မားဂရက် ရောက်နေသည်ဆို၍ ပြန်လာမှာမို့ ဝင်ခေါ်ခဲ့ခြင်း။
ဖေမေတို့ ရှိစဥ်က မိဘချင်းရင်းနှီးကာ
နှစ်အိမ့်တစ်အိမ် ဝင်ထွက်သွားလာခဲ့တဲ့မိသားစုတွေမို့ မားဂရက် ကို ကြည်သူက ညီမလေး တစ်ယောက်လိုမျိုး ရင်းနှီးပါသည်။ သူတို့အရွယ်ရောက်တော့ လူကြီးချင်းစကား စ ထားကြပေမယ့် ကြည်သူအား အတိအလင်းမပြောသေးသည်မို့ ကြည်သူက ပုံမှန်အတိုင်းပင်နေ၏။
ဖေနဲ့မေ မရှိတော့သည့်နောက်ပိုင်း ကြည်သူလည်း သူချစ်ရသူ ရှိလာတာမို့ ဘွားအား အလိမ္မာနှင့် ငြင်းခိုင်းလိုက်သည်။
နောက်ပိုင်း မားဂရက်တို့ တစ်မိသားစုလုံး သူ့အဖေတာဝန်ကျရာ မြို့တော်သို့ပြောင်းသွားကာ
ခုသူ့အဖေဆေးပင်စင်ယူပြီး ရွှေဆောင်အပြီးပြောင်းလာတာဖြစ်သည်။ ကြည်သူမီးဖိုခန်းလိုက်လာလိုက်ကာ
ချာတိတ်မှာ
အိမ်အကူ စန်းစန်းနှင့် မီးဖိုချောင်စားပွဲတွင်ထိုင်ကာ အသီးအရွက်တချို့အား လှီးချွတ်ရင်း ဘာတွေပြောပြီး သဘောတကျရယ်နေသည်မသိ။
နှုတ်ခမ်းဘေးမှ ချိုင့်လေးများပင် သိသိသာသာခွက်ဝင်နေ၏။

“သခင်လေး ဘာလိုလို့လဲ”
“ဘာမှ မလိုဘူး ဒေါ်ဥ ချာတိတ်ကို လာခေါ်တာ”
“လိုက်သွားလေ နန်းဦးလေး “
“ဘာလုပ်မလို့လဲ”
“လူအရင်လာ”
“ဟိုမိန်းမရော”
“ဘွားဘွား နားမှာ ဘာလဲ ချာတိတ်က
စိတ်ဝင်စားလို့လား အောင်သွယ်ပေးရမလား”

ကြည်သူက စ ကာ ပြောလိုက်ပေမယ့်
နန်းဦးက ရွံစရာ တစ်ခုခုအားတွေ့သည့်နှယ် နှာခေါင်းရှုံ့သွားလေသည်။
ကြည်သူက ထိုနှာခေါင်းလုံးလုံးလေးအား မနာအောင်လိမ်ဆွဲလိုက်ကာ

“စတာပါကွာ ကိုယ့်နောက်လိုက်ခဲ့”

ပြောရင်းရှေ့မှ ခြေလှမ်းကြဲကြီးဖြင့် တက်သွားသည်မို့
နန်းဦး ကလိုက်တက်လိုက်သည်။
ကိုကိုက သူ့အခန်းထဲဝင်သွားလေသည်။
အခန်းတစ်ခုလုံး ဇာလိုက်ကာရှည်ကြီးတွေကအစ ကြည်ပြာရောင်ဖြစ်ကာ
ဘယ်တော့မဆို စိတ်ကိုကြည်လင်သွားစေမည့် အခန်းအပြင်အဆင်မျိုးဖြစ်သည်။ အခန်းကျယ်ကြီးထဲတွင် မွေ့ယာအကြီးကြီးနှင့် အဝတ်ဗီရို
တစ်ခုသာ ရှိကာ ဘာပရိဘောဂမှမရှိပေ။ ထိုင်စရာခုံတစ်လုံးတစ်လေပင်မရှိသည်မို့ နန်းဦး မှ ထပဲနေရမလို ။ ဒီအတိုင်းပဲထိုင်ချရမလို ချီတုံချတုန်ဖြစ်နေ၏။
အခန်းတစ်ဖက်ခြမ်းတွင် မှန်တံခါးပေါက်တစ်ခုရှိကာ စာကြည့်ခန်းနှင့်အလုပ်ခန်းဖြစ်ပုံရလေသည်။
ကိုကိုက သူ့အိပ်ရာကုတင်ပေါ်တွင်ထိုင်ကာ နန်းဦးအား စာရွက်တစ်ထပ်လှမ်းပေးနေသည်မို့ ထိုင်ရမလို ထရမလို ဖြစ်နေသောနန်းဦးမှာ လှမ်းယူလိုက်သည်။

“ရော့ဒီမှာ”
“ဘာလဲဒါက”
“ဒီမြို့က နာမည်အကြီးဆုံး ကိုယ်ပိုင်ကျောင်းနဲ့ ကျူရှင်တွေ”
“ကျတော်က ဘာလုပ်ရမှာလဲ”
“ချာတိတ်က စာသင်ရတာ ဝါသနာပါတယ် အစိုးရဆရာလည်း မလုပ်ချင်ဘူးဆိုလို့ ကိုယ်စုံစမ်းထားပေးတာလေ”
“ဘာလုပ်ရမှာလဲ ကျတော်က နောက်တစ်ပတ်ဆို ကျွန်းလှပြန်တော့မှာ”
“မပြန်ရဘူး နွယ်လည်း ကျောင်းကအဆောင်မှာ မနေတော့ ဘူး ဒီကနေ ကျောင်းသွားတော့မှာ
မင်းလည်း ကျွန်းလှမပြန်ပဲ ဒီမှာ နေပြီး မင်းလုပ်ချင်တဲ့ ပြင်ပ
ဆရာလုပ်ပေါ့
မင်းဝါသနာပါတဲ့ စာလည်းရေးလို့ရတယ်”
“ခင်ဗျားက ဘာလို့ ကျတော့ဘဝကို စီမံခန့်ခွဲချင်နေတာလဲ ကျတော့ ဘာသာ နေချင်တဲ့နေရာနေပြီး လုပ်ချင်တာလုပ်မှာပေါ့ ဖေကြီးနဲ့ မေကြီးကို ထားပြီး ကျတော်ကဘာလို့ ဒီမှာနေရမှာလဲ”
“နေစေချင်လို့ပေါ့
မင်းဖေကြီးနဲ့မေကြီးကို စိတ်မချရင်
အိမ်အကူလည်းငှားပေးပြီး လိုတာ ဒီကအကုန်ထောက်ပံ့လို့ရတာပဲ”
“မလိုချင်ဘူး
ကျတော်မနက်ဖြန်ပဲပြန်တော့မယ်”
“ရဝေနန်းဦး ပြောနေရင်းဆိုးမလာနဲ့ “
“မအော်နဲ့ ခင်ဗျား နဲ့က မမနဲ့ပဲဆိုင်တာ
ခင်ဗျား လုပ်နေတာတွေက ဘယ်လိုသဘောသက်ရောက်နေလဲ ဘာတွေလုပ်နေလဲ ခင်ဗျားကိုယ် ခင်ဗျားသိရဲ့လား”
“သိပ်သိတာပေါ့
ကိုယ်က ချာတိတ်ကို ကျွန်းလှမှာမနေစေချင်ဘူး ကိုယ်မျက်စိရှေ့မှာပဲ ထားချင်တယ် “
“ဘာလို့လဲ”
“ဘာလို့မှမလဲ ဘူး ကိုယ့်စိတ်ကိုက အဲဒီလိုမို့လို့ပဲ “
“နားမလည်တော့ဘူး ခင်ဗျားကို သွားတော့မယ်”
“နေဦး ဒီစာချုပ်တွေပါယူသွား”

နန်းဦးလက်ကောက်ဝတ်အား ဖမ်းဆွဲရင်း ခုဏက စာချုပ်များအား
နန်းဦး လက်ထဲ အတင်းထည့်ပေးပြန်သည်။
ကိုကို ခင်ဗျား ကျတော့ကို သိပ်ရှုပ်ထွေးစေတာပဲ။
ကိုကို့အတွက် ကျတော်က ဘယ်လိုဖြစ်တည်မှုလဲမသိပေမယ့် မရေမရာနဲ့ ကိုကို့ အလိုပြည့်ရုံအတွက်
ကိုကိုစိတ်တိုင်းကျ ထားရာနေစေရာသွားတော့ လိုက်မလုပ်နိုင်။
မားဂရက်စိန်စိန်တင်ဆိုသောအမျိုးသမီးမှာ နေ့လည်စာစားပြီးမှ ဘွားနှင့်အတူ ပြန်သွားလေသည်။
ကိုကိုကတော့ ဘယ်အချိန်အလုပ်ပြန်သွားလိုက်သည်မသိ။
နန်းဦး ကအခန်းအောင်းပြီး
ကဗျာ တစ်ပုဒ်ပြီးအောင်
ရေးနေသည်မို့ ဗိုက်ဆာလာမှပင်
အခန်းထဲမှထွက်တော့သည်။
ဒေါ်ဒေါ်ဥနှင့် စန်းစန်း က နေ့လည်ဘက်တစ်ရေးတစ်မော အိပ်နေသည်မို့ အိမ်ကြီးမှာ နန်းဦး တစ်ယောက်တည်းလိုတိတ်ဆိတ်နေ၏။
နန်းဦး မီးဖိုချောင်ထဲဝင်ကာ
ထမင်းကိုယ့်ဘာသာပင်ခူးစားလိုက်သည်။

“ခွပ်”
ထိုစဥ် မီးဖိုချောင်တံခါးအား
တစ်ခုခုလာမှန်သည်မို့ နန်းဦး ထမင်းစားရင်း ထပြေးကြည့်လိုက်တော့ အပြင်မှာဘယ်သူမှရှိမနေ။

“ကိုကို ပြောတဲ့မျောက်တွေ ဘာတွေများလား မဖြစ်နိုင်ဘူး အနောက်ခြံနဲ့ဆို ဒီဘက်က ဝေးသေးတာကို”

ထမင်းစားသည်အား လက်စသတ်လိုက်ရင်း အတွေးများနေ၏။
ဒေါ်ဒေါ်ဥရောက်လာတာပင်သတိမထားမိလိုက်။

“နန်းဦး လေး ထမင်းစားပြီးပြီလား ဒေါ်ဒေါ်ဥကို ခေါ်လိုက်တာမဟုတ်ဘူး”
“အလုပ်ရှုပ်ခံလို့ ဒေါ်ဒေါ်ဥရာ ထမင်းစားတာ နန်းဦး ဘာသာ ခူစားလည်းဖြစ်ပါတယ်
ဒါနဲ့ ဒေါ်ဥကို မေးစရာရှိလို့”
“ဘာလဲ နန်းဦးလေး”
“ဟိုလေ ဒီခြံထဲ မျောက်တွေဘာတွေလာတတ်လား”
“ဘာလဲနန်းဦး တွေ့လို့လား
အနောက်ခြံလောက်တခါတလေ မျက်စိလည်လမ်းမှားပြီး ရောက်လာတတ်ပေမယ့် အိမ်နားထိတော့ ရောက်မလာဖူးဘူး “
“သြော်”
“နန်းဦးအပြင်သွားချင်လို့ဒေါ်ဥ”
“ကိစ္စရှိလို့လား နန်းဦး ဦးတူကို ခေါ်ပြီးအိမ်က ကားနဲ့သွားလိုက်လေ”
“ကျတော် ဆိုက္ကားပဲ ငှားသွားလိုက်မယ်
ဒေါ်ဒေါ်ဥ စာအုပ်ဆိုင်ပဲသွားမှာ
ကျွန်းလှမပြန်ခင် စာအုပ်လေးတွေဝယ်သွားချင်လို့”
“စန်းစန်းကို အဖော်ခေါ်သွားလေ”
“ကျတော် ကလေးမဟုတ်ပါဘူး ဒေါ်ဒေါ်ဥရယ် ဒီရပ်ကွက်ဘက်မကျွမ်းပေမယ့် ကောလိပ်အဝေးသင်တက်တုန်းက ရွှေဆောင်အနှံ့လျှောက်သွားဖူးပါတယ်နော်”
“အေးပါကွယ် နန်းဦးလေးက နုနုနယ်နယ်ဆိုတော့ တစ်ယောက်တည်း စိတ်မချလို့ပါကွယ်”

ဒေါ်ဥ ပြောသည့်
နုနုနယ်နယ်ဆိုသော ယောကျာ်းလေးမှာ အရပ်ငါးပေရှစ်လက်မခန့်ရှိကာ အရပ်ငါးပေသာရှိသော ဒေါ်ဒေါ်ဥက မော့ကြည့်နေရသူဖြစ်လေသည်။
ဦးတူးက လိုက်ပို့မည်ဆိုသော်လည်း နန်းဦး က လက်မခံသဖြင့် ပို့ခွင့်မရပေ။
ပိုဆံအိတ်ဘအပြားလေးအား ကိုင်လျက် လမ်းထိပ်အထိ လမ်းလျှောက်ရသေးသည်။
ဆိုက္ကားဂိတ်ရောက်သည်နှင့်
အသက်ကြီးကြီး ဆိုက္ကားနင်းသူအား ကြည့်၍ ငှားလိုက်သည်။

“အဘိုး ကျတော် မြို့ထဲဘက်သွားချင်လို့”
“ဘယ်သွားမှာလဲလူလေး “
“စျေးကြီး မျက်စောင်းထိုးနားက ပညာရွှေအိုး စာအုပ်ဆိုင် အဘိုး”
“အင်း တက်လူလေး”

နန်းဦး က ဆိုက္ကားစီးရတာ သဘောကျသည်မို့ ဘယ်လောက်ဝေးဝေး မပျင်းပေ။
ဆိုက္ကားနင်းသည့်အဘိုးမှာ အသက်ငါးဆယ်ခန့်ရှိပြီဖြစ်ကာ မနှေးမမြန် ဖြေးဖြေးမှန်မှန်လေးနင်းနေ၏။

“လူလေးက ဒီကဟုတ်ပုံမရဘူး “
“ဟုတ်တယ်အဘိုး ကျတော်က ကျွန်းလှကလာတာ ခုလောလောဆယ် ခေမာမြိုင်မှာ ခဏနေတာ”
“ခေမာမြိုင် နှစ်ဆောင်ပြိုင်ကိုပြောတာလား”
“ဟုတ်တယ် အဘိုး”
“သြော် ခေမာမြိုင်မှာ ဧည့်သည်လည်းရှိသေးတာကိုး”
“ဘာလို့လဲ အဘိုး”
ဆိုက္ကားနင်းနေသည့်အဘိုးမှာ သက်ပျင်းတစ်ချက်ဝူးကနဲချကာ နန်းဦး အားအကဲခတ်နေ၏။
ပြောသင့်မပြောသင့်ချင့်ချိန်နေပုံရသည်။

“ပြောလို့ရပါတယ် အဘိုးရဲ့ ကျတော်က နောက်တစ်ရက်လောက်နေရင် ကျွန်းလှကိုပြန်တော့မှာ”
“အင်း ခေမာမြိုင်က ရွှေဆောင်မှာ ချမ်းသာလို့ နာမည်ကြီးသလို
သရဲခြောက်တယ်လို့လဲ
နာမည်ကြီးတယ်”
“ဗျာ”
“လူလေးက ဒီမြို့က မဟုတ်လို့ သိပုံမရဘူး ​ခေမာမြိုင်က အစဥ်အဆက်တည်းက သူတို့ မိသားစု ထဲက တစ်ယောက်ယောက်သေရင် သူတို့ခြံထဲမှာပဲမြှုပ်တယ် အိတ်အလွတ်ရဲ့ နောက်ဘက်ခြံထောင့်မှာ အုတ်ဂူတွေရှိတယ်တဲ့ နေညိုရင် ဘယ်သူမှ ခြံရှေ့က
ဖြတ်
မလျှောက်ရဲဘူး သခင်မကြီးရဲ့သမီးဟာ ခြံထဲမှာ မကျွတ်မလွတ်ပဲ လျှောက်သွားနေတာတဲ့ နောက်ပြီး ကားအက်စီးဒင့်နဲ့သေ သွားတဲ့ သခင်မကြီးရဲ့သမက်နဲ့မွေးစားသားလည်း ကျွတ်ချင်မှကျွတ်မှာ ပြောရင်းကျောချမ်းလာပြီ”

ဆိုက္ကားဆရာမှာ သဘောရိုးနဲ့ပြောနေတာဖြစ်သော်လည်း နန်းဦးမှာ
ဟိုနေ့က ခြံအနောက်ဘက် တွင်ကြားခဲ့​သော မိန်းမတစ်ယောက်၏ ရယ်သံစူးစူးအား ပြန်ကြားယောင်လာကာ
ခေါင်း နပန်းကြီးသွားရသည်။
နေ့လယ် ကထမင်းစားနေရင်းနဲ့လည်း
ပြတင်းပေါက်ကို ကျောက်ခဲနဲ့လာပစ်သေးသည်။
မဟုတ်လောက်ပါဘူး
တိုက်ဆိုင်တာနေမှာ
ခေမာမြိုင်က သူတို့ဘာသာ တစ်သီးတစ်သန့်နေတတ်လို့ ဒီလိုသတင်းထွက်တာဖြစ်လိမ့်မည်။
နန်းဦး မှာ စာအုပ်ဆိုင်ရောက်သည်အထိ စိတ်နဲ့ကိုယ်မကပ်ပဲ
ဆိုက္ကားသမား အဘိုးပြောသည်များအား ထပ်တလဲလဲကြားယောင်နေ၏။
ဆိုက္ကားသမားအဘိုးအား
အသွားရောအပြန်ရောအတွက် ငှားခကို တန်ကြေးထက်ပိုပေးလိုက်သည်။  အိမ်ကြီးရှေ့မလိုက်သဖြင့် လမ်းထိပ်မှာ နားခိုင်းလိုက်ကာ
အိမ်လမ်းထဲ ခြေဖြင့်ပင်လျှောက်ဝင်လိုက်သည်။

“တီ.. တီ..တီ”
“တီ တီ”

နောက်မှကားဟွန်းသံကြောင့် နန်းဦး ဘေးတွင်ကပ်၍ရပ်လိုက်သည်။
ကားပြတင်းတစ်ဖက်မှ မမမျက်နှာလေးပေါ်လာ၏။
ကိုကိုက ကုမ္ပဏီက အပြန် မမအားကျောင်းတွင် ဝင်ကြိုခဲ့ပုံရသည်။

“တက်လေ သားသား ဘယ်ကပြန်လာတာလဲ”
“စာအုပ်ဆိုင်ကမမ သွားနှင့်လေ
အိမ်လည်းရောက်ခါနီးနေပြီကို ကျတော်လိုက်ခဲ့မယ်”

ကားမောင်းသူမှာ နန်းဦး မတက်မချင်း ကားအားရွေ့မည့်ပုံမရကာ စက်ပင်သတ်လိုက်လေသည်။
နန်းဦး ကားထဲရောက်မှ စက်ပြန်နှိုးကာ
လျှောကနဲမောင်းထွက်သွားလေသည်။
ခြံဝရောက်တော့
ဦးလေးတူးက တံခါးအသင့်ဖွင့်ထားတာ
လေသည်။
နန်းဦး အိမ်အလွတ်ကြီးအားအမှတ်တမဲ့ငေးကြည့်လိုက်ရာ
လေ လည်း မတိုက်ပဲ အပေါ်ထပ်မှန်ပြတင်းမှ လိုက်ကာစကြီးမှာ တစ်စုံတစ်ယောက်ဆွဲခါလိုက်သလို
ဝဲခါသွားတာတွေ့လိုက်ရလေသည်။
တကယ်ပဲ ခေမာမြိုင်မှာ
ပုံမှန်မဟုတ်တဲ့ကိစ္စတွေရှိနေတာလား။
ကိုကို ပြော တဲ့မျောက်တွေဆိုတာရော
တကယ်မျောက်ဟုတ်လို့လား
နန်းဦး ခေါင်းထဲ သံသယတွေတစ်သီတစ်တန်းကြီးဝင်လာလေသည်။

“မဆင်းဘူးလား”

နန်းဦးမျက်နှာနားငုံချကာ ပြောလာသူကြောင့် နန်းဦးမှာ အတွေးများ ပြတ်တောက်သွားလေသည်။

“အာ “
“ရေမိုးချိုး ပြီး ​ပြင်ဆင်ထားလိုက် ခဏနေ ပါတီသွားဖို့ လာခေါ်မယ်”
“ဘယ်ကိုလဲ”
“လိုက်သွားလိုက် သားသား
မမ မလိုက်နိုင်တော့ဘူး ကျောင်းမှာ အောင်စာရင်းကိစ္စတွေနဲ့ တစ်နေကုန်မနားရဘူး ညောင်းချိနေပြီ”

ငြင်းရန်ပြင်လိုက်ပြီးမှ မမကပါဝင်ပြောသည်မို့ မငြင်းဖြစ်လိုက်တော့။
နောက်ရက်ပြန်တော့မှာကို
ကိုကို့ နားခဏလေးဖြစ်ဖြစ်ရှိရမည်။
ဒီတစ်ခေါက်ပြီးရင် ကိုကိုနဲ့ နီးနီးကပ်ကပ်နေဖို့ အခွင့်ရေးမရှိတော့တာလည်းဖြစ်နိုင်သည်မဟုတ်လား။

မိုချီ(ခတ္တလူ့ပြည်)

Tags: read novel Wrong Time Right Person(Completed) part7(unicode), novel Wrong Time Right Person(Completed) part7(unicode), read Wrong Time Right Person(Completed) part7(unicode) online, Wrong Time Right Person(Completed) part7(unicode) chapter, Wrong Time Right Person(Completed) part7(unicode) high quality, Wrong Time Right Person(Completed) part7(unicode) light novel, ,

Comment

Leave a Reply

Chapter 14